menu

အာလူး စိုက်ပျိုးနည်း


🌿🥔🌿🥔🌿🥔🌿🥔🌿🥔🌿

မြန်မာအမည် - အာလူး

အင်္ဂလိပ်အမည် - POTATO

ရုက္ခဗေဒအမည် - Solanum tuberopsum

မျိုးရင်းအမည် - SOLANACEAE

နိဒါန်း
-----
အာလူးသီးနှံသည်အာဟာရတန်ဖိုးမြင့်မားသောကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် အဓိကအစားအစာ အဖြစ်စားသုံးလျှက်ရှိသောသီးနှံဖြစ်ပါသည်။ မြန်မာ့အာလူးစိုက်ဧရိယာ၏ (၇၅) ရာခိုင်နှုန်းကျော်ကို ရှမ်းပြည်နယ်တွင် စိုက်ပျိုးပြီး စိုက်ပျိုးသူအတွက်အကျိုးအမြတ်ရှိသည့်သီးနှံဖြစ်သည့်အပြင် စားသုံးသူ တို့အတွက်လည်းအာဟာရတန်ဖိုး မြင့်မားသဖြင့် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်သောဒေသ များ၌ တိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။ အခြားစိုက်ပျိုးသောဒေသများမှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း(ဟင်္သာတ) တို့တွင် စိုက်ပျိုးကြပါသည်။

မူရင်းဒေသ
---------
တောင်အမေရိကတိုက်၏ ပီရူးနိုင်ငံသည်အာလူးသီးနှံ၏ မူရင်းဒေသဖြစ်ပါသည်။ တောင်အမေရိကတိုက် မှ ဥရောပတိုက်သို့ (၁၆)ရာစုနှစ်တွင် စတင်ရောက်ရှိလာပါသည်။

ရာသီဥတု
--------
အာလူးသီးနှံသည် အေး၍သမရာသီဥတုကိုကြိုက်နှစ်သက်ပါသည်။ မိုးရေချိန်(၄၀-၈၀)လက္မအတွင်း ရွာသွန်းသောဒေသများတွင် ဖြစ်ထွန်းပါသည်။ ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေရရှိသည့်ဒေသများတွင် ဆောင်းရာသီ၌စိုက်ပျိုးကြပါသည်။ အာလူးစိုက်ပျိုးဖြစ်ထွန်းသည့် အသင့်တော်ဆုံးအပူချိန်မှာ (၁၆-၂၇) ဒီဂရီစင်တီဂရိတ်ဖြစ်၍ (၂၈) ဒီဂရီစင်တီဂရိတ် ထက်ကျော်လွန်ပါက အပင်ကြီးထွားမှုနှေးကွေးသွား ပါသည်။ အာလူးဥဆင်းမှုနှင့် ဥကြီးထွားမှုအတွက် နေ့ နှင့် ည အပူချိန်ကွာခြားမှုမှာ အနည်းဆုံး(၁၅) ဒီဂရီစင်တီဂရိတ် ရှိရန်လိုအပ်ပါသည်။ အာလူးပင်၏သက်တမ်းမှာ ပုံမှန်အားဖြင့် ၃လခွဲ - ၄လ အတွင်း ရှိပြီး နေ့တာရှည်ပါက သက်တမ်းအနည်းငယ်ပိုရှည်၍ နေ့တာတိုပါက သက်တမ်းအနည်းငယ်တိုပါသည်။

မြေအမျိုးအစား
-------------
အာလူးသီးနှံကို မြေနီ၊ နုန်းတင်မြေ၊ ခဲမြေနက်မြေမျိုးတွင် ကောင်းစွာစိုက်ပျိုးနိုင်ပါသည်။ မြေစေးမြေ တွင်အာလူးစိုက်ပျိုးရန်မသင့်ပါ။ အာလူးစိုက်ပျိုးရန်အသင့်တော်ဆုံးမြေ၏ pH မှာ (၅.၅ - ၆.၅) အတွင်း ဖြစ်ပါသည်။ မြေအချဉ်ဓာတ်နိမ့်ပါက အသင့်တော်ဆုံးမြေ၏ pH ရရှိစေရန် ထုံးထည့်ပေးရန်လိုအပ်ပါ သည်။

အာလူး စိုက်ပျိုးချိန်များ
-------------------
ရှမ်းပြည်နယ်တွင် မိုးအာလူးကို ယာမြေများ၌ မတ်လ-ဧပြီလ တွင် စိုက်ပျိုးကြပြီး ဩဂုတ်-စက်တင်ဘာလ များတွင် တူးဖော်ကြပါသည်။ စကအာလူးအဖြစ် ယာမြေများတွင် ဇူလိုင်လ-ဩဂုတ်လ တွင် စိုက်ပျိုးကြပြီး နိုဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် တူးဖော်ကြပါသည်။ ဆောင်းရာသီတွင် ရေရရှိသောနေရာများ၌ ဇန်နဝါရီလ နှင့် ဖေဖေါ်ဝါရီလတွင် စိုက်ပျိုးကြပြီး ဧပြီလ နှင့် မေလများတွင် တူးဖော်နိုင်ပါသည်။ မြေပြန့်ဒေသများဖြစ်သည့် မန္တလေးတိုင်း၊ မကွေးတိုင်း(ဆင်ဖြူကျွန်း) ဒေသများတွင် ကျွန်းမြေ နှင့် သဲချောင်းများ၌ အောက်တိုဘာလ နှင့် နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဇန်နဝါရီလ နှင့် ဖေဖေါ်ဝါရီလများတွင် တူးဖော်ကြပါသည်။ 

စိုက်ပျိုးသောမျိုးများ
------------------
အများဆုံးစိုက်ပျိုးသောမျိုးမှာ စစ်ဗိုလ်မျိုးဖြစ်ပြီး အာလူးဥပုံသဏ္ဍာန်မှာ ဘဲဥပုံနှင့် လုံးဝိုင်းပုံရှိ၍ စိုက်ပျိုးသည့်ဒေသများအပေါ်မူတည်ပြီး ဖားမျိုး၊ အဝိုင်းမျိုးဟု ခေါ်ဝေါ်ကြပါသည်။ မဟာမိတ်မျိုး(Ally) အာလူးဥပုံသဏ္ဍာန်မှာ လုံးရှည်ပုံရှိပြီး ပင်လောင်းမြို့နယ်တွင်စိုက်ပျိုးကြပါသည်။ ဒေသမျိုးဖြစ်သည့် မြက်ဆန်နီမျိုး(သို့မဟုတ်) ရှမ်းမျိုးသည် အာလူးဥအရွယ်အစားသေးပြီး လုံးဝိုင်းပုံသဏ္ဍာန်ရှိပြီး စိုက်ပျိုးမှုနည်းပါးပါသည်။

မြေပြုပြင်ခြင်း
------------
ထယ်ရေး(၈)လက်မအနက်ရရန် ထယ်နှစ်ကြိမ်ထိုးပေးရသည်။ ထို့နောက်ထွန်(၄)စပ်အထိ ထွန်မွှေ ပေးပြီး ပေါင်းမြက်ကင်းစင်အောင်ကောက်ပစ်ရပါမည်။ နောက်ဆုံးတွင်ကြမ်းတုံးရိုက်၍ မြေသိပ်ထား ရသည်။

မျိုးစေ့နှုန်း
--------
အာလူးမျိုးတွင် မျိုးစုနားနေချိန်(Tuber Dormancy) (၂-၃)လခန့်ရှိပါသည်။ ထို့ကြောင့်ချက်ချင်း တူးဖော်ပြီး အာလူးမျိုးဥများကို မျိုးအဖြစ်ချက်ချင်းစိုက်ပျိုး၍ မရပါ။ တူးဖော်ပြီးအာလူးမျိုးများကို (၂-၃)လ ခန့် အမှောင်ခန်းတွင် စနစ်တကျသိုလှောင်ရန်လိုအပ်ပါသည်။ မျိုးဥအရွယ်အစားမှာ လုံးလတ် အရွယ်အစားရှိရန်လိုပြီး စိုက်ပျိုးချိန်မတိုင်မီ တစ်ပတ်အလိုတွင် မျိုးဥများကိုအနည်းဆုံး မျက်စေ့(၂)ခုခန့်ပါအောင်ခွဲစိတ်၍ စိုက်ပျိုးပါက မျိုးလိုအပ်ချက် ပိဿာ လျော့နည်းသွားပါမည်။ 

တစ်ဧကအတွက် မျိုးလိုအပ်ချက်မှာ .....
 မိုးအာလူး (ယာမြေ) - ၅၀၀ ပိဿာ
 ရေ အာလူး - ၆၀၀ ပိဿာ
 ဆောင်း အာလူး - ၇၀၀ ပိဿာ နှုန်း ဖြစ်ပါသည်။

မြေဩဇာသုံးစွဲခြင်း
----------------
တစ်ဧကအတွက် မြေဩဇာ အသုံးပြုရန်မှာ .....
 (က) သဘာဝမြေဩဇာ - နွားလှည်း (၂၀-၂၅) စီး
 (ခ) ဓာတ်မြေဩဇာ - ယူရီးယား (၂၂၄)ပေါင်၊ တီစူပါ (၃၃၆)ပေါင်၊ ပိုတက်ရှ် (၂၂၄)ပေါင် နှုန်းဖြစ်ပါသည်။

စိုက်ပျိုးခြင်း
----------
အာလူးစိုက်ပျိုးခြင်းကို ရှမ်းပြည်နယ်တွင် ရေသွင်းစိုက်ပျိုးနည်း နှင့် ကုန်းစိုက်ပျိုးနည်းဟူ၍ နည်းနှစ်နည်းဖြင့် စိုက်ပျိုးကြပါသည်။ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ကျွန်းမြေ၌ စိုက်ပျိုးနည်း နှင့် သဲချောင်းများ၌စိုက်ပျိုးနည်းတို့ဖြင့်စိုက်ပျိုးလေ့ရှိကြပါသည်။ အပုပ်အနာကင်းသော မျိုး၊ မျက်စိတိမ်၍ မျက်စိနည်းသောမျိုးကို ရွေးချယ်ရမည်။ အာလူးကို အလုံးလိုက်သော်လည်းကောင်း၊ ခွဲစိတ်၍သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ တန်းကြား(၂.၅)ပေ၊ ပင်ကြား(၆-၉)လက်မ ခြား၍ စိုက်ပျိုးပါက (၁)ဧကတွင် အပင်ဦးရေ (၂၅,၀၀၀ မှ ၃၅,၀၀၀) ဝင်ဆန့်ပါသည်။

ရေသွင်းစိုက်ပျိုးနည်း
------------------
ရေသွင်းစိုက်ပျိုးနည်းကို ကလောမြို့နယ်၊ ဟဲဟိုးချိုင့်ဝှမ်း တွင်သာစိုက်ပျိုးလေ့ရှိကြပါသည်။ ရေပေးသွင်း၍ ရေအာလူး(ဆောင်းအာလူး)အဖြစ် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီလများတွင်သာ စိုက်ပျိုးကြပါသည်။ 

ကုန်းစိုက်ပျိုးခြင်း
--------------
ကုန်းစောင်းဆင်ခြေလျော မြေနီသဲဝှမ်းမြေမျိုးတွင် စိုက်ပျိုးလေ့ရှိပါသည်။ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်း၊ ကလော၊ ပင်းတယ၊ ရွာငံမြို့နယ်များတွင် မိုးအာလူးအဖြစ် မတ်လ၊ ဧပြီလများတွင် စိုက်ပျိုးကြပါသည်။

ကျွန်းနှင့်သဲချောင်းစိုက်ပျိုးခြင်း
---------------------------
မြစ်ဝကျွန်းပေါ်ဒေသများတွင် မြစ်ရေကြီးပြီး မြစ်ရေကျသွားချိန်တွင် နုန်းတင်‌မြေနုများ၌ ကိုင်းအာလူးအဖြစ်စိုက်ပျိုးလေ့ရှိပါသည်။ ကိုင်းအာလူးကို အောက်တိုဘာ၊ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။

အပင်ပြုစုခြင်း
------------
ရေအာလူး(ဆောင်းအာလူး)ကို စိုက်ပြီး (၄၅)ရက်သားတွင်တစ်ကြိမ်၊ (၆၀)ရက်သားတွင်တစ်ကြိမ် အပင်သက်တမ်းတစ်လျှောက်တွင် မဖြစ်မနေ(၂)ကြိမ် ရေသွင်းပေးရပါမည်။ ရေမသွင်းမီ ကြားပေါင်းလိုက်ခြင်းနှင့် ယူရီးယားမြေဩဇာကျွေးခြင်း တို့ကိုတစ်ပြိုင်နက်ဆောင်ရွက်ပေးပြီး ဘောင်တင်ပေးရပါမည်။

ကုန်းအာလူးကို တောင်စောင်းဆင်ခြေလျောများတွင် မိုးရေကိုအားထား၍ စိုက်ပျိုးခြင်းဖြစ်သဖြင့် ရေသွင်းခြင်းကိုအထူးဆောင်ရွက်ရန်မလိုပါ။ စိုက်ပြီး(၃၀)ရက်သားခန့်တွင် ပေါင်းလိုက်ပေးရပါမည်။ တစ်လနှစ်ကြိမ်ခန့် ပေါင်းလိုက်ပေးနိုင်လျှင်ပိုကောင်းပါသည်။ ပေါင်းလိုက်ခြင်းနှင့် ဘောင်တင်ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးရပါမည်။

ကိုင်းအာလူးကို မြစ်ဝကျွန်းပေါ်ဒေသ မြစ်ကမ်းပါးသောင်ပြင်များတွင် မြစ်ရေကျချိန်၌နုန်းတင်မြေနုများ တွင်စိုက်ပျိုးကြသဖြင့် မြေဩဇာအဖြစ် ယူရီးယားအနည်းငယ်သာကြဲပက်ပေးရန်လိုပြီး စိုက်ပြီး(၄၅)ရက် တွင်တစ်ကြိမ်၊ ရက်(၆၀)တွင်တစ်ကြိမ် ကြဲပက်ပေးရပါမည်။ ရေသွင်းပေးရန်လုံးဝမလိုပါ။

ရေပေးသွင်းခြင်း
--------------
မိုးရာသီတွင်စိုက်ပျိုးသောအာလူးများကို ရေပေးသွင်းရန်မလိုအပ်ပါ။ ဆည်ရေ၊ ချောင်းရေ၊ မြောင်းရေ ရရှိသည့် ဒေသများတွင် ဆောင်းရာသီတွင်စိုက်ပျိုးပါက မြေအမျိုးအစားနှင့် အပင်သက်တမ်းပေါ် မူတည်ပြီး ရေသွင်းသည့်အကြိမ် (၃-၅)ကြိမ်ရေပေးသွင်းရန်လိုအပ်ပါသည်။ အောက်မြန်မာပြည် ဒေသများ၌ အာလူးစိုက်ပျိုးပြီး အပင်ပေါက်ရရှိစေရန် စိုက်ပြီးတစ်ပတ်အတွင်း မဖြစ်မနေရေပေးသွင်း သင့်ပါသည်။ အပင်ပေါက်စုံသည်အထိမြေတွင်းအစိုဓာတ်မပြတ်စေဖို့ ဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ရေပေးသွင်းသည့်အခါ အာလူးစိုက်ဘောင်များကြားတွင် ကြာရှည်စွာရေဝပ်ခြင်း၊ ရေစိမ့်ခြင်းများမရှိ စေရန် ဂရုစိုက်ရပါမည်။ ရေဝပ်၊ ရေစိမ့်ခြင်းများရှိပါက အာလူးမျိုးဥများပုပ်၍ ပျက်စီးသွားနိုင်ပါသည်။

ပိုးမွှား ရောဂါ ကာကွယ်ခြင်း
-------------------------
အာလူးစိုက်ခင်းများတွင် အဓိကကျရောက်သည့်ဖျက်ပိုးမှာ 28-Spottet Beetle ခေါ် ၂၈ ပြောက်ကျိုင်း ကျရောက်ပါသည်။ မိုးရာသီတွင် မိုးနည်းပြီးခြောက်သွေ့သော ကာလများနှင့် ဆောင်းရာသီတွင် ခြောက်သွေ့သောကာလများ၌ကျရောက်တတ်ပါသည်။ ၎င်းဖျက်ပိုးကို “ရော့ကက်၊ အီမာလန်ဒါ” ဆေးတစ်မျိုးမျိုးအသုံးပြု၍နှိမ်နင်းရပါမည်။ ထို့ပြင် ပျ၊ ဖြုတ်၊ ယင်ဖြူ နှင့် စုပ်စားပိုးများကျရောက်ခြင်းမှ ကာကွယ်နှိမ်နင်းရန် “အေမီဒါ၊ ကေလာ” ပိုးသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုရပါမည်။ 

အာလူးစိုက်ခင်းတွင် အဓိကကျရောက်တတ်သည့်ရောဂါမှာ Early Blight(စောပင်နာကျရောဂါ)၊ Late Blight(အာလူးလောင်မဲ၊ နှောင်းပင်နာကျရောဂါ) နှင့် Bacteria wilt ခေါ် ပင်ညှိုးရောဂါများဖြစ်ပါသည်။ Late Blight ခေါ် နှောင်းပင်နာကျရောဂါသည်မှိုကြောင့်ဖြစ်ပြီး မိုးရာသီ၌လေထုတွင် စိုထိုင်းဆများပါက ရောဂါဖြစ်ပွားမှုမြန်ဆန်ပြီးအာလူးခင်းများပျက်စီးသည်အထိ ကျရောက်တတ်ပါသည်။ ၎င်းရောဂါကို ကာကွယ်ရန် “ကာဗာ၊ စူပါမော့၊ ဆိုင်မောက်” မှိုသတ်ဆေး တစ်မျိုးမျိုးကို ရောဂါကျရောက်သည့် အနေအထားပေါ်မူတည်၍ ပက်ဖျန်းပေးရပါမည်။ Early Blight ခေါ် စောပင်နာကျရောဂါသည် ရာသီဥတုခြောက်သွေ့ပြီး အနည်းငယ်စိုစွတ်သည့် ကာလများတွင် ကျရောက်တတ်ပါသည်။ ၎င်းရောဂါကိုကာကွယ်နှိမ်နင်းရန် “ကာဗာ၊ ဇိုလာ၊ ဟက်ဇာဂွန်” မှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါသည်။ Bacteria wilt (အာလူးပင်ညှိုးရောဂါ) သည် ဘက်တီးရီးယားကြောင့်ဖြစ်ပွားပြီး “ကျူပရိုမက်စ်၊ ကာစင်၊ ဘာလီဆိုဒ်” ဆေးများကို အလှည့်ကျ ပက်ဖျန်းအသုံးပြုနိုင်ပါသည်။ ထို့ပြင် အာလူးပင်ညှိုးရောဂါ ကာကွယ်နိုင်ရန် အာလူးစိုက်မြေအား (၂-၃)ရာသီ မြေလှပ်ထားပေးခြင်း၊ အာလူးနှင့် မျိုးရင်းတူသည့်သီးနှံများ (ဥပမာ - ခရမ်းချဉ်၊ ငရုတ်၊ ခရမ်း) နှင့် သီးထပ်စိုက်ပျိုးမှုမှ ရှောင်ကြဉ်ရပါမည်။ 

တူးဖော်ခြင်း နှင့် အထွက်
----------------------
- မိုးအာလူးကို ဩဂုတ်လ မှ စက်တင်ဘာလ အတွင်း၌လည်းကောင်း 

- ဆောင်းအာလူးကို ဧပြီလ မှ မေလ အတွင်း၌လည်းကောင်း တူးဖော်ကြသည်။

စတင်စိုက်ပျိုးချိန်မှ သုံးလခွဲခန့်ကြာလျှင် အာလူးပင်များခြောက်သွေ့နှုန်းကျသွားပါသည်။ ထိုအချိန်တွင် အာလူးတူးဖော်ရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ ပေါက်ပြားဖြင့်ပေါက်၍လည်းကောင်း၊ အကြောင်း လိုက်ထယ်ထိုး၍လည်းကောင်းတူးဖော်ပြီး လက်ဖြင့်ကောက်ယူရသည်။ တူးဖော်ချိန်စောလျှင် ကိုင်တွယ်သယ်ယူရာတွင် ပုပ်တတ်သည်။ ရင့်မှတူးဖော်လျှင် အထွက်ကောင်း၍အထားခံသည်။ မြေမာလျှင် အာလူးဥဖော်ရာတွင် ဥများကိုထိခိုက်ဒဏ်ရာများရစေတတ်ပါသည်။ မြေအခြေအနေနှင့် မျိုးအခြေအနေပေါ်မူတည်၍ အထွက်နှုန်းမှာမျိုးနှုန်းပမာဏ၏ ၅ဆ မှ ၁၀ဆ အထိထွက်ရှိနိုင်သဖြင့် အထွက်မှာ (၃,၀၀၀ မှ ၇,၀၀၀) ပိဿာအထိ ထွက်ရှိနိုင်ပါသည်။ 

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း