menu

အာလူး ကို စနစ်တကျစိုက်ကြပါစို့


🌿🥔🌿🥔🌿🥔🌿🥔🌿🥔🌿

 ✔️အာလူးကို ရှမ်းပြည်နယ်၊ ရန်ကုန်၊ပဲခူး၊ ဧရာဝတီ၊ မွန်၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးဒေသတွေမှာ မိုးအာလူး၊စက ဆောင်းအာလူးအဖြစ် စိုက်ပျိုးကြပါတယ်။ တချို့ မြစ်ကမ်းနံဘေးရှိ ဒေသတွေမှာ မိုးရာသီရေလျှံပြီး မိုးအကုန် ရေပြန်ကျသွားတဲ့ မြေနုကျွန်းတွေမှာ ဆောင်းအာလူးအဖြစ် စိုက်ပျိုးလေ့ ရှိကြပါတယ်။ အာလူးမျိုးအနေနဲ့ကတော့ လက်ရှိမှာ စစ်ဗိုလ်မျိုး၊ မဟာမိတ်မျိုးများအပြင် ၁၉၉၅-၉၆ ခုနှစ်ကစ၍ တစ်သျှူးနည်းနဲ့ မျိုးပွားရရှိလာတဲ့ မျိုးလေးမျိုး၊ ပါကစ္စတန်အာလူးမျိုးရှစ်မျိုး၊ နယ်သာလန်မျိုးတစ်မျိုးတို့ကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနေပြီဖြစ်ပါတယ်။

 ✔️အာလူးကြိုက်နှစ်သက်တဲ့ မြေအမျိုးအစားကတော့ မြေနီ၊ နုန်းတင်မြေနု၊ ခဲမြေနက် မြေများမှာ ကောင်းစွာဖြစ်ထွန်းပြီး အထွက်ကောင်းတာ တွေ့ရပါတယ်။ မြေချဉ်ငန်ဓာတ် (၅ .၅ - ၆ .၅) မှာ ကောင်းစွာဖြစ်ထွန်းပြီး မြေချဉ်ငန်ဓာတ် (၄ - ၅ .၅) ရှိတဲ့မြေမှာ စိုက်တဲ့အာလူးဟာ အထားခံတာတွေ့ရပါတယ်။ အာလူးဟာ ရာသီဥတုအေးပြီး မိုးအသင့်အတင့်အခြေအနေကို နှစ်ခြိုက်တာ တွေ့ရပါတယ်။ မိုးရေချိန်လက်မ (၄၀- ၈၀) ရွာသွန်းရင် အထွက်ကောင်းတာတွေ့ရပါတယ်။ အပူချိန် (၁၆ - ၂၇) ဒီဂရီစင်တီဂရိတ်အတွင်းမှာ ကောင်းစွာဖြစ်ထွန်းပြီး ၃၀ ဒီဂရီစင်တီဂရိတ်ကျော်ရင် အပင်ကြီးထွားနှုန်း နှေးကွေးပြီး အထွက်နှုန်းထိခိုက်နိုင်ပါတယ်။

 ✔️အာလူးမျိုးစေ့နှုန်းအသုံးပြုရမဲ့ နှုန်းကတော့ မိုးအာလူးအတွက် (ယာမြေ) တစ်ဧကမျိုး ပိဿာ ၆၅၀၊ ရေအာလူးအတွက် ပိဿာ ၆၀၀၊ ဆောင်းအာလူးအတွက် ပိဿာ ၇၀၀ အသုံးပြုမှာဖြစ်ပါတယ်။ တစ်ဧက မြေသြဇာနှုန်းကတော့ သဘာဝမြေသြဇာ နွားလှည်းအစီး ၃၀၊ (၁၅း၁၅း၁၅) အချိုး ကွန်ပေါင်းမြေသြ ဇာ လေးအိတ်နှုန်း အသုံးပြုဖို့လိုပါတယ်။ အာလူးစိုက်ပျိုးသင့်တဲ့ အချိန်ကတော့ မိုးအာလူးဆိုရင် မတ်လ၊ ဧပြီလ၊ ရေအာလူးဆိုရင်တော့ ဇန်နဝါရီလ၊ဖေဖော်ဝါရီလ၊ စကအာလူးဆိုရင်တော့ ဇူလိုင်လ၊ သြဂုတ်လ၊ ဆောင်းအာလူးဆိုရင်တော့အောက်တိုဘာလ၊ နိုဝင်ဘာလတွေမှာ စိုက်ပျိုးသင့်ပါတယ်။

 ✔️အာလူးစိုက်ပျိုးဖို့ မြေယာပြုပြင်မယ်ဆိုရင် ထယ်ရေးနက်နက် ညက်ညက်ရရှိအောင် ထယ် တစ်စပ်မှ နှစ်စပ် ထပ်ပြီး ထွန်ခြောက်စပ်မှ ရှစ်စပ်ရအောင် မွှေပေးဖို့လိုပါတယ်။ ပေါင်းမြက်ကို ပြောင်စင်အောင် ထွန်စိပ်တိုက်၊ လက်နဲ့ကောက်ပြီး မြေသိပ်သွားအောင် ကျမ်းတုံးရိုက်ညှိထားဖို့ လိုအပ်ပါတယ်။ အာလူးကို စိုက်ပျိုးတဲ့နေရာမှာဒေသလိုက်ပြီး စိုက်ပျိုးနည်းများ ကွာခြားလေ့ရှိပါတယ်။ ရှမ်းပြည်နယ်မှာ ဆိုရင် ရေသွင်းစိုက်နည်းနဲ့ ကုန်းစိုက်အာလူးနှစ်မျိုးရှိပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းဒေသတွေမှာ ယာမြေအာလူး၊ ရေကျကျွန်းအာလူး စိုက်ပျိုးခြင်းနဲ့ သဲသောင်ခုံအာလူးစိုက်ပျိုးခြင်း များ ရှိပါတယ်။

 ✔️အာလူးမစိုက်ပျိုးမီ မျိုးကို သေချာရွေးဖို့လိုပါတယ်။ ရောဂါကင်း၊ အပုပ်အနာအဆာကင်းတဲ့မျိုးကို ရွေးချယ်ဖို့ လိုပါတယ်။ မျက်စိတိမ်ပြီး မျက်စိအရေအတွက်နည်းတဲ့ အာလူးမျိုးကို ရွေးချယ်ပါက အပင်ပေါက်စုံ၍ အပင်ပေါက်အားကောင်းတာတွေ့ရပါတယ်။ မျိုးကို တချို့က အာလူးလိုက်၊ တချို့က မျက်စိအပိုင်းလေးများ ခွဲခြမ်း၍ အခြမ်းလိုက်စိုက်ပျိုးကြပါတယ်။ အာလူးမျိုးများကို မှိုရောဂါ၊ ပင်ပုပ် ရောဂါ ကင်းဝေးစေဖို့ မျိုးစေ့လူးနယ်ဆေးနှင့် စိမ်ပြီးမှ စိုက်ပျိုးဖို့လိုအပ်ပါတယ်။ 

 ✔️အာလူးကိုတန်းကြား ၂. ၅ မှ ၃ ပေ၊ ပင်ကြားခြောက်လက်မမှ ကိုးလက်မကြား အတန်းလိုက်စိုက်ပျိုး ရပါမယ်။ တစ်ဧက အာလူးပိဿာ ၃,၀၀၀ မှ ၇,၀၀၀ အထိ ထွက်ရှိစေဖို့ တစ်ဧက အပင် ၂၅,၀၀၀ မှ ၃၀,၀၀၀ ရရှိအောင် ဂရုစိုက်စီမံဖို့လိုအပ်ပါတယ်။ အာလူးတစ်ပင်မှ ပျမ်းမျှ ၂၅-၃၀ ကျပ်သား ထွက်ရှိဖို့ လိုအပ်ပါတယ်။ 

 ✔️သဘာဝမြေသြဇာနဲ့ ဓာတ်မြေသြဇာ ထည့်ရာမှာ မြေယာပြုပြင်ချိန်မှာ မြေခံအဖြစ် သဘာဝမြေသြဇာ နွားလှည်းအစီး ၃၀ နှင့် ၁၅ ပတ်လည်ကွန်ပေါင်းမြေသြဇာ တစ်အိတ်ခွဲ ထည့်ဖို့လိုအပ်ပါတယ်။ အာလူးအပင်ပေါက်ပြီး နှစ်ပတ်သားမှာ ပေါင်းလိုက်မြေဆွရင်း ၁၅ ပတ်လည်ကွန်ပေါင်း မြေသြဇာ တစ်အိတ်၊ အာလူးပင်တစ်လသားမှ ၄၅ ရက်သားမှာ တစ်အိတ် ထည့်ပြီးဘောင်တင်ပေးဖို့လိုပါတယ်။ ရက် ၆၀ သားမှာ အိတ်ဝက် စတုတ္ထအကြိမ် ထည့်ပေးဖို့လိုအပ်ပါတယ်။ 

 ✔️အာလူးဥစချချိန်မှာ ရေသွင်းပေးနိုင်ရင် အထွက်ပိုကောင်းပါတယ်။ အာလူးပိုးမွှား ရောဂါကတော့ ပင်ဖြတ်ပိုး၊ နှစ်ဆယ့်နှစ်ပြောက်ကျိုင်း၊ ဥထိုးဖလံများကို ကြိုတင်ကာကွယ်နှိမ်နင်းဖို့ လိုအပ်ပါတယ်။ အာလူးနှောင်းပင်နာကျရောဂါနဲ့ စောပင်နာကျရောဂါကို မှိုသတ်ဆေးတွေနဲ့ ကာကွယ်နှိမ်နင်းနိုင်ပါတယ်။သို့ပါ၍ မိသားစုစားဖိုဆောင်အတွက်မရှိမဖြစ် စွယ်စုံသုံးအာလူးကို စနစ်တကျစိုက်ကြပါလို့ တိုက်တွန်း လိုက်ရပါတယ်။

အောင်ဆန်း(စိုက်ပျိုးရေး)

မြန်မာတောင်သူကြီးများဂျာနယ်

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်