menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ရာသီဥတုနှင့် စိုက်ပျိုးချိန်၏ မြေပဲအထွက်နှုန်းကို လွှမ်းမိုးနေမှုများ”
🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿
🔸မြေပဲသီးနှံဟာ ဆီထွက်သီးနှံများအနက် စိုက်ဧကများပြီး တစ်ဧကမှ ဆီပိဿာရာကျော်ထွက်နိုင်တဲ့ သီးနှံလည်းဖြစ်ပါတယ်။ မြေပဲသီးနှံဟာ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပတင်ပို့မှုမှာလည်း နေရာရလာတဲ့အတွက် လွန်ခဲ့သောငါးနှစ်ကထက် ဧကနှစ်သိန်းနီးပါး တိုးချဲ့စိုက်ပျိုးလာတာ တွေ့ရပါတယ်။ မြေပဲစိုက်ဧကများ တိုးတက်လာသော်လည်း မြေပဲသီးနှံ အောင်ဧကနဲ့အထွက်နှုန်းဟာ ရည်မှန်းချက်မပြည့်မီတာ တွေ့ရပါတယ်။ အထူးသဖြင့် မြေပဲစိုက်ဧကများတဲ့ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးဒေသတွေမှာ ပိုတွေ့ရပါတယ်။
🔸မြေပဲသီးနှံအောင်ဧကနဲ့ အထွက်နှုန်းလျော့နည်းမှုကို ဆန်းစစ်ကြည့်ရင် တောင်သူလယ်သမားကြီးများ ထင်မထားတဲ့ ရာသီဥတုနဲ့ စိုက်ပျိုးချိန်က ကြိုးကိုင်မှုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အထွက်ကောင်းတဲ့မျိုး၊ မှန်ကန်တဲ့နည်းစနစ်တွေ ဘယ်လိုပင်ကောင်းစေကာမူ ရာသီဥတုနဲ့ စိုက်ပျိုးချိန်ရဲ့ လွှမ်းမိုးနေမှုခံနေရရင် ကောင်းမွန်တဲ့မြေပဲအထွက်ကို မရရှိနိုင်ပါ။ မြန်မာနိုင်ငံတွင် မြေပဲကို စိုက်ပျိုးရာသီအလိုက် မိုးကြိုမြေပဲ (စကမြေပဲ)၊ မိုးမြေပဲ၊ မိုးနှောင်းသီးထပ်မြေပဲ၊ ကိုင်းကျွန်းမြေပဲ၊ ဆောင်းသီးထပ်မြေပဲလို့ ခေါ်ဝေါ်ကြပါတယ်။
🔸မြေပဲပင်ရဲ့ အပင်တည်ဆောက်မှုပုံသဏ္ဌာန်အရလည်း ပင်ထောင်မြေပဲ၊ ပင်ပြန့်မြေပဲလို့ခေါ်ဝေါ် လေ့ရှိကြတာကိုတွေ့ရပါတယ်။ ပင်ထောင်မြေပဲမျိုးများဟာပင်ပြန့်မြေပဲမျိုးများထက် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပို၍ခံနိုင်ကြတာ တွေ့ရပါတယ်။ မြေပဲပင်ရဲ့ရှင်သန်ကြီးထွားဖြစ်ထွန်းအောင်မြင်မှုကို မြေပဲပင်သက်တမ်းတစ်လျှောက်ဖြစ်ပေါ်တဲ့အပူချိန်က လွှမ်းမိုးထားပါတယ်။ မြေပဲပင်ဖြစ်ထွန်း ကြီးထွားစဉ် တစ်လျှောက် အပူချိန်(၂၀) ဒီဂရီစင်တီဂရိတ်ကနေ (၃၀) ဒီဂရီစင်တီဂရိတ်ရရှိရန် လိုအပ်ပါတယ်။ အပူချိန် (၂၀) ဒီဂရီစင်တီဂရိတ်ထက်နိမ့်ကျပါက အပင်ကြီးထွားဖွံ့ဖြိုးမှုနှေးကွေး စေပါတယ်။ အပူချိန် (၃၅) ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက ပန်းပွင့်တာကို များစွာထိခိုက်စေပါတယ်။
🔸မြေပဲပင်ငယ်စဉ် အပူချိန်နိမ့်ကျခြင်းနဲ့ ကြုံတွေ့ပါက အပင်ကြီးထွားဖွံ့ဖြိုးမှုကို များစွာထိခိုက်စေတယ်လို့ ဆိုပါတယ်။ အပူချိန်ဟာ မြေပဲပင်ပန်းပွင့်တာကိုများစွာလွှမ်းမိုးထားပါတယ်။ ညအပူချိန်(၁၃) ဒီဂရီ စင်တီဂရိတ်ကနေ (၁၅) ဒီဂရီစင်တီဂရိတ်သာရှိမယ်ဆိုပါက ပန်းပွင့်အနည်းဆုံးပွင့်ပြီး ညအပူချိန် (၂၂) ဒီဂရီစင်တီဂရိတ်ကနေ (၂၅) ဒီဂရီစင်တီဂရိတ် ရောက်ရှိပါက တစ်ပင် အပွင့်ပေါင်း ၁၇၀ အထိ ပွင့်နိုင်ကြောင်း တွေ့ရပါတယ်။ ညအပူချိန် (၁၈) ဒီဂရီစင်တီဂရိတ်နဲ့ နေ့အပူချိန် (၂၂) ဒီဂရီစင်တီဂရိတ် ရှိပါက ပန်းအနည်းငယ်သာ ပွင့်နိုင်ပြီး စွယ်လုံးဝမဖြစ်ပေါ်နိုင်ပါ။ ညအပူချိန်(၂၀) ဒီဂရီစင်တီဂရိတ်နဲ့ နေ့အပူချိန် (၃၀) ဒီဂရီစင်တီဂရိတ်ရှိပါက မြေပဲအထွက် အကောင်းဆုံးကို ရရှိနိုင်ပါတယ်။ ပုံမှန်ကြီးထွား၊ အပွင့်အရေအတွက်များ၊ စွယ်ဖြစ်ထွန်းမှုကောင်း၊ အသီးတင်မှု၊ ရင့်မှည့်မှုစွမ်းအားပြည့် ရရှိစေပါတယ်။
🔸အပူချိန် (၁၅)ဒီဂရီစင်တီဂရိတ်နဲ့ (၄၀) ဒီဂရီစင်တီဂရိတ်မှာ အပင်ကြီးထွားဖြစ်ထွန်းမှု ရပ်တန့်စေ ပါတယ်။ နေ့အပူချိန် (၄၀) ဒီဂရီစင်တီဂရိတ်နဲ့ ညအပူချိန် (၃၅) ဒီဂရီစင်တီဂရိတ်မှာမူ အပွင့်ပွင့်တာ လုံးဝမရှိတော့ပါ။ အပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ပါက သာမန်ထက် ပင်စည်ရှည်ထွက် လာပါတယ်။ ပျမ်းမျှအပူချိန် (၂၁) ဒီဂရီစင်တီဂရိတ်မှာ ပန်းပွင့်ရက်အရှည်ကြာဆုံး ဖြစ်ပေါ်စေပြီး (၃၃) ဒီဂရီစင်တီဂရိတ်မှာ ပန်းပွင့်ရက်အစောဆုံးကိုဖြစ်ပေါ်စေသော်လည်း ပန်းဆက်ပွင့်နေစေကာမူ အသီးတင်မှု အလွန်နည်းသွားတာကိုတွေ့ရပါတယ်။ ဒါကြောင့်အပူချိန်ဟာ မြေပဲပင်ကြီးထွားမှုကို အားပေးခြင်း၊ အပွင့်အရေအတွက် အနည်း၊ အများ၊ ပန်းစတင်ပွင့်ရန်ရက် ကြာညောင်းမှု၊ စွယ်ဖြစ်ထွန်း နိုင်မှု၊ မျိုးအောင်မှုတို့ကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနေသဖြင့် တောင်သူ လယ်သမားကြီးများ မြေပဲအထွက်တိုးအောင် ဆောင်ရွက်ရာမှာ အပူချိန်ရဲ့ အရေးပါမှုကို သတိပြုကြဖို့လိုအပ်ပါတယ်။
🔸မြေပဲအထွက်နှုန်းတိုးစေဖို့လွှမ်းမိုးနေတဲ့ အချက်တစ်ချက်က အစိုဓာတ်နဲ့ စိုက်ပျိုးချိန်ဖြစ်ပါတယ်။ မြေပဲပင်အောင်မြင်ဖြစ်ထွန်း အထွက်နှုန်းကောင်းမွန်ရေးမှာမြေတွင်းအစိုဓာတ်ပေါ်မှာ များစွာ တည်မှီနေပါတယ်။ အစိုဓာတ်အလုံအလောက် ရရှိမှုဟာလည်းစိုက်ပျိုးချိန်မှန်ကန်မှုအပေါ် မူတည်နေပါ တယ်။ မြန်မာနိုင်ငံတွင်း စိုက်ပျိုးတဲ့မြေပဲ ဧရိယာအားလုံးဟာ မိုးရေနဲ့ မိုးရေကျန်မြေတွင်း အစိုဓာတ် ပေါ်မှာ အဓိကမှီခိုစိုက်ပျိုးကြပါတယ်။
🔸မိုးရာသီစိုက်မြေပဲခင်းများဟာ အများအားဖြင့် သဲဆန်တဲ့မြေမျိုးမှာ စိုက်ပျိုးကြပြီး မိုးနည်းရပ်ဝန်း ဒေသများ ဖြစ်သဖြင့် မိုးရေလုံလောက်စွာမရရှိဘဲ အထွက်နည်းလေ့ရှိတာကို တွေ့ရပါတယ်။ ဆောင်းရာသီစိုက်မြေပဲတွေဟာ နုန်းမြေ၊ နုန်းဆန်တဲ့မြေဖြစ်ပြီးအစိုဓာတ်အသင့်အတင့် ထိန်းနိုင်တဲ့ အတွက် အထွက်နှုန်းကောင်းတာတွေ့ရပါတယ်။ မြေပဲအထွက်နှုန်းတိုးရန်မိုးရေချိန်အနည်း၊ အများ အပြင် မိုးရွာသွန်းတဲ့ရက်ကြာမှုဟာလည်း အရေးပါပါတယ်။ တစ်ခါတစ်ရံ မိုးရေချိန်နည်းသော်လည်း နည်းနည်းနဲ့ ရက်များများရွာနေပါကလည်းမြေပဲအထွက်ကောင်းတာကို တွေ့ရပါတယ်။ မိုးမြေပဲကို မေလမှာ စိုက်ပျိုးလေ့ရှိရာ မိုးဦးစောစောဖြင့် မြေပြင်ပြီးမျိုးစေ့ချနိုင်တဲ့အထိ ရွာသွန်းပါက တောင်သူလယ်သမားများ အဆင်ပြေကြပါတယ်။
🔸မြေပဲဟာ အစိုဓာတ်အနည်းငယ်ရရုံဖြင့် အစေ့အညှောက်ပေါက်နိုင်ပါတယ်။ ပေါက်လာတဲ့ အညှောက် ကလေးဟာ မြေတွင်းအစိုဓာတ် ဆက်လက်တည်ရှိမှုအပေါ်တည်၍ဆက်လက်ကြီးထွားခြင်း၊ သေဆုံးခြင်း ဖြစ်ပေါ်ပါတယ်။ အစိုဓာတ်သင့်တင့်ပါက (၅)ရက်သားမှာ အမြစ်ဟာ မြေတွင်းသို့ (၁၀) စင်တီမီတာမှ (၁၆) စင်တီမီတာအထိ ရှင်သန်ရှည်ထွက်လာပါတယ်။ (၁၂) ရက်သားမှာ (၃၁) စင်တီမီတာ အထိ ရှည်ထွက်လာပါတယ်။ ၎င်းအချိန်မှာ အရွက်လေးရွက်သာ ထွက်နိုင်ပါသေးတယ်။ အပေါ်ယံ မြေဆီလွှာတွင်း အစိုဓာတ်ဟာ ဆုတ်ယုတ်တဲ့အခြေအနေဆိုရင် ပင်ပြန့်မြေပဲမျိုးများရဲ့ အမြစ်ဟာ အနက်စင်တီမီတာ (၂၀၀) အထိ ဆင်းနိုင်ပြီး ပင်ထောင်မြေပဲများရဲ့ အမြစ်ဟာ အနက်စင်တီမီတာ (၁၇၀) အထိဆင်းနိုင်တာတွေ့ရပါတယ်။
🔸အပေါ်ယံမြေလွှာမှာ အစိုဓာတ်လုံလောက်နေပါက အမြစ်ဟာ အောက်ကိုလည်း နက်နက်မဆင်း၊ ဘေးကိုလည်း ပြန့်မထွက်ဘဲ ရှိနေပါတယ်။ မြေဆီလွှာအတွင်း အစိုဓာတ်လျော့နည်းပါက ပင်စည် ရှည်ထွက်နှုန်းနှေးခြင်း၊ ကိုင်းများတိုခြင်း၊ အရွက်များကြုံလှီခြင်း၊ အဆစ်များတိုခြင်း၊ ပန်းဖူးဖြစ်ပေါ်မှု တစ်ပတ်ခန့်နောက်ကျခြင်း၊ ပန်းပွင့်မှုအဟန့်အတားဖြစ်ခြင်း၊ အပွင့်အရေအတွက် လျော့နည်းစေခြင်း၊ မြေပဲစွယ်ဟာ မြေဆီလွှာအတွင်းထိုးမဆင်းဘဲ ကန်းသွားခြင်းများကြောင့် မြေပဲအထွက် သိသိသာသာကျဆင်းသွားပါတယ်။ အစိုဓာတ်ရှိရန် အဓိကအဆင့်များမှာ ပင်ပိုင်းကြီးထွားချိန်၊ ပန်းပွင့်ချိန်၊ အစေ့တည်ချိန်တို့ ဖြစ်ပါတယ်။ ရေချိုလွယ်လွယ်ရရှိနိုင်ပါကဒီအဆင့်တွေမှာ မှုတ်ရေတစ်ကြိမ်စီ သွင်းနိုင်ပါက အထွက်သေချာပါတယ်။ ထိုအဆင့်တွေမှာ အစိုဓာတ်နည်းတာဟာ တခြားအဆင့်အားလုံးမှာ အစိုဓာတ်ဆုတ်ယုတ်ခြင်းထက် အထွက်လေး၊ ငါးဆ ပို၍ထိခိုက်နိုင်ပါတယ်။ မြေပဲစွယ်ဟာ မြေပဲတောင့်ဖြစ်ဖို့ မြေတွင်းအစိုဓာတ်နဲ့ အမှောင်ထုလိုအပ်ပါတယ်။ ဒါကြောင့် မြေပဲစွယ်ဟာ မြေဆီလွှာအတွင်း ထိုးဝင်ပါတယ်။ မြေဆီလွှာအတွင်းအနက် ၁ မှ ၁. ၅ စင်တီမီတာရောက်ရင် စွယ်ထိပ်မှာ အတောင့်စတင်ဖြစ်ပေါ်ပြီးအဆင့်ဆင့်ကြီးထွားပါတယ်။
🔸အဲဒီအချိန်မှာ မြေတွင်းအစိုဓာတ်ယုတ်လျော့ပါက မြေရဲ့အပူချိန်တက်လာပြီး မြေပဲဆန်ပြည့်ဖြိုးမှုကို ထိခိုက်စေပါတယ်။ လုံးပိန်လုံးညှက်များစေပါတယ်။ မိုးများလွန်းပါကလည်း ရေဝပ်ပြီးရောဂါဖြစ်စေခြင်း၊ မြေကျပ်ပြီး စွယ်ထိုးဝင်ရန်ခက်ခဲခြင်း၊ မြေဆီလွှာတွင်းမြေပဲတောင့် အညှောက်ပေါက်ခြင်း၊ နုတ်သိမ်းရာ မှာ မြေကျပ်ပြီး နုတ်ရခက်ခြင်း၊ အတောင့်များ ပြတ်ကျန်ခြင်းတို့ ဖြစ်စေပါတယ်။ ဒါဆိုရင် မြေပဲအထွက် ကောင်းအောင်အပူချိန်ရော၊ စိုက်ပျိုးချိန် အစိုဓာတ်ပါ ကိုက်ညီအောင် ဘယ်အချိန် စိုက်ရမလဲ? မိုးရာသီမှာ မိုးမြေပဲကိုပင်ထောင်နဲ့ ပင်ပြန့်မျိုးများစိုက်နိုင်ပါတယ်။ မေလလယ်၊ ဇွန်လ၊ ဇူလိုင်လဆန်း အထိ စိုက်ပျိုးသင့်ပါတယ်။ မုတ်သုံမိုးနောက်ကျတဲ့ဒေသတွေမှာ ဇူလိုင်လကုန်အထိ စိုက်သင့်ပါတယ်။
🔸တောင်ပေါ်ဒေသ တောင်ယာတွေမှာ စကပဲအဖြစ် သြဂုတ်လနဲ့ စက်တင်ဘာလမှာ အပြီးစိုက်သင့် ပါတယ်။ ဇူလိုင်လဟာ မိုးအမြဲခေါင်တတ်လို့ မိုးဦးမြေပဲအဖြစ်စိုက်ပျိုးမဲ့အစား မိုးလယ် မြေပဲအဖြစ် သြဂုတ်လစိုက်ပျိုးတာဟာ အထွက်ပိုကောင်းစေပါတယ်။ ဆောင်းရာသီ ယာသီးနှံနဲ့ တောင်ယာမြေပဲကို စက်တင်ဘာလနဲ့ အောက်တိုဘာလမှာအပြီးစိုက်ပျိုးသင့်ပါတယ်။ မြစ်ရေ၊ချောင်းရေ လျှံတက်၍ ရေကျစိုက်ပျိုးတဲ့ ကိုင်းကျွန်းမြေပဲကို အောက်တိုဘာလနဲ့ နိုဝင်ဘာလမှာ အပြီးစိုက်ပျိုးသင့် ပါတယ်။ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်၊ ကရင်၊ ရခိုင်ဒေသတွေမှာ စပါးသီးနှံအပြီး ဆောင်းသီးထပ်မြေပဲကိုအောက်တိုဘာလလယ်မှ နိုဝင်ဘာလ၊ ဒီဇင်ဘာလလယ်အပြီး စိုက်ပျိုးသင့် ပါတယ်။ မိုးကြိုရေသွင်းစိုက်ပျိုးတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူးတိုင်းဒေသကြီးမြောက်ပိုင်း ဒေသတွေ မှာ ဖေဖော်ဝါရီနဲ့ မတ်လမှာ အပြီးစိုက်ပျိုးသင့်ပါတယ်။ အချို့ဒေသတွေမှာ သင်္ကြန်မိုးအမိအရဖမ်း၍ စိုက်ပျိုးကြတာကို တွေ့ရပါတယ်။
🔸ထို့ကြောင့် တောင်သူလယ်သမားကြီးများက မြေပဲအထွက်ကောင်းရအောင် မြေပဲအထွက်နှုန်းကို လွှမ်းမိုးနေတဲ့ ရာသီဥတု၊ အပူချိန်၊ စိုက်ပျိုးချိန် နှင့် အစိုဓာတ်ပါ ကိုက်ညီအောင် စိုက်ပျိုးကြဖို့ ဗဟုသုတအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။
Sources : အောင်ဆန်း(စိုက်ပျိုးရေး)
မြန်မာတောင်သူကြီးများဂျာနယ်