menu

အော်ဂဲနစ်စိုက်ပျိုးရေးအတွက် နိုက်တြိုဂျင်မြေသြဇာဖြည့်ဆည်းခြင်း

သီးနှံပင်တို့အတွက် နိုက်တြိုဂျင်မြေသြဇာသည် မရှိမဖြစ်အရေးကြီး အာဟာရတစ်ခုဖြစ် သလို ပမာဏအများအပြားလိုအပ်သည်ကို အားလုံးအသိဖြစ်ပါသည်..  

သဲဆန်သောမြေများတွင် နိုက်တြိုဂျင် အာဟာရချို့တဲ့လေ့ရှိပြီး ထိုသို့ချို့တဲ့မှုကို အောက်ပိုင်းအရွက်များတွင် ထင်ရှားစွာ တွေ့မြင်ရလေ့ရှိပါသည်.. အောက်ပိုင်းရှိအရွက်များစတင်ဝါလာ၍ နောက်ပိုင်းတွင်တပင်လုံးရှိအရွက်များသည် စိမ်းဖျော့ရောင်မှအဝါရောင်သို့ပြောင်းသွား လေ့ရှိသည်..အပင်ပုခြင်း..အရွက်ဝါခြင်း အောက်ရွက်များကြွေခြင်း..သီးနှံအထွက် လျော့နည်းခြင်းတို့သည် နိုက်တြိုဂျင် ချို့တဲ့မှုလက္ခဏာများဖြစ်သည်..  

အော်ဂဲနစ်စိုက်ပျိုးရေးတွင် တနှစ်အတွင်း စိုက်ပျိုးမည့်သီးနှံပုံစံ(သီးထပ်-သီးညှပ်- သီးရော)၌ ပဲမျိုးရင်းဝင် အပင်တမျိုးမျိုးကို ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်ဖြစ်စေ.. (ပဲအထွက်ကိုရယူသည်) သို့မဟုတ်..အဓိကသီးနှံမစိုက်မီကြိုတင်၍ ပဲပင်စိုက်ပြီးပန်းပွင့်စအချိန်တွင် ထယ်ထိုး မြေမြှုပ်ပေးခြင်းဖြင့် နိုက်တြိုဂျင်မြေသြဇာကို အခမဲ့ရယူ ဖြည့်ဆည်းပေးနိုင်ကြပါသည်..  

ရိုင်ဇိုဘီယမ် ခေါ် ဘက်တီးရီးယားတမျိုး သည်ပဲမျိုးရင်းဝင်အပင်များနှင့် အကျိုးတူ အတူယှဉ်တွဲ၍ သဟဇာတဖြစ်ကာ နေထိုင်ကြပါသည်.. ပဲပင်ကသူ၏အမြစ်တွင် ရိုင်ဇိုဘီယမ် အတွက်နေထိုင်စရာ နေရာကိုပေးပြီး ရိုင်ဇိုဘီယမ်က ပဲပင်အတွက် လေထုထဲရှိ နိုက်တြိုဂျင်ကို ဖမ်းယူကာ အာဟာရ ပံ့ပိုးပေးပါသည်..  

ပဲမျိုးစုံသီးနှံပင်တို့၏ အမြစ်များပေါ်တွင် ဘေးတွင်တွယ်ကပ်နေသော လက်ဖြင့် အလွယ်တကူချွေယူနိုင်သည့် ပဲမြစ်ဖုများ ဖြစ်ပေါ်လေ့ရှိပါသည်.. ထိုပဲမြစ်ဖုထဲရှိ ရိုင်ဇိုဘီယမ်ဘက်တီးရီးယား များသည် လေထုထဲရှိ နိုက်တြိုဂျင်ကို ဖမ်းယူ၍ ပဲပင်စားသုံးနိုင်သောနိုက်တြိုဂျင် အဖြစ်ပံ့ပိုးပေးပါသည်.. ပဲမြစ်ဖုအတွင်းရှိဘက်တီးရီးယားများသည် ပဲစိုက်ခင်းတစ်ဧကလျှင် စိုက်ပျိုးသည့် ပဲမျိုးနှင့် မြေအမျိုးအစားကိုလိုက်၍ တနှစ်တွင် နိုက်တြိုဂျင် (၂၉-၅၀)ကီလိုဂရမ် ဖမ်းယူပြီး အပင်စားသုံးနိုင်အောင်ပံ့ပိုးပေးနိုင်ပါသည်.. ထိုပမာဏသည် နိုက်တြိုဂျင်၄၆%ပါဝင်သော ပုလဲဓါတ်မြေသြဇာ (၁-၂)အိတ်နှင့် ညီမျှပါသည်..  

ပဲမြစ်ဖုများသည် အပင်ပေါက်ပြီး ၂-၃ ပတ် သားနောက်ပိုင်းတွင် စတင်ဖြစ်ပေါ်၍ ပန်းပွင့်ပြီးနောက်ပိုင်းတွင် လုပ်ငန်း ဆောင်ရွက်မှု တဖြည်းဖြည်းလျော့နည်း သွားသည်..ပဲပင်ရှိပဲမြစ်ဖုများသည် အလုံးနီးပါးပုံရှိ၍ ဖြစ်ပေါ်စတွင် အတွင်းသား သည် အဖြူရောင်ရှိသည်..အဖြူရောင်မှ အနီရောင်ပြောင်းလျှင် လေထဲမှနိုက်တြိုဂျင် ဖမ်းယူမှု ဆောင်ရွက်ချိန်ဖြစ်သည်..  

ပန်းပွင့်ပြီးနောက်ပိုင်းတွင် အနီရောင်မှ အညိုရောင်သို့ပြောင်းကာ မြစ်ဖုသည် တဖြည်းဖြည်းပိန်ရှုံ့ပျက်စီးသွားလေ့ရှိသည်..  

ပဲမြစ်ဖုအရွယ်အစားကြီးကြီးနှင့် အရေအတွက်များများကို ရေသောက်မြစ်၏ အရင်းပိုင်းတွင်တွေ့ရလျှင်သော်၎င်း.. ဘေးမြစ်များ၏အရင်းပိုင်းတွင်တွေ့ရလျှင် သော်၎င်း..အပင်အတွက်လေထဲမှ နိုက်တြိုဂျင်ဖမ်းပေးနိုင်မှု အကောင်းဆုံး ဖြစ်သည်..

ပဲမြစ်ဖုအရွယ်အစားသေးငယ်၍ အရေအတွက်နည်းပြီး ရေသောက်မြစ်နှင့် ဘေးမြစ်များ၏ အောက်ပိုင်း၌သာ တွေ့ရလျှင် အကျိုးပြုမှုနည်းပါးပါသည်..  

မြန်မာပြည်အောက်ပိုင်း မိုးစပါးအပြီး သီးထပ်ပဲမျိုးစုံစိုက်ခင်းများ ပထမဆုံးစစိုက် သည့် နှစ်တွင်အောင်မြင်မှုမရှိခြင်းမှာ မြေထဲတွင် ၎င်းရိုင်ဇိုဘီယမ်ဘက်တီးရီးယား မရှိသောကြောင့်ဖြစ်သည်..၂-၃ နှစ် ဆက်၍ပဲစိုက်မှသာ မြေထဲတွင် ၎င်းဘက်တီးရီးယားများပွါးများလာပြီး အောင်မြင်မှုရရှိလာသည်..  

ထိုသို့ တကြိမ်မျှပဲစိုက်ပျိုးဘူးခြင်းမရှိသော မြေတွင်ပဲမျိုးစုံစိုက်ပျိုးမည်ဆိုပါက ရေဆင်း စိုက်ပျိုးရေးသုတေသန..အပင်ရောဂါဌာနမှ ထုတ်လုပ်သည့်ပဲမြစ်ဖုဇီဝမြေသြဇာကို မျိုးစေ့တွင်လူးနယ်စိုက်ပျိုးမှသာ အောင်မြင် မှုရရှိနိုင်မည်ဖြစ်ပါသည်..  

တစ်ခုသတိပြုရမည်မှာ..  
သဘာဝအရ ပဲမြစ်ဖုများများဖြစ်ပေါ်လေ့ ရှိသောစိုက်ခင်းများတွင် ပုလဲဓါတ်မြေသြဇာ များများသုံးသလောက် ပဲမြစ်ဖုဖြစ်ပေါ်မှု အချိုးကျလျော့နည်းသွားလေ့ရှိပါသည်.. ပုလဲကျွေးပေးခြင်းဖြင့် နိုက်တြိုဂျင်အလွယ် တကူရှိနိုင်သောကြောင့် ဘက်တီးရီးယား များပျင်းရိသွားကာ လေထဲမှနိုက်တြိုဂျင်ကို ဖမ်းယူပံ့ပိုးပေးမှု နည်းသွားခြင်းဖြစ်ပါသည်..  

သဘာဝသဲဆန်မြေတွင် ပဲစိုက်ခင်း တစ်ဧကတွင် ပုလဲ ၂၈ ပေါင်ထည့်လျှင် ပဲမြစ်ဖုအရေအတွက် ၁၅-၂၅ % ခန့်.. ပုလဲ ၅၆ ပေါင်နှုန်းထည့်လျှင် ၄၀-၅၀%ခန့် ၁၁၂ ပေါင်နှုန်းထည့်လျှင် ၇၀-၉၀%ခန့် လျော့နည်းသွားကြောင်းတွေ့ရပါသည်.. သို့ပါ၍ ၎င်းအကွက်မျိုးတွင်ငွေအကုန်အကျ ခံ၍ပုလဲဓါတ်မြေသြဇာ မထည့်သွင်းသင့်ပါ..  

နိဂုံးချုပ်အကြံပြုတင်ပြလိုသည်မှာ..  

အော်ဂဲနစ်စိုက်ပျိုးရေးအတွက် စပါး-နှမ်း နေကြာ-ဝါ-ပြောင်း-ငရုတ်-ကြက်သွန် စသည့် လယ်ယာကိုင်းဥယျာဉ်သီးနှံများတွင် နိုက်တြိုဂျင်မြေသြဇာဖြည့်ဆည်းရန်... မြေတစ်ကွက်အတွက်တစ်နှစ်အတွင်း စိုက်ပျိုးမည့်သီးနှံပုံစံရေးဆွဲရာတွင် ပဲမျိုးစုံတသီးကိုထည့်သွင်းရေးဆွဲပါ..  
ဥပမာ..
  • နွေနှမ်း-စပါး-ပဲတီစိမ်း  
  • ရေသွင်းပဲတီစိမ်း-စပါး-နေကြာ  
  • နွေစပါး-မိုးစပါး-ကုလားပဲ 
သို့မဟုတ်.. 

သီးနှံတမျိုးမစိုက်မီ နှစ်လခန့်ကြို၍ထယ်ထိုး ပြီး မျိုးဈေးချိုသာသည့်ပဲတမျိုးမျိုးကို ကြဲပက်စိုက်ပျိုးပါ..တစ်လသားအရွယ် ပန်းပွင့်စတွင်ထယ်ထိုး၍မြေမြှုပ်ပါ.. တလအကြာတွင်မိမိစိုက်လိုသည့်သီးနှံကို စိုက်ပျိုးခြင်းဖြင့်ရုပ်/ဓါတ်ဂုဏ်သတ္တိကောင်း မွန်ပြီးနိုက်တြိုဂျင်မြေသြဇာကြွယ်ဝသည့် မြေတွင်စိုက်ပျိုးပြီးသားဖြစ်စေပါသည်.. 

အော်ဂဲနစ်စိုက်ပျိုုးရေးအတွက်.. ရာဘာ-သရက်-သံပုရာ-သနပ်ခါး- သစ်မွှေး-လျှော်ဖြူ စသည့်နှစ်ရှည်သီးနှံ များတွင်..နိုက်တြိုဂျင်မြေသြဇာဖြည့်ဆည်းရန်.. အဆင်ပြေသည့်ရာသီတွင် ပင်ကြား တန်းကြား မြေလွတ်နေရာများတွင် မျိုးဈေးချိုသည့်ပဲတမျိုးမျိုးကို ထယ်ဖြင့် ပက်ကြဲစိုက်ပျိုးပါ..တစ်လသားအရွယ်ခန့် ပန်းစပွင့်ချိန်တွင် ပဲပင်များကိုထယ်ထိုး၍ မြေမြှုပ်ပေးပါ.. သင့်စိုက်ခင်း...ရုပ်ဂုဏ်သတ္တိ..ဓါတ်ဂုဏ်သတ္တိ များတိုးတက်ကောင်းမွန်၍ နိုက်တြိုဂျင် အာဟာရကြွယ်ဝလာပါလိမ့်မည်.

Than Win Agri