menu

အပင်မှာ ရောဂါဖြစ်တတ်တဲ့ နီမတုတ်


▪️ အပင်ရောဂါဖြစ်စေနိုင်တဲ့ သက်ရှိဖြစ်တယ်။ ကူးစက်ပျံ့နှံ့နိုင်တယ်။ အပင်မှာ မှို ကြောင့်ဖြစ်တာ၊ ဘက်တီးရီးယားကြောင့် ဖြစ်တာ၊ ဗိုင်းရပ်(စ်)ကြောင့်ဖြစ်တာတွေက စိုက်ပျိုးသူအများစု ကြုံရ၊ သိရ၊ ဖြစ်ပွားကြရတယ်။ နီမတုတ်တွေကြောင့် အပင်ရောဂါဖြစ်ရင်သိကြတာနည်းတယ်။ နီမတုတ် (Nematode) ကို တီပိုးလို့လည်း ခေါ်တယ်။

▪️ တချို့က သန်ကောင်ကျတယ်လို့ ပြောတယ်။ တီပိုး သန်ကောင်လိုပဲ အများစုက အပ်ချည်မျှင်လို ရှုပ်ထွေးနေတဲ့ပုံစံရှိပေမယ့် တချို့ကျတော့ လုံးဝိုင်းဖောင်းကားတဲ့ ပုံသဏ္ဌာန်ရှိကြတယ်။ အဲ့ဒါကျတော့ အမ ကောင်တွေ ဖြစ်တယ်။ နီမတုတ်ဟာ တိရစာန်လောကထဲမှာပါတဲ့ အကောင်ဖြစ်လို့ ထူးခြားတဲ့အင်္ဂါရပ်က ခန္ဓာကိုယ်ရဲ့ ရှေ့ပိုင်းမှာရှိတဲ့ ခံတွင်းထဲမှာ ဆေးထိုးအပ် လို အခေါင်းပေါက်ပါရှိတဲ့ အချွန်အပ်ရှိနေတယ်။ အဲ့ဒီအပ်နဲ့ အပင်ထဲက အစာရည် စုပ်ယူတယ်။ နီမတုတ် အရွယ်အစားက မှန်ဘီလူးနဲ့ချဲ့ကြည့်မှ မြင်နိုင်လောက်တဲ့ သေးငယ်တဲ့ အရွယ်အစားကနေ သာမန် မျက်စိနဲ့မြင်နိုင်တဲ့ မုန်ညင်းစေ့ခန့်အရွယ် ရှိတတ်ကြတယ်။ နီမတုတ်တွေ အများဆုံး နေထိုင်ကြတာက မြေကြီးထဲမှာဖြစ်တယ်။ အမြစ်၊ ပင်စည်၊ အရွက်တွေထဲ ဝင်ရောက် ကြတယ်။ အစိုဓာတ်ကိုကြိုက်တဲ့ အကောင်တွေဖြစ်တော့ စိုစွတ်ရင်ပွားများတယ်။ အစိုဓာတ်မရှိ၊ ပူပြင်းခြောက်သွေ့ရင် သေ ကျေ ပျက်စီးကြတယ်။ ပျံ့နှံ့ပြန့်ပွားကြတာကို မျိုးစေ့တွေထဲကနေ ပျံ့နှံ့သလို သွင်းရေထုတ်ရေနဲ့ တစ်ခင်မှတစ်ခင်း ပျံ့နှံ့တယ်။ အဲ့ဒါကြောင့် နီမတုတ်ဆိုတာကလည်း ဖြစ်လာရင် တစ်ခင်းလုံး၊ တစ်ကွင်းလုံး ကူးစက်တတ်တဲ့ အပင်ရောဂါလက္ခဏာပြတာ တွေ့ရမှာ ဖြစ်တယ်။

▪️ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးမှုမှာ အများဆုံးစိုက်ပျိုးနေကြတဲ့ စပါးခင်းမှာ ကြုံတွေ့နိုင်တာက စပါးယူဖရာ(UFRA) ခေါ်တဲ့ စပါး လောင်မီးရောဂါ၊ စပါးရွက်ဖျားဖြူရောဂါ (မျိုးစေ့ဆောင်ရောဂါ)၊ စပါးမြစ်ဖုရောဂါ (နွေစပါးနဲ့ ယာစပါး ပိုမိုတွေ့ရ)တွေရှိ သလို ဒုတိယစိုက်ပျိုးမှု ပဲမျိုးစုံမှာလည်း တွေ့နိုင်တာက မြစ်ထွေးရောဂါ(ပဲစင်းငုံမှာ များများတွေ့ရ)၊ မြစ်ဖုရောဂါ(ပဲစင်းငုံ)၊ ခရမ်းချဉ်ပင်မှာ မြစ်ဖုနီမတုတ်တွေကြောင့် အမြစ်တွေမှာအဖုလေးတွေ ဖြစ်တာရှိတယ်။ နီမတုတ်တွေရဲ့ ထိုးဖောက်ဒဏ်ရာ တွေကနေ မြေကြီးထဲမှာရှိတဲ့ မှိုတွေဘက်တီးရီးယားတွေက ထပ်ပြီး ဝင်ရောက်လာ နိုင်လို့ ရောဂါတွေ ပြုံပြီးဆုံပြီးကျလာနိုင်ပါသေးတယ်။ အထူးသဖြင့် မိုးရွာမှုများတဲ့ ဒေသတွေ၊ ပင်လယ်ရေငန်စပ်လယ်မြေတွေ၊ စိုက်ခင်းတွေ၊ ရေသွင်းစိုက်တဲ့ စိုက်ခင်းတွေ၊စိုစွတ်အေးမြတဲ့ ဒေသတွေ ဂရု စိုက်ရတယ်။ ▪️ဘက်စုံကာကွယ်မှုကတော့ ရေသွင်းရေထုတ် သေချာလုပ်ရတယ်။ မျိုးစေ့မှာကပ်ပြီး ပါလာနိုင်လို့ မျိုးစေ့သေချာသန့်ရမယ်။ ဓာတ်မြေဩဇာကျွေးရင် အဓိက ဓာတ်သုံးမျိုး(N-P-K) အချိုးကျ ကျွေးရမယ်။ ပိုတက်ဆီယမ်ဓာတ်မြေဩဇာသုံးကြရမယ်။ အပင်တွေ ထိခိုက်ဒဏ်ရာ မရအောင်ဂရုပြု လုပ်ဆောင် ရမယ်။ရောဂါကျတဲ့စိုက်ခင်းကို သီးနှံရိတ်သိမ်းပြီးရင် ထယ်ထိုး၊ မြေလှန်၊ နေလှန်း၊ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့ရင် မီးရှို့တန်ရှို့ပေးကြရတယ်။ ရောဂါဖြစ်တဲ့စိုက်ခင်းက သီးနှံစေ့ကို မျိုးအဖြစ် ပြန်ယူပြီး မစိုက်ပျိုးသင့်၊ ပေါင်းမြက်တွေ ရှင်းရမယ်။ စိုက်ခင်းထဲမှာရော စိုက်ခင်း ပတ်ဝန်းကျင်မှာပါရှင်းမှ ဖြစ်ပွားမှုကင်းမယ်။ စပါးဆိုရင် မျိုးစေ့ကို အိမ်သုံးဆား ၅၀ ကျပ်သားနဲ့ ရေ ၁၀ ဂါလန်ဖျော်ပြီး ၂၄ နာရီ ဆားရည်စိမ်တာမျိုးလုပ်သင့်တယ်။

▪️ ဥပမာ- စပါးပင်မှာ ရွက်ဖျားဖြူ နီမတုတ် ကြောင့် ရောဂါဖြစ်ရင် မျိုးစေ့ကပါလာတာ များတယ်။ မျိုးစေ့မှာကပ်နေတဲ့ နီမတုတ် က စိုက်ခင်းထဲရောက်တော့ အစိုနဲ့ရောပြီး နိုးကြားမှုရှိလာတယ်။ စပါးပင်ထဲ ရောက်သွားပြီး စပါးပင်ရဲ့ ပင်ပွားတွေမှာထက် ပင်မပင်စည်ထဲမှာ ရှိနေတတ်တယ်။ အနှံတွေထဲအထိ ရောက်သွားနိုင်ပြီး စပါးစေ့တွေဖြစ်တော့ အဆန်ချောင်၊ အဆန်မတည်တဲ့ အစေ့တွေမှာ နီမတုတ်တွေ များများနေထိုင်ကြတယ်။ စပါးခွံနဲ့ စပါးစေ့ အဆန်ကြားမှာ အပ်ချည်မျှင်ခွေသလို ခွေ ပြီးနေကြတော့တယ်။ ရိုးပြတ်တွေ၊ အနှံ တွေမှာရှိနေပြီး ပျံ့နှံ့တော့တာဖြစ်ပါတယ်။ ▪️ထွန်ထယ်ကိရိယာတွေမှာလည်း ကပ်ငြိပြီးပျံ့နှံ့မှု ရှိတတ်ပါတယ်။ နိုက်ထရိုဂျင် ဓာတ်မြေဩဇာတွေ အချိုးမကိုက်ထည့်ရင်လည်း၊ များရင်လည်း ဖြစ်ပွားမှုပိုမိုဆိုးတတ်ပါ တယ်။ သီးနှံတစ်မျိုးတည်း တစ်နေရာမှာ နှစ်စဉ်ထပ်ကာထပ်ကာ မစိုက်ကြဘဲ သီး လှည့်စိုက်တာ၊ ထယ်ရေးခံတာ ခံနိုင်ရည် ရှိတဲ့ မျိုးစေ့စိုက်တာ၊ ပူပြင်းတဲ့ဒေသမှာ ကျတော့လည်း ကျရောက်မှုရှိပါတယ်။ သဲ ဆန်တဲ့မြေတွေမှာ ပဲ၊ နှမ်း၊ မြေပဲ အပင် အမြစ်တွေမှာကျတဲ့ နီမတုတ်ကို ဂရုပြု ကာကွယ်ကြရပါတယ်။ အထူးသဖြင့် အညာဒေသမှာ များများစိုက်ကြတဲ့ ပဲစင်းငုံစိုက်ခင်းတွေ ဂရုပြုပါ။ နီမတုတ်အချို့ဟာ မြေကြီးထဲမှာ သူကြိုက်တဲ့အခြေအနေမရှိ လည်း တချို့က လကြာကြာ အသက်ရှင် နိုင်ကြပါသေးတယ်။

ကိုရဲ(စိုက်ပျိုးရေး)
The Farmer Media