menu

ဓာတ်မြေဩဇာသုံးစွဲရာတွင် သတိပြုစေချင်


🔸ပြီးခဲ့တဲ့နှစ်နယ်ကို ခရီးထွက်ခဲ့ရတုန်းက လမ်းခရီးတစ်နေရာရောက်တော့ လယ်သမားကြီးတစ်ဦး စပါးခင်းကို ဓာတ်မြေဩဇာကြဲနေတဲ့ မြင်ကွင်းကို တွေ့ရပါတယ်။ အချိန်က မွန်းလွဲ ၁ နာရီဝန်းကျင် ရာသီဥတုသာယာပြီး နေပူရှိန်ပြင်းနေတဲ့ အချိန်ပါ။ စာရေးသူက ကားကိုရပ်ပြီး စပါးခင်းဓာတ်မြေဩဇာ ကြဲပက်နေတဲ့ လယ်သမားကြီးဆီကို ရောက်အောင်သွားခဲ့ပါတယ်။ 

🔸လယ်သမားကြီးနဲ့တွေ့တော့ ဘာမြေဩဇာ ကြဲတာလဲလို့ မေးတော့ “ပုလဲ” လို့ ဖြေပါတယ်။ စပါးမျိုးကတော့ ဆင်းသုခဖြစ်တယ်လို့ သိရပါတယ်။ စပါးပင်သက်တမ်းမေးတော့ တစ်လကျော်ကျော်က ကြဲခဲ့တာလို့ဆိုပါတယ်။ စာရေးသူက “ပုလဲမြေဩဇာကို သူတစ်မျိုးတည်းကြဲရင် လေလွင့် ဆုံးရှုံးမှု များတယ်။ ဒါကြောင့် ပုလဲတစ်အိတ်ကို မြေဆွေးသုံးအိတ်နဲ့ရောနှပ်ပြီး တစ်ညသိပ်ရမှ ကြဲရမယ်ဆိုတာ သိလားလို့” မေးတော့ “မသိဘူးလို့” ဖြေပါတယ်။ စိုက်ပျိုးရေးနည်းပညာတွေကို ဘယ်လောက်ပဲဟောခဲ့၊ ပြောခဲ့၊ ရေးခဲ့ပေမယ့် လယ်သမားရင်ထဲ မစွဲတာ သွားတွေ့ရပါတယ်။ 

🔸စိုက်ပျိုးရေးသမားပြန်ရင် မှတ်သားစရာကျန်ရမယ်။ နှစ်ထပ်ရှိမှ မှတ်မိ ဆိုသလို လယ်သမားကြီးများကို မှတ်မိအောင် ထပ်ပြီးဆွေးနွေးပေးချင်ပါတယ်။ တောင်သူအများစုက နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ)၊ ဖော့စ်ဖရပ်စ် ဓာတ်အတွက် တီစူပါ(အမည်း)၊ ပိုတက်စီယမ်ဓာတ်အတွက် ပိုတက်ရှ် (ဓာတ်ဆား) အသုံးပြုကြတာတွေ့ရပါတယ်။ တချို့လယ်သမားကတော့ နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက်ရှ်၊ ဆာလ်ဖာ အားလုံး စုပေါင်းထုတ်လုပ်ထားတဲ့ကွန်ပေါင်းမြေဩဇာသုံးကြတာလည်း တွေ့ရပါတယ်။ ဘာမြေဩဇာပဲ သုံးသုံး သုံးစွဲတဲ့နည်းစနစ်မမှန်ကန်ရင် လေလွင့်ဆုံးရှုံးမှုများပြီး သီးနှံပင်ကမစားရဘဲ အဟောသိကံ ဖြစ်သွားတတ်ပါတယ်။

🔸နိုက်ထရိုဂျင်အတွက် ယူရီးယား (ပုလဲ) မြေဩဇာကိုသုံးရင် စနစ်မကျပါက အပင်က ၃၀ ရာခိုင်နှုန်းသာ ရရှိပြီး ၇၀ ရာခိုင်နှုန်းဟာ အငွေ့ပြန်တာ၊ မြေအောက်စိမ့်ဝင်တာ၊ စီးဆင်းရေနဲ့ပါသွားတာ စတဲ့ နည်းလမ်းတွေနဲ့ လေလွင့်ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့် ဒီလေလွင့်ဆုံးရှုံးမှုကို ကာကွယ်ဖို့ အသုံးမပြုမီ တစ်ညသိပ်နှပ်ထားပြီးမှ ကျွေးရမယ်။ ပြီးတော့ ပုလဲကိုကျွေးတဲ့အခါမှာလည်း မနက်ပိုင်း နေအေးချိန် ၁၁ နာရီအတွင်းနဲ့ ညနေပိုင်း နေအေးချိန် ၃ နာရီနောက်ပိုင်းမှာ ကျွေးရမယ်။ ဘာကြောင့်လဲဆိုတော့ မနက်ပိုင်းနေပူနေရင် လယ်ကွက်ထဲမှာရှိတဲ့ ရေရဲ့အပူချိန်မြင့်တက်ပြီး ရေရဲ့ချဉ်ငန်ကိန်းဟာလည်း ၁၁ လောက်ထိ ရောက်ရှိနေတယ်။ ရေရဲ့ချဉ်ငန်ကိန်း မြင့်တက်လေလေ ယူရီးယား (ပုလဲ) မြေဩဇာမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ဓာတ်ဟာ အငွေ့ပြန်မှုများလေလေ ဖြစ်ပါတယ်။ ဆုံးရှုံးမှုများစေပါတယ်။ ပြီးတော့ ယူရီးယား (ပုလဲ) မြေဩဇာကို မိုးရွာနေရင် လုံးဝမကျွေးဘဲ ရပ်ထားရမှာ ဖြစ်ပါတယ်။ မိုးရွာနေစဉ်ကျွေးရင် မိုးရေနဲ့ ပျော်ဝင်ပါသွားပြီး ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

🔸နေ့လယ်နေပြင်းပြင်းပူနေတဲ့ အချိန်မှာလည်း ယူရီးယား (ပုလဲ) မြေဩဇာကျွေးတာကို ရှောင်ရမှာ ဖြစ်ပါတယ်။ အငွေ့ပြန်ဆုံးရှုံးမှုအလွန်များစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။ ယူရီးယား (ပုလဲ) မြေဩဇာကို အသုံးပြုရင် မြေပြင်ချိန်မှာတစ်ကြိမ်တည်း အသုံးမပြုဘဲ အပင်ပွားချိန်၊ ပင်ပွားစုံချိန်၊ မှိုမကပ်မီ တစ်ပတ်အလိုတစ်ကြိမ်၊ အနှံထွက်စချိန်၊ နို့ရည်တည်ချိန်မှာ ၅ကြိမ်ခွဲအသုံးပြုရင် စပါးအထွက်(၆-၁၆) တင်း(၇-၁၈) ရာခိုင်နှုန်းအထိ တိုးထွက်နိုင်တယ်လို့ ရေဆင်းစိုက်ပျိုးရေး သုတေသနဦးစီးဌာနက ပြောထားပါတယ်။

🔸တီစူပါမြေဩဇာကိုတော့ မြေပြုပြင်ချိန်မှာ တစ်ကြိမ်တည်း အသုံးပြုတာဟာ အကောင်းဆုံးပဲလို့ ဆိုပါတယ်။ ပိုတက်ရှ်ဓာတ်မြေဩဇာကိုတော့ မြေပြုပြင်ချိန် တစ်ကြိမ်တည်း ထည့်သွင်းအသုံးပြုတာ ထက်ပင်ပွားချိန်၊ မှိုမကပ်မီ တစ်ပတ်အလိုတစ်ကြိမ်၊ အနှံစုံချိန်မှာတစ်ကြိမ် ၃ကြိမ်ခွဲထည့်ပေးရင် စပါးအထွက်သိသာတိုးတက်စေပါတယ်။ ဈေးအချိုဆုံးနဲ့ အထိရောက်ဆုံး ပိုတက်စီယမ်ဓာတ်ကျွေးခြင်း နည်းလမ်းကတော့ ပိုတက်စီယမ်နိုက်ထရိတ် (ယမ်းစိမ်း) တစ်ဧက တစ်ကြိမ် ၂၅ ကျပ်သား၊ သုံးကြိမ် ၇၅ ကျပ်သားကို အမှုန့်ထောင်းပြီးတစ်ကြိမ်မှာ ရေဂါလန် ၂၀ နဲ့ ရောဖျန်းပေးရင် ပိုတက်ရှ်မြေဩဇာ ၅၆ ကီလိုအိတ် တစ်အိတ်နဲ့ ညီမျှတဲ့ အာနိသင်ရပါတယ်။ ကုန်ကျစရိတ်အလွန်သက်သာစေပါတယ်။ထို့ကြောင့် တောင်သူလယ်သမားကြီးများ ဒီဓာတ်မြေဩဇာသုံးစွဲနည်းတွေကို မှတ်သားထားကြစေချင်ပါတယ်။

Credit to : အောင်ဆန်း(စိုက်ပျိုးရေး)