menu

အပင် နှင့် ပတ်ဝန်းကျင်


🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

✔️သီးနှံမျိုးစေ့ကို မြေချစိုက်ပျိုးလိုက်သည်နှင့် အစိုဓာတ်သင့်တင့်မျှတမှုရှိလျှင် အပင်ပေါက်လာမည်။ အစေ့မှ အပင်ဖြစ်လာသည်နှင့် အဆိုပါအပင်သည် ပတ်ဝန်းကျင်နှင့် ထိတွေ့ရင်ဆိုင်ရပါတော့သည်။ အပင်၏ မြေထဲမှာရှိသောအမြစ်ကလည်း အမြစ်ပတ်ဝန်းကျင်နှင့် တွေ့ရပြီ။ မြေပေါ်ရှိ ပင်စည် အကိုင်း အခက်၊ အလက်၊ အရွက်၊ အပွင့်၊ အသီးတို့ကလည်း ကြုံတွေ့ရပြီ။ အလင်းရောင်၊ အပူချိန်၊ ရေအစိုဓာတ်၊ မြေထဲမှ အာဟာရဓာတ်၊ တိုက်ခတ်သည့်လေ၊ နှောင့်ယှက်ဖျက်ဆီးမည့်ပိုးမွှားနှင့် အပင်ရောဂါစုံလို့ပင် ဖြစ်ပါသည်။

✔️မြေထု၏ အပေါ်ယံလွှာပါးသည်သစ်ပင်များပေါက်နိုင်ပြီး မြေကြီးသားနှင့် အော်ဂဲနစ်ပစ္စည်း (သက်ရှိ ရုပ်ကြွင်းများ) အချိုးကျရောနှောပါရှိနေသည့် အဆိုပါအပေါ်ယံမြေလွှာသည် သီးနှံစိုက်ပျိုးရေးအတွက် မြေဆီများရှိသောအလွှာဖြစ်၍ “ မြေဆီလွှာ“ ဟု ခေါ်ကြသည်။ မြေထဲမှာ ရေရှိသည်။ လေရှိသည်။ သက်ရှိနှင့် သက်မဲ့ရုပ်ကြွင်းများရှိနေသည်။ ထုထည်အမျိုးအစားဖြင့် ကြည့်လျှင် မြေသား ၅၀ ရာခိုင်နှုန်းနှင့် လေဟာနယ်၊ လေဟာပေါက် ၅၀ ရာခိုင်နှုန်းရှိသည်။ လေဟာနယ်ထဲတွင် လေ ၂၅ ရာခိုင်နှုန်းနှင့် ရေ ၂၅ ရာခိုင်နှုန်းပါရှိနေသည်။ မြေသား ၅၀ ရာခိုင်နှုန်းတွင် သက်မဲ့ရုပ်ကြွင်း (မင်နရယ်ပစ္စည်း) ၄၅ ရာခိုင်နှုန်းနှင့် သက်ရှိရုပ်ကြွင်း (အော်ဂဲနစ်ပစ္စည်း) ငါးရာခိုင်နှုန်းသာပါရှိနေကြသည်။

✔️ထို့ကြောင့် အော်ဂဲနစ်ပစ္စည်း (သဘာဝမြေဆွေး) များကို လုံလောက်အောင် ထည့်ပေးကြရသည်။ ဤသို့ ဖော်ပြပါအချိုးအဆတွင် အဓိကပြောင်းလဲနိုင်သည်မှာ မြေထဲရှိ လေဟာနယ်ထဲက ရေနှင့်လေ အချိုးအဆဖြစ်သည်။ မည်သည့် အတွက် ပြောင်းလဲနေပါသနည်း။ ရာသီဥတုနှင့် အခြားပတ်ဝန်းကျင် အခြေ အနေတို့အပေါ် မူတည်ပြောင်းလဲနေသဖြင့် ရာသီဥတုကို အထူးသတိပြုပြီး စိုက်ပျိုးရေးလုပ်ကိုင်ရ ပါသည်။ ယခုအခါ ရာသီဥတုကလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့်အတူ ပြောင်းလဲဖြစ်ပေါ်မှု မြန်ဆန်နေပါသဖြင့်ပို၍ပို၍ သတိပြုရပါတော့သည်။ ရာသီဥတုကြောင့် ရေရှားပါးမှု၊ ရေများမှု၊ လေမုန် တိုင်းကျမှုများ ဖြစ်လာသည်။ ထို့ကြောင့် လေဟာနယ်အပိုင်း၏ ၅၀ ရာခိုင်နှုန်းသည်အမျိုးမျိုးပြောင်းလဲပြီး မြေဆီလွှာတွင်ဖြစ်ပေါ်နေသည်။ 

✔️သီးနှံပင်များအတွက် လုံလောက်သော မြေအာဟာရ၊ လုံလောက်သော ရေအစိုဓာတ်၊ လုံလောက်သော အပူချိန်၊ အလင်းရောင်ရရှိလျှင် အပင်ကြီးမည်။ ပွင့်သီးဝေဆာမည်။ အထွက်နှုန်းကောင်းမည်။ ဤတွင် မျိုးစေ့၊ အစာမြေသြဇာ၊ ပြုစုမှုကို ဆောင်ရွက်ပြုပြင်လုပ်ကိုင်၍ ပေးနိုင်ပါသော်လည်း ပူခြင်း၊ အေးခြင်း၊ မိုးရွာခြင်း၊ ရေရခြင်း၊ မိုးမရွာခြင်း၊ ရေမရခြင်းကို ပြုလုပ်ပေးသည့် ရာသီဥတုကို ပြုပြင်ပေးနိုင်ရန် မဖြစ်နိုင်ပါ၍ စိုက်ပျိုးမှုကိုပြုပြင်ပြောင်းလဲကာ လိုက်လျော ညီထွေပြုလုပ်ပေးနိုင်မှသာ သီးနှံစိုက်ပျိုးမှု အောင်မြင်ပါတော့သည်။ 

✔️ဆက်စပ်နေသော ပတ်ဝန်းကျင်များစွာထဲမှ အပင်ရောဂါမှာလည်း သီးနှံပင်များတွင်လည်း ဖြစ်ပွားမှု များပြားလာကြပါသည်။ အပင်များရောဂါဖြစ်လျှင် အပင်ကြီးမှုနှင့် အထွက်နှုန်းကျမည်။ အပင်ရောဂါ ဖြစ်စေသည့် အဏုဇီဝသက်ရှိများက အပင်များ၏ ဇီဝဖြစ်စဉ်ကိုဖျက်ဆီးခြင်းဖြစ်သည်။ အပင်ရောဂါ တစ်မျိုးဖြစ်ရန် ရောဂါရှိရမည်။ အပင်ရှိရမည်။ ရောဂါကိုအားပေးသော ပတ်ဝန်းကျင်ရှိရမည်။ ဤသို့ အပင်၊ရောဂါ၊ ပတ်ဝန်းကျင် သုံးခုတွင် တစ်ခုခု လိုအပ်ချက်ရှိလျှင် ရောဂါမဖြစ်မှု၊ သက်သာမှုရှိသည်။ 

✔️အပင်ရောဂါဖြစ်လျှင် အပင်၏ ဇီဝကိစ္စဆောင်ရွက်ချက်များ ချို့ယွင်းထိခိုက်ပြီး မူမမှန်ကြီးထွားမှု၊ မျိုးပွားမှုများ ဖြစ်လာပြီး အပင်ကထွက်သမျှပစ္စည်း မကောင်းတော့ပေ။ အပင်များရှိသင့်သောအရောင်မရှိ၊ အပင်ပုံသဏ္ဌာန်ပျက်၊ ကြီးထွားမှုဖောက်ပြန်၊ အပင်ညှိုး၊ သေ၊ ပုပ်၊ မူမမှန်အစေးများ အပင်ကထွက်ရှိလာတော့သည်။ ရောဂါဖြစ်စေနိုင်သော သက်ရှိက အစွမ်းလည်းထက်မည်။ အရေ အတွက်ကလည်း များမည်။ အပင်ကလည်း ကျန်းမာ ကြံ့ခိုင်မှု၊ ခံနိုင်ရည်ရှိမှု အားနည်းမည်ဆိုပါက အဓိကဖြစ်သော ရောဂါဖြစ်ပေါ်မှုကို အားပေးသော ပတ်ဝန်းကျင်အခြေအနေ၊ (အပူချိန်၊ အလင်းရောင်၊ စိုထိုင်းဆ) ဤသုံးချက် ဖောက်ပြန်လာပြီဆိုပါက ပိုမို၍အပင်ရောဂါများ ကြုံတွေ့ရနိုင်သည်။

✔️ယခုအခါ တောင်သူကြီးများ ကြုံတွေ့မှုများရှိနေကြသော အပင်ဖျက်ပိုးမွှားနှင့် အပင်ရောဂါကျရောက် မှုတွင် ပတ်ဝန်းကျင် ရာသီဥတုမှာ လွှမ်းမိုးမှုများစွာရှိနေပါသည်။ ရာသီဥတုကောင်းမွန်မှု၊ ရာသီဥတု ပုံမှန်ဖြစ်ပေါ်မှုအတွက် အရေးကြီးသည်မှာ သစ်တော၊ သစ်ပင် စိုက်ပျိုးထိန်းသိမ်းမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးသည်သာ အခရာဖြစ်ပါတော့သည်။

Sources : မြင့်စန်း (မြန်မာတောင်သူကြီးများဂျာနယ်)