menu

“ရာသီဥတု ဖြစ်စဉ်ပြောင်းလဲမှု နှင့် စပါးဖျက်ပိုးများ”


🌾🐛🌾🦗🌾🐛🌾🦗🌾🐛🌾

⏩သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့်ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုပြင်းထန်လာပြီး သီးနှံစိုက်ပျိုးရေးတွင်စိုက်ချိန်မိုးမရွာ၊ ရိတ်သိမ်းချိန်မိုးရွာမှုများကြုံတွေ့နေရသည်။ စိုက်ချိန်မိုးများ၊ ပွင့်သီးချိန်မိုးမရွာ၊ ရိတ်ချိန်သိမ်းချိန်မိုးမိဖြစ်နေကြရသည်။ ဤအထဲတွင်ဖျက်ပိုးနှင့်အပင်ရောဂါသည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့်အတူယှဉ်တွဲပြီးကပ်ညှိပါလာတတ်ပါသည်။

⏩နေရာဒေသအလိုက်မိုးရွာသွန်းမှုကွဲပြားခြားနားသည်နှင့်အမျှ တစ်နှစ်ပတ်လုံး လယ်ထဲယာထဲ၌ သီးနှံတစ်မျိုးမျိုးသည်ရှိနေသည်။ စဉ်ဆက်မပြတ်သီးနှံအမယ်စုံရှိသကဲ့သို့ဖျက်ပိုးမျိုးစုံကလည်း ရှိနေသည်။ဤတွင်သီးနှံမျိုးစုံကိုကျရောက်သည့်ဖျက်ပိုးအမျိုးအစားကပို၍များ၊ပို၍ပွားပြီးကျရောက်တော့သည်။ ထို့ကြောင့်ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုနှင့်အတူ စပါးတွင်ကျရောက်တတ်သောဖျက်ပိုးများ ကိုရေးသားတင်ပြလိုက်ရပါသည်။

⏩စိုထိုင်းဆများပြီးလေပြင်းတိုက်မှုများလျှင် “စပါးလောင်မီးပိုး” ဂရုပြုရမည်။ မိုးများပြီးရေကြီး နစ်မြုပ်လျှင်စပါးပိုးလောင်မီးသည်ရေစပ်၊ရေကျန်နေရာများ၌တင်ကျန်ခဲ့သည်။စပါးရွက်လိပ်အိမ်ပိုး သည်လည်းမိုးစပါးတွင်ကျရောက်မှုများ၍ ရေကြီး၊ရေလွှမ်း၊ ရေမြုပ်ဒေသတွင်များများကျတတ်သည်။ ပို၍ဂရုပြုရမည်မှာ ငမြှောင်တောင်ဖျက်ပိုးဖြစ်သည်။သီးနှံအစုံစား၍မျိုးပွားပျံ့နှံ့မှုများပြားသဖြင့်စိုက်ပျိုး ပြီးစပါးခင်းများဂရုထားရမည်။ ရေကြီးရေလွှမ်းဒေသရေပြန်ကျ၍စပါးစိုက်လျှင်အထူးသတိပြုကြပါ။

⏩“စပါးဆစ်ပိုး” သည်မြန်မာနိုင်ငံအလယ်ပိုင်းရွှေဘို၊ ခင်ဦး၊ ရေဦး တစ်ဝိုက်ရှိပေါ်ဆန်းစပါးခင်းများတွင် ကျရောက်တတ်သည်ဖြစ်၍ ကြိုတင်သတိပြုကာကွယ်နှိမ်နင်းကြသင့်သည်။ မိုးမရွာ၊ တိမ်ထူ၊ မိုးအုံ့မှု ကြာရှည်ဖြစ်ပေါ်သောဒေသတွင်စပါးခင်းများ၌ “ကြက်သွန်မြိတ်ပိုး” ကျနိုင်သည်။ ရာသီဥတုနှင့်ဆက်စပ် မှုအများဆုံးရှိသောဖျက်ပိုးမှာ “ဖြုတ်ပိုး” ဖြစ်သည်။ မိုးရွာသွန်းမှုများ၍စိုစွတ်မှုများလျှင်ဖျက်ဆီးမှု များသည်။ စပါးပင်၏ပင်ခြေရွက်ဖုံးများကြားတွင် နေထိုင်ဖျက်စီးသဖြင့်နှိမ်နင်းမှုကို သေချာပြုလုပ် ရသည်။ စပါးပင်အဆစ်များကြားတွင်နေထိုင်သော ဆစ်ပိုးကဲ့သို့နေထိုင်မှုအကာအကွယ်ယူထားသဖြင့် ပိုးနှင့်ဆေး တွေ့ရန်အခွင့်အလမ်းနည်းသည်။

⏩ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ကောင်းသည်ဆိုသကဲ့သို့ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်မှ နှိမ်နင်းခြင်းထက် ပိုထိရောက်သည်။ ထို့ကြောင့်ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုကြောင့် စပါးတွင် ကျရောက်နိုင်သောဖျက်ပိုးများကိုကာကွယ်နှိမ်နင်းရာတွင် ပိုးကျရောက်မှုများလျော့နည်းသက်သာစေရန် ဖော်ပြပါစိုက်ပျိုးရေးနည်းလမ်းကောင်းများဖြင့်ဆောင်ရွက်သင့်ပါသည်။

☑️ စပါးစိုက်ခင်းနှင့် စိုက်ခင်းဝန်းကျင်ရှိ ပေါင်း၊မြက်များကို ရှင်းလင်းပါ။

☑️ သီးလှည့်စိုက်စနစ်ကို ဆောင်ရွက်ပါ။

☑️ အဓိကအာဟာရဓာတ်သုံးမျိုးအပါအဝင် ဓာတ်မြေဩဇာများကို အချိုးကျကျအသုံးပြုပါ။

☑️ ရေသွင်းရေထုတ် မှန်မှန်ပြုလုပ်ပါ။

☑️ ထယ်ရေးပြင်စဉ် ထယ်နက်နက်ထိုးပါ။

☑️ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များရှိပါက ပိုးမွှားများကျရောက်နိုင်ပါ၍ စိုက်ခင်းအတွင်း ပိုးမွှားများ ကျရောက်နေမှုရှိ/မရှိ စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပေးပါ။

☑️ ပိုးကျရောက်မှုအတွက်ပိုးသတ်ဆေးအသုံးပြုတော့မည်ဆိုပါက ပိုးနှင့်ဆေးထိထိမိမိတွေ့စေရန် အသုံးပြုသည့်ဆေးအမျိုးအစားမှန်၍ ဆေးနှုန်းထားလည်းမှန်ကန်စေရန် သတိရှိရှိအသုံးပြုကြ စေလိုပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

Sources : ကိုရဲ (စိုက်ပျိုးရေး)