menu

အလေအလွင့်ထိန်းပြီး မတ်ပဲရိတ်သိမ်းကြပါ

 
🔸ဒီဇင်ဘာလကုန်ဆုံးခါနီးတွင် မန္တလေးဈေးကွက်ထဲသို့ မတ်ပဲများ ရောက်ရှိလာပြီဟုသတင်းရပါသည်။ မြန်မာ့ထွက်ကုန် ပဲမျိုးစုံတွင် မတ်ပဲနှင့် ပဲတီစိမ်းမှာ ဈေးကွက်ကောင်းရှိသော ပဲများဖြစ်သည်။ ယာသီးထပ်စိုက်ပျိုးကြသည်မှာ စက်တင်ဘာလနှင့်အောက်တိုဘာလဖြစ်ကြသည်။ ထို့ကြောင့်မတ်ပဲသည် အစောဆုံးဈေးကွက်ရောက်လာပြီ။ စိုက်ပျိုးကြသည်မှာလည်း သက်တမ်းတို၊ နှစ်လ၊ နှစ်လခွဲမျိုးတွေ ဖြစ်နေပြီ။အများဆုံးစိုက်ပျိုးကြသည်မှာ လယ်စပါး (မိုးစပါး) ရိတ်သိမ်းပြီးမှ သီးထပ်စိုက်ကြသဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် တအောင့်တမ စိုက်ကြသည်။ ထို့ကြောင့် မတ်ပဲသည် ဖေဖော်ဝါရီလ၊ မတ်လတို့တွင်ထပ်မံပြီး ဈေးကွက်ရောက်ရှိလာကြပါဦးမည်။  

🔸ဈေးကွက်အများစုမှာ ပြည်ပအိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံသို့ ဖြစ်သည်။ အဝေးကနိုင်ငံများသို့လည်း ဈေးကွက်အရ တင်ပို့ကြပါသေးသည်။ ဝယ်လက်ဈေးကွက်ကဒေါင်ဒေါင်မြည်၊ စံချိန်မီမှ ကြိုက်ဈေးရပါသည်။ ပြည်ပဈေးကွက် ပဲဝယ်ယူမှုသည် စားသုံးရန် ဝယ်ယူမှုသာကမ ပဲမှနေ၍ လူသုံးကုန်၊စားသုံးကုန် မျိုးစုံကို ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်နေကြပြီ။ ပဲကနေ မွေးမြူရေးတိရစ္ဆာန်ကထွက်သော စားကုန်မျိုးစုံအထိ ပုံစံတူထုတ်လုပ်နေနိုင်ကြပြီဟုလည်းသတင်းကြားသိနေရသည်။ မတ်ပဲဆိုလျှင် ဓာတ်ပစ္စည်း ၁၄ မျိုးအထိ ပါရှိနေသည်။ အညာကျေးလက်တောရွာများတွင် အနာမရင်းအောင် မတ်ပဲစေ့အခြောက်ကို သွေးပြီး လိမ်းကြသည်။ ပဲတီစိမ်းထက် အစာကြေညက်မှုမှာ ပိုကောင်းသည့်ပဲသည် မတ်ပဲဖြစ်သည်။ စိုက်ပျိုးရေးအမြင်နှင့်ကြည့်လျှင်လည်း မတ်ပဲအပင်၊ အကိုင်းအခက်၊ အရွက်မှာ အကျိုးပြုဓာတ်ခုနစ်မျိုးပါသည်။  

🔸ပဲမျိုးစုံမှာ သီးတောင့်တွေ ၇၅ ရာခိုင်နှုန်း အရောင်ပြောင်းမှ ရိတ်သိမ်းကြပါ။ ရိတ်သိမ်းပြီးလျှင်လည်း အခြောက်ခံစက်က အများစုမရှိကြသေးတော့ နှစ်နေ၊ သုံးနေ နေလှန်းပြီးမှခြွေလှေ့သန့်စင်ပါ။ အစေ့ထဲ မှာ အစိုဓာတ်၈ မှ ၁၀ ရာခိုင်နှုန်း နေလှန်းပြီးမှ သိုလှောင်ရောင်းချပါ။ အခြောက်ခံစက်၊ အစေ့အလုံး အရွယ်ညီ ရွေးထုတ်နိုင်သည့်စက်၊ သိုလှောင်နိုင်သည့်ဆိုင် (သီးနှံသိုလှောင်ကန်) တွေရှိလျှင်တော့ အရည်အသွေးလည်း ကောင်းမည်။ အလေအလွင့်လည်း သိသိသာသာလျော့နည်းမည်။ ဈေးကွက်တွင် သန့်မှ ကောင်းမှ ဖြစ်မည်။ ဖုန်၊ သဲ၊ ခဲ ကင်းမှဖြစ်မည်။ လုံးပိန်၊လုံးညှပ်၊ အစေ့မှိုတက်၊ အရောင်ပျက်ပါရင်မကြိုက်ကြပါ။  

🔸မတ်ပဲဆိုလည်း မတ်ပဲချည်းမှအခြားသောအရောင်တူ၊ အလုံးတူပဲတွေ မပါမှဖြစ်သည်။အစေ့အရွယ်တောင်မှ အစေ့သေးရင် ဆန်ခါကျအစေ့အရွယ်ကဘယ်လောက်ရှိရမည်။ အစေ့ကြီးဆိုလည်းဘယ် လောက်ရှိရမည်သတ်မှတ်ထားသည်။အဆင့်အတန်းကလည်း ထိတ်ထိတ်ကြဲ (ရှယ်) အထူး၊ ပထမတန်း စသည် ခွဲခြားကြတာဖြစ်တော့ ခွင့်ပြုချက်အရည်အချင်းအမြင့်ဆုံးရအောင် အစေ့ကွဲ၊ ပိုးထိုး၊ အရောင်ကွဲ၊ အစေ့ကွဲတွေမပါဘဲ ယှဉ်ပြိုင်နိုင်အောင် ဈေးကွက်ရနေသည့် မတ်ပဲကိုဂရုပြုပြီး ရိတ်သိမ်းသည်မှ ရောင်းချသည်အထိ အဆင့်ဆင့်သော လုပ်ငန်းများမှာဂရုပြုပြီး တောင်သူ၊ ရောင်းသူ၊ ဝယ်သူ၊ တင်ပို့သူများ ပြုလုပ်ကြရသည့် သီးနှံဈေးကွက်ကြီးမှာ ပဲလည်း ပျက်စီးလွယ်ခြင်းကြောင့် ဂရုပြုရပါသည်။ လုပ်ငန်းရပ်များတွင် စက်ကိရိယာများများ သုံးလာနိုင်လေ လေလွင့်လျော့နည်း၊အရည်အသွေးကောင်းလေဖြစ်လာနိုင်ပါသည်။  

ကိုရဲ(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ ခုနှစ် ဇန်နဝါရီ လ (၁၁-၁၇)ရက်။