menu

💢အပင်မှာဖြစ်ပွားသော ရောဂါများ💢

 🌾🌿🍃🍂🌿🌾🌾🌿🍃🍂🌿🌾 

➡️လူ၊ တိရစ္ဆာန်တွေမှာ ရောဂါမျိုးစုံဖြစ်ကြသလို သစ်ပင်သီးနှံပင်တွေမှာလည်း ရောဂါဖြစ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် အပင်ရဲ့လုပ်ဆောင်ချက် ဇီဝကိစ္စတွေ ထိခိုက်ပျက်ပြားခံရရင် အပင်တွေဟာ ကြီးထွားမှု၊ ပွင့်သီးရင့်မှည့်မှုဆိုတဲ့ အပင်ပိုင်းဆိုင်ရာနဲ့ မျိုးပွားပိုင်းဆိုင်ရာ ဒီနှစ်ချက်မကောင်းတော့ဘူး။ ထိုအခါအထွက်နှုန်းရော၊ အရည်အသွေးရော မကောင်းတော့ပါဘူး။  

➡️အပင်တွေ ရောဂါကျ၊ မကျသိနိုင်ဖို့ အဲဒီအပင်ရဲ့ ပြသတဲ့လက္ခဏာတွေ မူမမှန်ဖြစ်လာရင် သိသာပါတယ်။ ဒီအခါမှားတတ်ပါတယ်။ အပင်တွေမှာ ဒုက္ခပေးတာက အပင်ရောဂါအပြင်အပင်မှာ ဖျက်ဆီးတဲ့ ပိုးမွှားကလည်း ကျသေးတာမို့ ပိုးလား၊ ရောဂါလား ခွဲခြားသိဖို့လည်း လိုပါတယ်။ ယေဘုယျအားဖြင့် ပိုးကျရင် ကိုက်ဖြတ်၊ ကုတ်ခြစ်၊ ထိုးဖောက်ဒဏ်ရာတွေ အပင်ရဲ့အစိတ်အပိုင်း၊အရွက်၊ ပင်စည်ရိုးတံ၊ အမြစ်၊ အပွင့်၊ အသီးတွေမှာ တွေ့ရမယ်။ စားပြီးစွန့်ပစ်တဲ့ ပိုးချေး (အညစ်အကြေး) တွေ့ရမယ်။ 

 ➡️အပင်ရောဂါဖြစ်ရင် တွေ့ရမှာကတော့ အရောင်အဆင်းတွေ ပြောင်းလာမယ်။ (အရွက်၊ အပွင့်၊ အမြစ်၊ အကိုင်း) ပုံသဏ္ဌာန်တွေ ပြောင်းလာမယ် (ပုမယ်၊ တိုမယ်၊ တွန့်မယ်၊ လိပ်မယ်)။ကြီးထွားမှုတွေ မူမမှန်ဖြစ်လာပြီး ပြောင်းသွားမယ်။ အပင်ညှိုးမယ်။ အပင်ပုပ်မယ်၊အစေးတွေ အပင်ကထွက်လာမယ်။ အဖုတွေ၊ အလုံးတွေဖြစ်လာမယ်။ ရောဂါပြင်းထန်လာရင် အပင်အစိတ်အပိုင်းတွေဖြစ်စေ၊ တစ်ပင်လုံး ဖြစ်စေ သေသွားမယ်။  
➡️အပင်မှာဖြစ်နေတာ ရောဂါလား၊ ပိုးကြောင့်လား၊ အာဟာရချို့တဲ့တာလားဆိုတာ ခွဲခြားမသိနိုင်ရင်ကာကွယ်နှိမ်နင်းဖို့အသုံးပြုတဲ့ဆေးဝါးကလည်း မှားတတ်ကြပါတယ်။ ဒီတော့ ငွေကုန်၊ လူပင်ပန်းပြီး ပိုးနဲ့ရောဂါက ပျံ့နှံ့မှုရှိတယ်။ မထိရောက်တော့ ရောဂါပိုဆိုးလာတာတွေ ရှိတယ်။ ကူးစက်ပျံ့နှံ့တယ်။ ရောဂါက အစွမ်းပိုထက်လာတတ်တယ်။ သီးနှံပင်က ရောဂါခံနိုင်မှုမရှိ ဖြစ်လာတယ်။ (သီးနှံအလိုက်ရောဂါဒဏ်ခံနိုင်တဲ့မျိုးစေ့ကို ရွေးချယ်ပြီးပြောင်းလဲစိုက်ကြရမယ်)။ ရောဂါဖြစ်စေတဲ့ပတ်ဝန်းကျင် (မြေ၊ ရေ၊ လေ၊ စိုထိုင်းဆ၊အပူချိန်၊ အလင်းရောင်) အခြေအနေတွေကြောင့်လည်း ရောဂါပိုဆိုးတတ်ပါတယ်။  

➡️အပင်ရောဂါဖြစ်တယ်ဆိုရာမှာ သီးနှံပင်ရှိရမယ်။ ရောဂါဖြစ်စေတဲ့ သက်ရှိ (မှို၊ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုတ်၊ မိုက်ကိုပလပ်စမာ) ရှိရမယ်။ ရောဂါကြိုက်တဲ့ ပတ်ဝန်းကျင်အခြေအနေ၊ ဒီအချက်သုံးချက် (အပင်၊ ရောဂါသက်ရှိ၊ ပတ်ဝန်းကျင်) ရှိမှဖြစ်ကြတာ၊ ရောဂါဖြစ်ပွားဖို့ ပတ်ဝန်းကျင်အခြေအနေမှာ ရာသီဥတု၊ (ပူတာ၊ မိုးရွာတာ၊ မိုးမရွာတာ၊ မိုးအုံ့တာ) က တော်တော်လွှမ်းမိုးမှုရှိလာတယ်။ 

 ➡️ရောဂါဖြစ်တဲ့ အကြောင်းရင်း နှစ်ချက်ရှိပါတယ်။ ကူးစက်တတ်တဲ့ ရောဂါသက်ရှိတွေကြောင့် နှင့်အပင်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေ မူမမှန်ဖြစ်တာကြောင့်ဖြစ်ပါတယ်။၎င်းမှာအပင်ကိုကျွေးတဲ့အာဟာရ (ရေ၊ ဓာတ်မြေသြဇာ၊ အားဆေး) ချို့တဲ့တာ၊လွန်ကဲတာတွေလည်း အကြောင်းရင်းဖြစ်ပါတယ်။  

➡️တချို့က အပင်မှာကျတဲ့ပိုး (စုပ်စားပိုးတွေ) ကြောင့် ဗိုင်းရပ်စ်ရောဂါဖြစ်လာတယ်။ (ဖိုတဲ့ရောဂါ-ဥပမာ နှမ်းဖိုရောဂါ၊ပဲပင်ဖိုတဲ့မိုစေ့ရောဂါ)။ ဘက်တီးရီးယားတွေကြောင့် ရောဂါဖြစ်တာလည်းရှိတယ်။(စပါးရွက်ခြောက်ရောဂါ၊ စပါးရွက်စင်းရောဂါ၊ စပါးပင်ခြေပုပ်ရောဂါနဲ့ ခရမ်းချဉ်ပင်မှာ ပင်ညှိုးရောဂါ၊ ကင်ကာရောဂါ၊ ချေးဖတ်ရောဂါ)။ နီမတုတ်တွေကြောင့်လည်းရောဂါဖြစ်တာရှိတယ်။ (စပါးယူဖရာရောဂါလို့လည်းခေါ်တဲ့ လောင်မီးရောဂါ၊စပါးရွက်ဖျားဖြူရောဂါ၊ စပါးမြစ်ဖုရောဂါ)။ 

➡️စိုက်ပျိုးရေးရဲ့ အခြေခံအချက်တွေကိုသိထားခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာမှာ အောင်မြင်မှု အများကြီးရရှိပြီး ဆုံးရှုံးမှုနည်းပါးမှာ ဖြစ်ပါတယ်။ ဒီအခြေခံအချက်တွေထဲက အပင်မှာကျတဲ့ပိုးနဲ့ အပင်ရောဂါကို ခွဲခြားသိခြင်းဖြင့် အနာနဲ့ဆေး တည့်အောင်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ 

ကိုရဲ (စိုက်ပျိုးရေး) 

မြန်မာတောင်သူကြီးများဂျာနယ်