menu

“အကျိုးပြုအဏုဇီဝဖျော်ရည် (EM) ပြုလုပ်နည်း”


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

➡️အကျိုးပြုအဏုဇီဝဖျော်ရည် (EM) ဆိုသည်မှာ မြေဆီလွှာအတွင်းရှိ သီးနှံပင်တို့၏ ကြီးထွားဖွံ့ဖြိုးမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြု အဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျ စုပေါင်းမွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်ပါသည်။

➡️အီးအမ်ထဲတွင် သီးနှံပင်အတွက် လေထဲမှနိုက်ထရိုဂျင်ကို ဖမ်းယူပေးသော အဏုဇီဝများ၊ အစာနှင့် ရေစုပ်ယူမှုကို အားပေးသော အဏုဇီဝများ၊ အပင်အစာချက်မှုကို အားပေးသော အဏုဇီဝများ၊ မြေထဲရှိ ဩဂဲနစ်ပစ္စည်းများ(သီးနှံအကြွင်းအကျန်များ) ကို လျင်မြန်စွာချေဖျက်၍ အပင်အတွက် အသုံးဝင်သော အာဟာရဓါတ်များထုတ်ပေးသည့် အဏုဇီဝများ၊‌ မြေထဲရှိရောဂါပိုးများကို ရှင်းလင်းပေးသော အဏုဇီဝများ ပါဝင်ပါသည်။

➡️အီးအမ်ကို မြေထဲသို့ထည့်သွင်းပေး၍ သင့်တော်သော အစိုဓါတ်ရှိအောင် ဆောင်ရွက်ပေးပါက အီးအမ်ထဲရှိ အဏုဇီဝများ မြေထဲတွင် ပွားများလာပြီး အထက်ပါအလုပ်များကို လုပ်ဆောင်ပေးခြင်းဖြင့် သီးနှံအထွက်ကို တိုးစေပါသည်။ အီးအမ်သည် သက်ရှိဖြစ်၍ ပွားများနိုင်ပြီး အနည်းငယ်ထည့်ရုံဖြင့် ရေရှည်အကျိုးကျေးဇူး ရရှိနိုင်ပါသည်။ 

➡️ထို့ကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုးပြုအဏုဇီဝဖျော်ရည်(Effective Microorganism) ကို ကိုယ်တိုင်ပြုလုပ်သုံးစွဲနိုင်ရန် အီးအမ်(EM) ပြုလုပ်နည်းကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါသည်။

➡️အကျိုးပြုအဏုဇီဝဖျော်ရည်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ .....

(၁) သင်္ဘောသီး - ၁ လုံး (၅၀ သား ဝန်းကျင်)

(၂) ငှက်ပျောသီး - ၁ ဖီး (၅၀ သား ဝန်းကျင်)

(၃) ရွှေဖရုံသီး - ၁ လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ဝန်းကျင်)

(၄) ကြက်ဥ- ၃-လုံး

(၅) ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု - ၁- ပိဿာ

(၆) ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် - ၂ ပိဿာ

(၇) ရေ (၅ မှ ၁၀) လီတာ ဝန်းကျင်

(၈) ရေ (၈) ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဉ့်အိုး

➡️ပြုလုပ်နည်းအဆင့်ဆင့် .....

၁။ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ) တို့ကို ၅၀သားစီစုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။

၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည့် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို (၃)ပိဿာခန့်ဝယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။

၃။ ထို့နောက် အသီး (၃)မျိုး၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ (၃)လုံး(လတ်လတ်ဆတ်ဆတ်ကို ဖောက်ထည့်ပါ)။ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။

၄။ ရေကို မပျစ်မကျဲအနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။

၅။ (၂ - ၃) ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတုပူလျှင် (၇) ရက် အေးလျှင် (၁၀) ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။

၆။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသောနေရာတွင်ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။

၇။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ (၆)လအတွင်း အသုံးပြုရမည်။

၈။ အီးအမ်ဖျော်ရည်ရေသန့်ဘူး ၄ပုံ ၁ပုံ (၂၅၀ စီစီ) အားရေ (၄) ဂါလံဖြင့်ဖျန်းနိုင်သည်။

➡️အီးအမ်ကို စိုက်ခင်းမြေသို့ထည့်ပေးခြင်း၊ သီးနှံပင်ပေါ်သို့ တိုက်ရိုက်ဖျန်းပေးခြင်း၊ မြေဆွေးအသုံးပြုရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံများ၏အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေပါသည်။ ရောဂါနှင့် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးပါသည်။ အီးအမ်ဖြင့် မြေဩဇာအမျိုးမျိုးအပြင် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများလည်း ပြုလုပ်နိုင်ပါကြောင်း စိုက်ပျိုးရေးဗဟုသုတအဖြစ်တင်ပြအပ်ပါသည်။

Sources : ဆရာပါမောက္ခဒေါက်တာမြင့်လွင် (သဘာဝမြေဆွေးများပြုလုပ်သုံးစွဲနည်း)