menu

ဓာတ်မြေသြဇာသုံးလျှင် ဓာတ်ကြွင်းအာနိသင် ရှိပါသလား...။


အေးပေါ် B.Sc (Agri) 1964.  
M.Agr.Sc (Soil and Fertilizer)  
Qld. Australia (1969-1972)  
-----------------------------------  

အပင်တို့အတွက် အဓိကအရေးကြီးသော အာဟာရဓာတ်(၃)မျိုး ရှိပါသည်။  
  • ၁။ နိုက်ထရိုဂျင်  
  • ၂။ ဖော့စ်ဖရပ်  
  • ၃။ ပိုတက်စီယမ် တို့ဖြစ်ပါသည်။  
အထက်ပါ အာဟာရဓာတ်(၃)မျိုးမှာ မြေအများစုတွင် အနည်းငယ်သာ ပါဝင်ပြီး သီးနှံများမှာ များများစားစား လိုအပ်သဖြင့် ၎င်းတို့ကို အဓိကအရေးကြီးသော အာဟာရဓာတ်များဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ 

ဓာတ်မြေသြဇာများတွင် အဓိကအရေးကြီးသော အာဟာရဓာတ်(၃)မျိုးလုံး ပါဝင်မှသာ ပြည့်စုံသော ကွန်ပေါင်းဓာတ်မြေသြဇာ Complete Compound Fertilizer ဟုခေါ်ဆိုပြီး အဓိကအာဟာရ(၃)မျိုးအနက် (၂)မျိုးသာပါဝင်ပါက ပြည့်စုံသောဓာတ်မြေသြဇာဟု မခေါ်ဆိုနိုင်ပါ။ သို့ပါ၍ နိုက်ထရိုဂျင်တစ်မျိုးတည်းကိုလည်းကောင်း၊ အခြားဖော့စ်ဖရပ်နှင့် ပိုတက်စီယမ်တစ်မျိုးတည်းကိုလည်းကောင်း၊ ၎င်းတို့နှစ်မျိုးပေါင်းလျက်သော်လည်းကောင်း ဖွဲ့စည်းထားသော ပစ္စည်းများကို ပြည့်စုံသောဓာတ်မြေသြဇာဟု မခေါ်ဆိုနိုင်ပါ။ 

ပြည့်စုံသော ကွန်ပေါင်းဓာတ်မြေသြဇာ ဖေါ်စပ်ရာတွင် နိုက်ထရိုဂျင်ကို ပုလဲ(သို့)ယူရီးယား [Co(NH2)2]မှလည်းကောင်း၊ ဖော့စ်ဖရပ်ကို တီစူပါ[Ca3(PO4)2]မှလည်းကောင်း၊ ပိုတက်စီယမ်ကို ပိုတက်စီယမ်ကလိုရိုက်(KCl)နှင့် ပိုတက်စီယမ်ဆာလ်ဖိတ်(K2SO4) မှလည်းကောင်း ရယူကြပါသည်။ 

 ယခုအခါ အတွေးအခေါ် တိုးတက်လာသည်နှင့်အမျှ နိုက်ထရိုဂျင်ကို အမိုနီယမ်ဆာလ်ဖိတ်(NH4SO4)၊ အမိုနီယမ်နိုက်ထရိတ်(NH4NO3) စသည်တို့မှလည်းကောင်း ရယူကြပါသည်။ 

 ဖော့စ်ဖရပ်ကိုမူ အရည်မပျော်လွယ်သော တီစူပါအစား ပိုမိုအရည်ပျော်လွယ်ပြီး အပင်မှလွယ်ကူစွာ စုပ်ယူနိုင်သည့် မိုနိုအမိုနီယမ်ဖော့စ်ဖိတ် (NH2H3PO4)ကို အစားထိုးသုံးစွဲနေကြပြီ ဖြစ်ပါသည်။ သုတေသနများအရ တီစူပါမှဖော့စ်ဖိတ်မှာ ၃၀%ခန့် ရေတွင်ပျော်ဝင်နိုင်ပြီး မိုနိုအမိုနီယမ်ဖော့စ်ဖိတ်မှ ဖော့စ်ဖိတ်မှာ ၉၀%ကျော်ပျော်ဝင်ကြောင်း တွေ့ရှိရသဖြင့် သီးနှံပင်များသည် မိုနိုအမိုနီယမ်ဖော့စ်ဖိတ်မှ ဖော့စ်ဖိတ်ကို ပိုမိုစုပ်ယူနိုင်ပါသည်။ 

 အမှန်မှာ ကွန်ပေါင်းဓာတ်မြေသြဇာတွင် အဓိကပါဝင်သည့် နိုက်ထရိုဂျင်မှာ သဘာဝလေထုတွင် ၇၈%ခန့်ပါဝင်နေပြီး ဖော့စ်ဖိတ်မှာလည်း မြေတွင်း အပါတိုက်ခေါ် ဖော့စ်ဖိတ်မင်နရယ်များ ဓာတ်ပြိုကွဲခြင်းဖြင့်လည်းကောင်း၊ ပိုတက်စီယမ်မှာ မြေတွင်းကာနယ်လိုက်ခေါ် ပိုတက်စီယမ်မင်နရယ်များ ဓာတ်ပြိုကွဲခြင်းဖြင့်လည်းကောင်း မြေတွင်သဘာဝအလျောက် ဖြစ်ပေါ်စေပါသည်။ ဆိုလိုသည်မှာ ပြည့်စုံသော ကွန်ပေါင်းဓာတ်မြေသြဇာများတွင် ပါဝင်သည့်အဓိကအာဟာရ(၃)မျိုးမှာ လူတို့ထည့်မပေးလျှင်ပင် သဘာဝအတိုင်း ရှိနေခြင်းပင်ဖြစ်ပါသည်။ 

 မြန်မာနိုင်ငံတွင် N , P2O5 နှင့် K2O ပါဝင်သော ပြည့်စုံသည့်ကွန်ပေါင်းဓာတ်မြေသြဇာ သုံးစွဲမှုပမာဏမှာ တိုးတက်သော နိုင်ငံများနှင့်ယှဉ်လျှင် လွန်စွာနည်းနေကြောင်းလည်း တွေ့ရှိရပါသည်။ ဥပမာ.. မြန်မာနိုင်ငံတွင် (၁၀:၁၀:၅) အချိုးရှိ ကွန်ပေါင်းဓာတ်မြေသြဇာကို တစ်ဧကလျှင်(၂-၃)အိတ် သုံးနေသည့်ယနေ့အချိန်တွင် တိုးတက်သောနိုင်ငံများတွင် (၆-၉)အိတ်ခန့် အသုံးပြုနေကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ မြန်မာနိုင်ငံတွင် ဓာတ်မြေသြဇာသုံးစွဲမှု ပမာဏလွန်စွာ နည်းပါးနေကြောင်းလည်း သိရှိရပါသည်။ 

 ထို့ကြောင့် ဓာတ်မြေသြဇာပြုလုပ်နေသည့် ကုန်ကြမ်းများ ( ပုလဲ၊ တီစူပါ၊ ပိုတက် )မှာ မူလသဘာဝ မင်နရယ်များဖြစ်ခြင်း၊ သုံးစွဲနေသည့်ပမာဏ လွန်စွာနည်းခြင်းနှင့် ဓာတ်ကြွင်းအာနိသင်ခေါ် သက်ရှိများအတွက် အန္တရာယ်ဖြစ်စေသည့် မပြိုပျက်နိုင်သည့် လေးလံသောသတ္တုများ Heavy Metal (သွပ်၊ ခဲ၊ ကြေးနီ၊ ပြဒါး) လုံးဝပါဝင်ခြင်း မရှိသဖြင့် ကွန်ပေါင်းဓာတ်မြေသြဇာများ အသုံးပြုခြင်းဖြင့် ဓာတ်ကြွင်းအာနိသင် လုံးဝမရှိနိုင်ပါ။ 

ဓာတ်မြေသြဇာတွင် ပါဝင်သည့် အနည်းလိုအာဟာရများမှာလည်း ပါဝင်မှုလွန်စွာနည်း၍ ရာခိုင်နှုန်းနှင့် မဖေါ်ပြဘဲ သန်းခိုင်နှုန်းဖြင့်သာ ဖေါ်ပြလေ့ရှိပြီး သီးနှံများအတွက် အဆိပ်အတောက်မဖြစ်ဘဲ ဓာတ်ကြွင်းအာနိသင်လည်း လုံးဝမရှိနိုင်ပါ။ 

ဓာတ်ကြွင်းအာနိသင်ကိစ္စ ဆွေးနွေးရာတွင် စျေးကွက်နှင့် တိုင်းပြည်တိုးတက်မှုအတွက် အရေးကြီးသဖြင့် ဖတ်ရှုသူ ထင်ယောင်ထင်မှား ဖြစ်စေရန် ရေးသားသကဲ့သို့ ဖြစ်နိုင်သည့်အပြင် အမှန်တရားကို ဖုံးကွယ်ရာရောက်သဖြင့် ပြည်သူလူထုက ဗဟုသုတအမှတ်အမှားတစ်ခုကို မှတ်သားသွားနိုင်သဖြင့် ပြောဆိုရေးသားသူများ အထူးဂရုပြုရန် အလွန်အရေးကြီးပါသည်။ 

 ထို့ကြောင့် ကွန်ပေါင်းဓာတ်မြေသြဇာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုနေသော ပုလဲ၊ တီစူပါနှင့် ပိုတက်စီယမ်ဓာတ်ဆားများ၏ မူရင်းမင်နရယ် ဓာတုဖွဲ့စည်းပုံကို သိရှိခြင်းဖြင့် ၎င်းတို့အဆိပ်အတောက် ဖြစ်မှုနှင့် ဓာတ်ကြွင်းအာနိသင် ဖြစ်ပေါ်စေမှုကို ခန့်မှန်းနိုင်ပါသည်။ 

ပုလဲဓာတ်မြေသြဇာ 
----------------------  

ပုလဲခေါ် ယူရီးယားဓာတ်မြေသြဇာ ထုတ်လုပ်ပုံကို အကြမ်းအားဖြင့် အောက်ပါအတိုင်းဖေါ်ပြ နိုင်ကြပါသည်။  

ပထမအဆင့်အဖြစ် လေထုမှ နိုက်ထရိုဂျင်ဓာတ်ငွေ့နှင့် ရေနံတွင်းထွက်မှ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ပေါင်းစပ်ပြီး အမိုးနီးယားဖြစ်ပေါ်စေပါသည်။ 2N+3H2=2NH3  

ဒုတိယအဆင့်အဖြစ် အမိုးနီးယားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ပေါင်းစပ်ပြီး အမိုးနီးယမ်ကာဗာမိတ် ဖြစ်ပေါ်လျက် ၎င်းတို့မှတဆင့် ယူရီးယားဖြစ်ပေါ်လာပါသည်။ 
2NH3+CO2=NH2COONH4 NH2COONH4=NH2CONH2+H2O 

 ဖော့စ်ဖိတ် ဓာတ်မြေသြဇာ 
----------------------------- 

 တီစူပါမှာ မီးသင့်ကျောက်တွင်ပါဝင်သည့် အပါတိုက်များ [Ca3(PO2)4] ဓာတ်ပြိုကွဲမှုကို အခြေခံပြီး တီစူပါဖော့စ်ဖိတ် မြေသြဇာများ ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ၎င်းတွင် ကယ်လ်စီယမ်ဖော့စ်ဖိတ်နှင့် ပူးတွဲပါဝင်လာသည့် မင်နရယ်ပေါ်မူတည်၍ အောက်ပါအတိုင်း ခွဲခြားထားပါသည်။  

ကာဘိုနေတိုအပါတိုက် 
[Ca3(PO4)2]3CaCO3  

ဖလူရိုအပါတိုက် 
[Ca(PO4)2]3CaF2  

ကလိုရိုက်အပါတိုက် 
[Ca3(PO4)2]3CaCl2 

 ဟိုက်ဒရော့ဆီအပ်တိုက် 
[Ca3(PO4)2]3Ca(OH)2 

 ဆာလဖေတိုအပါတိုက် 
[Ca3(PO4)2]3CaSO4 

ဤဖော့စ်ဖိတ်ပါ မြေသြဇာမင်နရယ်များတွင် အဆိပ်အတောက်မင်နရယ်များနှင့် ဓာတ်ကြွင်းအာနိသင် ပါဝင်လာနိုင်သည့် ဓာတ်ပစ္စည်းများ လုံးဝမပါဝင်ပါ။ 

ပိုတက်စီယမ် ဓာတ်မြေသြဇာ 
----------------------------------  

ပိုတက်စီယမ်ဓာတ်ဆား (KCl , K2SO4) ကိုမူ ပိုတက်စီယမ်အဓိကပါသော အောက်ပါမူရင်းမင်နရယ်များမှ ထုတ်ယူရရှိပြီး ၎င်းတို့၏ ဓာတ်တုပါဝင်ဓာတ်စင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

 Langbeinite … K2SO4.2MgSO4 
Carnallite …… KCl MgCl2.6H2O 
Kainite ……… KCl MgSO4.3H2O  

အထက်ဖော်ပြပါ မူရင်းမင်နရယ်များ ဖွဲ့စည်းပုံတွင် အဆိပ်အတောက်ဖြစ်စေပြီး ဓာတ်ကြွင်းအာနိသင် ဖြစ်စေနိုင်သည့် ဓာတ်သတ္တုများ မပါဝင်ကြောင်းလည်း တွေ့ရှိရပါသည်။  

သို့ပါ၍ စျေးကွက်တွင် အသုံးပြုနေသည့် ကွန်ပေါင်းဓာတ်မြေသြဇာများတွင် ဓာတ်ကြွင်းအာနိသင် ရှိစေနိုင်သော ဓာတ်စင်များ လုံးဝပါရှိခြင်း မရှိပါ။ 

 ထပ်မံ၍ အထူးအလေးပေး ဖော်ပြလိုသည်မှာ ဓာတ်မြေသြဇာများ အသုံးပြုခြင်းဖြင့် ၎င်းတို့ပြိုကွဲပြီး နောက်ဆုံးတွင် သက်ရှိများသို့ အဆိပ်အတောက်ပစ္စည်းများ မရောက်ရှိနိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် အသုံးပြုနေသော နှုန်းထားများအရ ဓာတ်ကြွင်းအာနိသင် လုံးဝမရှိနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။  
( အေးပေါ် ) 

 စိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့ရများအသင်း (AUAA)မှထုတ်ဝေသော News Letter ပါ ဆရာဦးအေးပေါ်၏ " သိပ္ပံနည်းကျ စိုက်ပျိုး ရေးနည်းစဉ်များနှင့် ဓာတ်ကြွင်းအာနိသင် အန္တရာယ် " ဆောင်းပါးမှ ထုတ်နှုတ်ဖော်ပြ ပါသည် ။ 

 Than Win Agri