menu

အစေ့မှ ကန်စွန်းစိုက်ပျိုးနည်း


🌿🌿🌿🌿🌿🌿🌿🌿🌿🌿

၁။ စိုက်ပျိုးဒေသ

 အောက်မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် စိုက်ပျိုးနိုင်ပါသည်။

၂။ စိုက်ပျိုးနည်း

 (၁)မြေပြုပြင်ခြင်း

 စိုက်ပျိုးမြေကို ထယ်(၂)စပ်ထိုးပြီး၊ ထွန်(၆-၈) စပ်မွှေပါ။ ရေသိုလှောင်ထိန်းနိုင်သော မြေဖြစ်လျှင် ကန်ဇွန်းစိုက်ရန် သင့်တော်ပါသည်။ တောင်ပေါ်ဒေသ၌ ဆောင်းတွင်းစိုက်ရန် မဖြစ်နိုင်ပါ။ ထွန်ရေးညက်လျှင် ကန်းသင်းဖော်၍ အကွက်ဖော်ပါ။ ထို့နောက် ရေသွင်းပြီး ဆက်၍ ထွန်မွှေပါ။ အခင်းသစ်တွင် မြေပြင်ချိန်၌ နွားချေး(၁၀-၁၅) စီး ထည့်သွင်းပြီးမြေကြီးကို မစိုက်ခင် နှပ်ထားသင့်ပါသည်။

 (၂) စိုက်ပျိုးခြင်း

 မြေကို ထွန်ယက်ပြီး ၃ပေအကျယ်၊ အရှည်သင့်တင့်စွာ ထား၍ ၄လက်မ အမြင့်ဘောင်များ ပြုလုပ်ပါ။ ဘောင်ပေါ်တွင် အစေ့များကို ပင်ကြား၊ တန်းကြား (၄×၆) လက်မ ထား၍ တစ်ကျင်းလျှင် မျိုးစေ့ (၂-၃) စေ့ခန့်ကို လက်မဝတ် အနက်မြုပ်၍ စိုက်ပါ။ ကျင်းများကို မြေဖြင့်ဖုံး၍ ကောက်ရိုး(သို့) စပါးခွံ နှစ်လက်မခန့်ထူထူ ဖုံးပေးပါ။ နှစ်ရက်၊သုံးရက်အတွင်း အပင်များပေါက်လာပြီး (၃-၄)ပတ်သားတွင် အပင်ရင်းမှ ဖြတ်၍ စားသုံးရောင်းချနိုင်သည်။ အပင်များဖြတ်ပြီး နွားချေး၊ မြေဆွေးစသည်တို့ ထည့်ပေးလျှင်နောက်ထပ်(၇-၁၀) ရက်အတွင်းထပ်မံ ခူးနိုင်သည်။ ကန်ဇွန်းရွက်ကို (၃-၄) ကြိမ်မျှ ဆွတ်ခူးပြီးလျှင် နောက်ထပ်အသစ်ပြန်စိုက်နိုင်သည်။ စိုက်ဘောင် အရွယ်အစား (၃×၂၀)ပေ၊ ဘောင်တစ်ဘောင်အတွက် မျိုးစေ့ နို့ဆီဘူးတစ်ဘူး လိုအပ်သည်။

 (၃) အပင် ပြုစုစောင့်ရှောက်ခြင်း

 အပင်စိုက်ပြီး (၁)လအတွင်း ပေါင်းမြတ်ပေါက်ပါက ရှင်းပေးရပါသည်။ လိုအပ်ပါက အပင်ကြီးထွားမှု အတွက် သင့်လျော်သော ရွက်ဖျန်းအားဆေးကို ပက်ဖျန်းပေးနိုင်ပါသည်။ သို့မဟုတ် ပုလဲဓါတ်မြေသြဇာ စတီးဇွန်း(၂)ဇွန်း ခန့်ကို ရေ(၄)ဂါလံပုံး တစ်ပုံးတွင်ဖျော်၍ လောင်းပေးနိုင်ပါသည်။ ကန်စွန်းသည် ရေကြိုက်သော သီးနှံဖြစ်သဖြင့် ရေမပြတ်ရန် အလွန်အရေးကြီးပါသည်။

 (၄) မြေသြဇာကျွေးခြင်း

 အကျယ်အဝန်း (၂၀ပေ × ၃ပေ) စိုက်ဘောင် တစ်ဘောင်အတွက် .....

 ▪️ မြေပြင်ပြုပြင်ချိန်တွင် နွားချေးတစ်တင်း။

 ▪️ မစိုက်မီ(၁-၂)ရက်အလိုတွင် ပုလဲဓါတ်မြေသြဇာ နို့ဆီဗူး၁/၂ ဗူး၊ တီစူပါ ဓါတ်မြေသြဇာ နို့ဆီတစ်ဗူးနှင့် ပိုတက်ရှ် ဓါတ်မြေသြဇာ နို့ဆီဗူး ၁/၂ဗူး။

 ▪️ စိုက်ပျိုးပြီးတစ်လအကြာတွင် ပုလဲဓါတ်မြေသြဇာနို့ဆီဗူး ၁/၂ ဗူး။

၃။ ရိတ်သိမ်းခြင်း 

 စိုက်ပြီး(၂-၃) ရက်အတွင်း အပင်ပေါက်လာပြီး (၃-၄) ပတ်သားတွင် အပင်ရင်းမှ(၁-၂) လက်မချန်၍ စတင် ဖြတ်နိုင်ပါသည်။ အပင်များဖြတ်ပြီး နွားချေး၊ မြေဆွေးစသည်တို့ ထည့်ပေးလျှင် နောက်ထပ်(၇-၁၀) ရက် အတွင်း ထပ်မံခူးယူ နိုင်ပါသည်။ ကန်ဇွန်းရွက်ကို(၃-၄) ကြိမ်မျှခူးပြီးလျှင် နောက်ထပ်အသစ် ပြန်လည် စိုက်ပျိုးနိုင်ပါသည်။

၄။ မျိုးစေ့ထုတ်လုပ်ခြင်း

 ကန်ဇွန်းကို အသီးများရင့်မည့်လာသည်အထိထားပြီး ကောင်းစွာ ခြောက်သွေ့ သောအခါ မျိုးစေ့ထုတ်ယူနိုင်ပါသည်။ သို့ရာတွင် အသုံးပြုသော ကန်ဇွန်းမျိုးစေ့များသည် ဒေသမျိုးမဟုတ်ပါကမျိုးစေ့ထုတ်ယူ၍မရပါ။

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း။