menu

အစေ့ထုတ်ပြောင်း အပင်ငယ်ဖြတ်တဲ့ ပင်ဖြတ်ပိုး


🌱🌽🐛🌽🌱🌱🌽🐛🌽🌱  

✔️အစေ့ထုတ်ပြောင်းကို ပြည်ပတင်ပို့ရာမှာ စပါး၊ ပဲမျိုးစုံပြီးရင် တတိယနေရာမှာ နေရာယူထားပါတယ်။ အစေ့ထုတ်ပြောင်းကို နှောင့်ယှက်ဖျက်ဆီးတဲ့ ငမြှောင်တောင်၊ဖောငမြှောင်တောင်၊ ဖူးစားပိုး၊ အရွက်စား ပိုး၊ ပျစတဲ့ ဖျက်ပိုးတွေအနက် အပင်ငယ်ကိုဖြတ်တဲ့ ပင်ဖြတ်ပိုးအကြောင်း ဆွေးနွေးချင်ပါတယ်။ ပင်ဖြတ်ပိုးဟာ ပြောင်းပင်ငယ်စဉ် အပင်သက်တမ်းရဲ့အစမှာ ဒုက္ခပေးတဲ့ ပိုးဖြစ်တဲ့အတွက်ပြင်းပြင်း ထန်ထန် ကျပြီဆိုရင် အပင်တောင်မမြင်ရလိုက်ဘဲ ကနဦး ဆုံးရှုံးသွားတာဖြစ်ပါတယ်။ အထွက် ရဖို့ ဆိုတာဝေလာဝေးပဲပေါ့။ ပင်ဖြတ်ပိုးကို ထိထိရောက်ရောက် အချိန်မီကာကွယ် နှိမ်နင်းမှုမပြုလုပ်နိုင် ဘူးဆိုရင် အထွက် ၃၅-၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ပါတယ်။  

✔️အစေ့ထုတ်ပြောင်းပင်ဖြတ်ပိုးဟာ ဥအဆင့်မှာ ခုနစ်ရက်၊ အကောင်ငယ် အဆင့်မှာ လေးပတ်၊ ရုပ်ဖုံး အဆင့်မှာ နှစ်ပတ်၊ ဖလံအဆင့်မှာသုံးပတ် ဘဝသံသရာလည်ပါတယ်။ မိုးရာသီစိုက် အစေ့ထုတ် ပြောင်းခင်းတွေမှာဆိုရင် မေ၊ ဇွန်၊ ဇူလိုင်လလောက်မှာ အထီးအမမိတ်လိုက်ပြီး ဥများကို ပြောင်းရွက်ရဲ့ အရင်း ပင်စည်နဲ့ ကပ်နေတဲ့နေရာမှာ ဥ အုချပါတယ်။ ဥကိုတစ်လုံးစီ အုပါတယ်။ ဆောင်းရာသီစိုက်ပျိုး တဲ့ အစေ့ထုတ်ပြောင်းခင်းတွေမှာဆိုရင် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အထီးအမ မိတ်လိုက်ပြီး ဥများကို ပြောင်းရွက်ရဲ့ အရင်းပင်စည်နဲ့ကပ်နေတဲ့နေရာမှာ တစ်လုံးစီ ဥ အုချပါတယ်။  

✔️လောက်ကောင်လေးတွေပေါက်လာပြီဆိုရင် အရွက်အဖျားသို့တက်ပြီး ပြောင်းရွက်များကို ကိုက်ဖြတ် စားသောက်ကြပါတယ်။ အစာဝလို့ တဖြည်းဖြည်း အကောင်လေးတွေ ကြီးလာရင်တော့ အပင်ခြေကို ဆင်းပြီး မြေကြီးနဲ့ ကပ်နေတဲ့နေရာကနေ အပင်ငယ်ကို ငုံးတိတိပြတ်ကျအောင် ကိုက်ဖြတ်ပါတယ်။ အောက်ကျန်နေတဲ့ ပင်စည်က အငုတ်ပဲကျန်ပါတယ်။ ဆက်ပြီး မရှင်သန်နိုင်တော့ဘဲအပင်ငယ်စဉ် ဘဝမှာပဲသေသွားပါတယ်။ ပင်ဖြတ်လောက်ကောင်တွေဟာ ညမှာပဲ ကျရောက်တတ်ပါတယ်။ တစ်ညမှာ လောက်ကောင်တစ်ကောင်ဟာ အစေ့ထုတ်ပြောင်းပင်ငယ် ၁၀၀-၁၅၀ အထိ ကိုက်ဖြတ်ချနိုင်ပါတယ်။

✔️ပြောင်းပင်ဖြတ်ပိုးဟာ ပြောင်းစိုက်ခင်း ပြောင်းပင်ငယ်စဉ်မှာပဲ ကျရောက်နိုင်ပါတယ်။ လောက်ကောင်ဟာ မိုးပြောင်းမှာ ကျရောက်ဖျက်ဆီးပြီး ပြောင်းပင်အခြေမှာ မြေကြီးထဲဝင်၍ ရုပ်ဖုံးလုပ် ခိုအောင်းနေ ပါတယ်။ ဆောင်းရာသီဆောင်းပြောင်းစိုက်တဲ့အခါမှာ ဖလံအဖြစ်ထွက်လာပြီးထပ်မံဖျက်ဆီးပြန်ပါတယ်။ မိုးပြောင်း၊ ဆောင်းပြောင်း ဆက်တိုက်စိုက်နေပါက ပိုးရဲ့သံသရာစက်ဝန်း မပြတ်တော့ဘဲ ရာသီပတ် လည် ကျရောက်ဖျက်ဆီးနေတတ်ပါတယ်။ တစ်ခါတစ်ရံ ကန်သင်းပေါ်ရှိ ချုံနွယ်များအောက်မှာ ရုပ်ဖုံးအဖြစ် ခိုနေတတ်ပါတယ်။  

✔️ဒီပင်ဖြတ်ပိုးကို .....  

 (က) ကာကွယ်ခြင်း  
၁ ။ ကန်သင်းဝန်းကျင်ရှိ ချုံနွယ်များကို သုတ်သင်မီးရှို့ပါ။  
၂ ။ ပင်ဖြတ်ပိုးကျရောက်ထားသော စိုက်ခင်းရိတ်သိမ်းပြီးပါက ထယ်ထိုးမြေလှန်၍ ရုပ်ဖုံးများသေအောင် နေလှန်းထားပါ။  
၃ ။ မြေပြုပြင်ချိန်မှာ ဝိစာရ၏ “ဒီပါ ၄၆ ဂျီ (သို့မဟုတ်) ဖစ်ပရို ၃ ဂျီအာ” ဆေးတစ်မျိုးမျိုးကိုကြဲပက်ပေးပါ။  
၄ ။ ငါးဧကကို တစ်တိုင် မီးရောင်ထောင်ချောက်ထွန်းညှိပါ။  

(ခ) နှိမ်နင်းခြင်း  
၁။ ပြောင်းခင်းကို လိုက်လံစစ်ဆေး၍ ပိုးလောက်ကောင်တွေ့ပါက ဝိစာရ ၏“ အီမာလန်ဒါ ၁၅ ဒဗလျူပီ (သို့) ရယ်ဒီ ၅၀၅ အီးစီ” ပိုးသတ်ဆေးတစ်မျိုးမျိုးကို သတ်မှတ်နှုန်းထားအတိုင်း ပက်ဖျန်း၍နှိမ်နင်းနိုင်ပါသည်။  

အောင်ဆန်း(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၂၈) - ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၃)ရက်။