menu

ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုနှင့်စပါးဖျက်ပိုးများ


 
🌾🐛🌾🦗🌾🐛🌾🦗🌾🐛🌾🦗🌾

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကြောင့်ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုပြင်းထန်လာပြီး သီးနှံစိုက်ပျိုးရေးတွင်စိုက်ချိန်မိုးမရွာ၊ရိတ်သိမ်းချိန်မိုးရွာမှုများကြုံတွေ့နေရသည်။ စိုက်ချိန်မိုးများ၊ ပွင့်သီးချိန်မိုးမရွာ၊ ရိတ်ချိန် သိမ်းချိန်မိုးမိဖြစ်နေကြရသည်။ ဤအထဲတွင်ဖျက်ပိုးနှင့်အပင်ရောဂါသည် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနှင့်အတူယှဉ်တွဲပြီးကပ်ညှိပါလာတတ်ပါသည်။ 

နေရာဒေသအလိုက်မိုးရွာသွန်းမှုကွဲပြားခြားနားသည်နှင့်အမျှ တစ်နှစ်ပတ်လုံး လယ်ထဲယာထဲ၌ သီးနှံတစ်မျိုးမျိုးသည်ရှိနေသည်။ စဉ်ဆက်မပြတ်သီးနှံအမယ်စုံရှိသကဲ့သို့ဖျက်ပိုးမျိုးစုံကလည်း ရှိနေသည်။ ဤတွင်သီးနှံမျိုးစုံကိုကျရောက်သည့်ဖျက်ပိုးအမျိုးအစားကပို၍များ၊ပို၍ပွားပြီးကျရောက်တော့သည်။ 

ထို့ကြောင့်ရာသီဥတုဖြစ်စဉ်ပြောင်းလဲမှုနှင့်အတူ စပါးတွင်ကျရောက်တတ်သောဖျက်ပိုးအများစုကိုရေးသားတင်ပြလိုက်ရပါသည်။ စိုထိုင်းဆများပြီးလေပြင်းတိုက်မှုများလျှင် စပါးလောင်မီးပိုးဂရုပြုရမည်။ မိုးများပြီးရေကြီး နစ်မြုပ်လျှင်စပါးပိုးလောင်မီးသည် ရေစပ်၊ ရေကျန်နေရာများ၌တင်ကျန်ခဲ့သည်။ စပါးရွက်လိပ်အိမ်ပိုး သည်လည်းမိုးစပါးတွင်ကျရောက်မှုများ၍ ရေကြီး၊ရေလွှမ်း၊ ရေမြုပ်ဒေသတွင်များများကျတတ်သည်။ 

ပို၍ဂရုပြုရမည်မှာ ငမြှောင်တောင်ဖျက်ပိုးဖြစ်သည်။ သီးနှံအစုံစား၍ မျိုးပွားပျံ့နှံ့မှုများပြားသဖြင့်စိုက်ပျိုး ပြီးစပါးခင်းများဂရုထားရမည်။ ရေကြီးရေလွှမ်းဒေသရေပြန်ကျ၍ စပါးစိုက်လျှင်အထူးသတိပြုကြပါ။ 

ဆစ်ပိုးသည် မြန်မာနိုင်ငံအလယ်ပိုင်း ရွှေဘို၊ ခင်ဦး၊ ရေဦး တစ်ဝိုက်ရှိပေါ်ဆန်းစပါးခင်းများတွင် ကျရောက်တတ်သည်ဖြစ်၍ ကြိုတင်သတိပြုကာကွယ်နှိမ်နင်းကြသင့်သည်။ မိုးမရွာ၊တိမ်ထူ၊မိုးအုံ့မှု ကြာရှည်ဖြစ်ပေါ်သောဒေသတွင်စပါးခင်းများ၌ ကြက်သွန်မြိတ်ပိုးကျနိုင်သည်။ 

ရာသီဥတုနှင့်ဆက်စပ် မှုအများဆုံးရှိသောဖျက်ပိုးမှာဖြုတ်ပိုးဖြစ်သည်။ မိုးရွာသွန်းမှုများ၍စိုစွတ်မှုများလျှင်ဖျက်ဆီးမှုများသည်။ စပါးပင်၏ပင်ခြေရွက်ဖုံးများကြားတွင်နေထိုင်ဖျက်စီးသဖြင့်နှိမ်နင်းမှုကိုသေချာပြုလုပ်ရသည်။ စပါးပင်အဆစ်များကြားတွင်နေထိုင်သော ဆစ်ပိုးကဲ့သို့နေထိုင်မှုအကာအကွယ်ယူထားသဖြင့်ပိုးနှင့်ဆေး တွေ့ရန်အခွင့်အလမ်းနည်းသည်။ 

ကာကွယ်ခြင်းသည်ကုသခြင်းထက်ပို၍ကောင်းသည်ဆိုသကဲ့သို့ ကြိုတင်ကာကွယ်ခြင်းသည် ဖြစ်မှနှိမ်နင်းခြင်းထက်ပိုထိရောက်သည်။ ထို့ကြောင့်ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုကြောင့် စပါးတွင်ကျရောက်နိုင်သောဖျက်ပိုးများကိုကာကွယ်နှိမ်နင်းရာတွင် ပိုးကျရောက်မှုများလျော့နည်းသက်သာစေရန် ဖော်ပြပါစိုက်ပျိုးရေးနည်းလမ်းကောင်းများဖြင့်ဆောင်ရွက်သင့်ပါသည်။  

- စပါးစိုက်ခင်းနှင့် စိုက်ခင်းဝန်းကျင်ရှိပေါင်း မြက်များကိုရှင်းပါ။ 
- သီးလှည့်စိုက်စနစ်ကိုဆောင်ရွက်ပါ။ 
- အဓိကအာဟာရဓာတ်သုံးမျိုးအပါအဝင်ဓာတ်မြေဩဇာများကိုအချိုးကျကျအသုံးပြုပါ။ 
- ရေသွင်းရေထုတ်မှန်မှန်ပြုလုပ်ပါ။ 
- ထယ်ရေးပြင်စဉ် ထယ်နက်နက်ထိုးပါ။ 
- ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များရှိပါကပိုးမွှားများကျရောက်နိုင်ပါ၍ စိုက်ခင်းအတွင်း ပိုးမွှားများ ကျရောက်နေမှုရှိ/မရှိ စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပေးပါ။ 
- ပိုးကျရောက်မှုအတွက်ပိုးသတ်ဆေးအသုံးပြုတော့မည်ဆိုပါက ပိုးနှင့်ဆေးထိထိမိမိတွေ့စေရန် အသုံးပြုသည့်ဆေးအမျိုးအစားမှန်၍ ဆေးနှုန်းထားလည်းမှန်ကန်စေရန်သတိရှိရှိအသုံးပြုကြစေလိုပါသည်။ 

 ♻️စစ်မှန် ပြည့်ဝ ဝိစာရ♻️ 

 Sources : ကိုရဲ (စိုက်ပျိုးရေး)