menu

သဘာဝမြေသြဇာ ပြုလုပ်သုံးစွဲပါ


🌾🍃🌱🍃🌿🌿🍃🌱🍃🌾

↗️ ယခုဆွေးနွေး အကြံပြုလိုတာကတော့ သဘာ၀မြေသြဇာ၊ နွားချေး၊ မြေဆွေး၊ နုန်း စတဲ့မြေဆွေးတွေကို လယ်မြေယာမြေတွေထဲကို ထည့်ဖို့အကြောင်းလေးပဲ ဖြစ်ပါတယ်။

↗️ မိုးဦးအချိန်လေးဟာ သဘာဝမြေသြဇာ နွားချေး၊ မြေ ဆွေး၊နုန်း၊ အမှိုက်သရိုက်တွေကို လယ်မြေ ယာမြေ တွေထဲချဖို့ အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သဘာ၀ မြေသြဇာဖြစ်တဲ့ နွားချေး၊ ကြက်ချေး၊ မြေဆွေး၊ နုန်းနဲ့ အမှိုက် သရိုက်တွေကို စနစ်တကျ စုဆောင်းပြီး မဖြစ်မနေချပေးရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ရာသီ၊ တစ်ရာသီမှာ သစ်ပင်တွေ စိုက်ပျိုးလိုက်ရင် တစ်ရာသီကုန်ဆုံးသွားတဲ့ အချိန်မှာ မြေကြီးထဲမှာရှိတဲ့ အာဟာရတွေကို နုတ်ယူစားသုံးသွားကြလို့ပါပဲ။

↗️ ဒီလိုတစ်ရာသီ သစ်ပင်စိုက်တိုင်း အပင်ကထုတ်နုတ်စားသုံးသွားတဲ့ အာဟာရတွေကိုမြေကြီးထဲကို ပြန်ထည့်မပေးဘူးဆိုရင် မြေကြီးဟာဘာမှမကျန်ခဲ့ပဲ ဘူးခွံသဖွယ်ဖြစ်သွားပြီး မြေကန်းသွားပါ တော့တယ်၊ မြေဆီလွှာလည်း ပျက်သုဉ်း သွားတော့တာပေါ့။ သစ်ပင်တွေဟာ သူတို့ အသက်ရှင် ကြီးထွားဖွံ့ဖြိုးဖို့အတွက် မြေကြီးထဲက နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ်ဖရပ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ ဆာလ်ဖာဓာတ်၊ သံဓာတ်၊ မဂ္ဂနီစ်ဓာတ်၊ သွပ်ဓာတ်၊ ဘိုရွန်ဓာတ်၊ မော်လ်ဘစ်ဒီနမ်ဓာတ်၊ ကလိုရင်းဓာတ် တွေကို စုပ်ယူ အသက်ရှင်သန်ကြီးထွားကြပါတယ်။

↗️ ဥပမာပြောရရင် စပါးရင့်မှည့်ပြီဆိုရင် နိုက်ထရိုဂျင်ဓာတ် ၄၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် (၃၀- ၃၅) ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် (၈၀ -၈၅) ရာခိုင်နှုန်း၊ ဆာလ်ဖာဓာတ် (၄၅ -၅၀) ရာခိုင်နှုန်းနဲ့ စီလီကာဓာတ်တွေကို စုပ်ယူသွားပါတယ်။ ဒါ့ကြောင့် တစ်ရာသီ တစ်ရာသီမှာ သစ်ပင်တွေကို ရိတ်သိမ်းပြီးတိုင်း နောက်သီးနှံတွေ မစိုက်ပျိုးရသေးမီအချိန်မှာ နွား ချေး၊ ကြက်ချေး၊ မြေဆွေး၊ အမှိုက်သရိုက်တွေကို စနစ်တကျစုဆောင်းပြီး လယ်မြေယာမြေတွေထဲ ချဖို့လိုတာဖြစ်ပါတယ်။

↗️ ဒီလိုသဘာဝမြေသြဇာတွေကိုစုဆောင်းသုံးစွဲတဲ့အခါမှာ မြေဆွေးပုံအဖြစ် စနစ်တကျ ပြုလုပ်ပြီး သုံးစွဲတာက ပိုပြီးအာဟာရဓာတ်နဲ့ပြည့်စုံပါတယ်။ မြေဆွေးပုံ လွယ်လွယ်ပြုလုပ်ဖို့ကတော့ ၁၀ ပေ အရှည်၊ အကျယ် ရှစ်ပေ၊ အနက် ခြောက်ပေလောက်ရှိတဲ့ မြေဆွေးကျင်းကိုတူးပြီး ရသမျှတိရစ္ဆာန် အညစ်အကြေးတွေကိုထည့်၊ ၁၀ လက်မလောက် တစ်လွှာရရင် အမှိုက်သရိုက်တွေထည့်၊ တစ်လွှာချင်းမှာ ဆန်ကွဲ၊ ဖွဲနု တစ်ပြည်လောက် ဖြူးလိုက်၊ အပေါ်မှမြေဆွေး၊ နွားချေး၊ အမှိုက် တစ်လွှာချင်း ထည့်လိုက်နဲ့ကျင်းပြည့်မောက်လာအောင် မြေဆွေးကျင်းထည့်ပြီး တာလပတ်နဲ့အုပ်ထားပါ။

↗️ မိမိလိုချင်သလောက် မြေဆွေးကျင်း အရေအတွက်ကို လုပ်နိုင်ပါတယ်။ မြေဆွေးကျင်းပူပြီး အိကျ သွားရင်လည်း အပေါ်မှ မြေဆွေး၊ နွားချေး၊ အမှိုက်တွေ ထပ်ပြီးပြည့်အောင်ထည့်ပေးရပါမယ်။ ဆွေးလာပြီးဆိုရင် မြေဆွေးအဖြစ် လယ်မြေ ယာမြေထဲလိုက်ချဖို့ပါပဲ။ တောင်သူလယ်သမားကြီးများအားလုံး သီးနှံတွေအထွက် တိုးနိုင်ကြပါစေ။

Sources : အောင်ဆန်း (စိုက်ပျိုးရေး)