menu

“ဆောင်းရာသီ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သော အပင်ရောဂါများ”


🍃🥔🍂🥦🍃🍐🍃🥬🍂🥜🍃

✔️အာလူးစိုက်ပျိုးရာတွင် နိုဝင်ဘာလ၊ ဒီဇင်ဘာလ စိုက်ကြသည့် ဆောင်းအာလူးနှင့် အောက်တိုဘာလ၊ နိုဝင်ဘာလစိုက်ကြသည့် ဆောင်းအာလူးဟု ရှိကြသည်။ ဆောင်းမြေပဲထက်မိုးမြေပဲက ပိုး၊ ရောဂါကျမှု ပို၍များသည်။ ကုလားပဲမှာဆောင်းသီးနှံစစ်စစ်ဖြစ်သောကြောင့် အခြားပဲများနှင့်မတူ ရာသီအေး ကြိုက်သဖြင့် ဆောင်းပျော်သီးနှံဖြစ်သည်။ ထို့အတူဆောင်းရာသီမှာ ပေါပေါများများ ပို၍တွေ့လာရသော သီးနှံမှာ နှင်းကြိုက်သည့် မုန်လာဥဖြူများ ဖြစ်သည်။ 

✔️ဟင်းသီးဟင်းရွက်အပင်များကို အုပ်စုခွဲလိုက်လျှင် ဘူး၊ ဖရုံ၊ သခွားတို့မှာ တစ်အုပ်စုဖြစ်၍ မျိုးရင်းတူ အပင်များတွင် ကျရောက်သောအပင်ရောဂါနှင့်ပိုးတို့လည်း တူညီမှုရှိကြသည်။ မိုးအုံ့မှုနှင့် နှင်းထူထူကျမှု၊ နေ့မှာပူ၍ ညမှာအေးသော ရာသီဥတုပြောင်းလဲမှု၊ ဘူး၊ ဖရုံ ကျိုင်းကောင်ဖျက်ပိုးတို့၏ တစ်ခင်းမှတစ်ခင်း ပျံသန်းရာက အပင်ရောဂါကူးနိုင်သည်။ မှိုသည် ကြိုက်နှစ်သက်သောရာသီဖြစ်၍ ပျံ့နှံ့နေသည်။ လေ၊ ရေ၊ မိုး၊ နှင်းရည်စက်တို့ဖြင့် ကူးစက်နိုင်သည်။ ရွက်ခြောက်ရောဂါနှင့် အများဆုံးကျရောက်သည့် ဖားဥမှိုရောဂါ၊ အပင်ညှိုးရောဂါ (ဘူး၊ ဖရုံ၊ ကျိုင်းကောင်ကြောင့် အဓိကဖြစ်ပွားသည်) မှာ ဘက်တီးရီးယားကြောင့်ဖြစ်သော ပင်ညှိုးရောဂါဖြစ်သော်လည်း ပျံ့နှံ့သယ်ဆောင်သူမှာ ဘူး၊ ဖရုံကျိုင်းကောင်၏ အစာအိမ်အူလမ်းကြောင်းအတွင်း ခိုအောင်းရာမှ ကျိုင်းကောင်ကိုက်သော ဒဏ်ရာမှန်သမျှ ရောဂါကူး၍ ရောဂါကျတော့သည်။ မှိုကြောင့်ဖြစ်သောပင်ညှိုးရောဂါမှာ မြေထဲရှိ မှိုများက အဓိကရောဂါဖြစ်ကြရသည်။ ထို့ကြောင့် ပင်ညှိုးရောဂါသည် ရောဂါဖြစ်စေသော သက်ရှိနှစ်မျိုးရှိသည်။ ၎င်းမှာ မှိုနှင့် ဘက်တီးရီးယားတို့ဖြစ်သည်။ 

✔️အားလုံးသောရောဂါများသည် အရွက်တွင် လက္ခဏာပြကြသည်။ အစက်အပြောက်၊အဖြူမှုန့်၊ အရွက်ညှိုးကုပ်မှုတို့ တွေ့ရမည်။ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၏ အောက်ခြေပိုင်း လေဝင်လေထွက် မကောင်းဘဲ ရှုပ်ယှက်ခတ်နေလျှင် ရောဂါဖြစ်နိုင်သည်။ အရွက်ခြောက်များ ရှင်းဖယ်ထုတ်ရသည်။ ပေါင်းမြက်ရှင်းရသည်။ အပင်စိပ်စိပ်မစိုက်သင့်။ မုန်ညင်း၊ မုန်လာတို့သည် မျိုးရင်းအုပ်စုတစ်ခု ဖြစ်သည်။ ဆောင်းရာသီမှာစိုက်ပျိုးမှုများသော သီးနှံအုပ်စုဖြစ်သည်။ ပန်းမုန်လာ (ပန်းပွင့်) နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တို့သည် အပင်နှင့်အပွင့်၊အထုပ်ပုံသဏ္ဌာန်အရ ပိုးနှင့်ရောဂါလည်း များများကျသည့် သီးနှံဖြစ်သည်။ မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါ (အပျော့ပုပ်) ဖြစ်ကြရသည်။ အပျော့ပုပ်ရောဂါမှာ မုန့်ညင်းထုပ်နှင့် မုန်လာထုပ် (ဂေါ်ဖီထုပ်) တွင် အများဆုံးတွေ့နိုင်သည်။ ရောဂါဖြစ်လျှင် ပျက်စီးမှု ဆိုးရွားသည်။

✔️ဆောင်းရာသီတွင် မုန်ညင်းရွက်ပြောက်ရောဂါ၊ ထိပ်ပုပ်ရောဂါ ဖြစ်ပွားသည်။ ရိပုပ်ကြသည်။ အမည်းရောင်အမည်းပြောက်မှိုများလည်း တွေ့ရတတ်သည်။ အမည်းပုပ်သည့်ရောဂါဖြစ်သော ဘက်တီးရီးယားသက်ရှိသည် မြေကြီးထဲတွင် နှစ်နှစ်ခန့်အသက်ရှင်နိုင်သည်။ အချို့ဘက်တီးရီးယား တို့သည် မြေကြီးထဲ ခိုအောင်းမှုမရှိကြဘဲနှင့် မျိုးစေ့မျိုးဥများတွင် ခိုအောင်းကြသည်။(ဥပမာ-အာလူး) ထိုအခါ ရောဂါကင်းသည့် မျိုးရွေးချယ်စိုက်ကြရသည်။ သီးနှံအလှည့်ကျစိုက်ရသည်။ ပေါင်းမြက်ရှင်း ရသည်။ သီးနှံနုတ်သိမ်းပြီးလျှင်စိုက်ခင်းထဲတွင် ပင်ကြွင်းပင်ကျန်မရှိအောင် ဖယ်ရှင်းရသည်။

✔️ဘူး၊ ဖရုံ၊ သခွားတို့တွင် ဓာတုဆေးဝါးသုံးလျှင် ဂရုပြုကြရသည်။ အပင်လောင်ကျွမ်းမှုရှိနိုင်သည်။ ငရုတ်၊ ခရမ်းချဉ်၊ အာလူးတို့မှာလည်း မျိုးအုပ်စုတစ်ခုဖြစ်သည်။ အဆိုပါသီးနှံများတွင် မိုးစိုက်ပျိုးမှုက ပို၍ ပိုးရောဂါတွေ့ရတတ်သည်။ ဆောင်းစိုက်တွင်ငရုတ်စိုက်ခင်းမှာ ဖားဥမှိုရောဂါ ဂရုပြုကြရသည်။ ရောဂါရသည့်မျိုး၊ ရောဂါရှိသည့် မြေကြီး၊ ရောဂါကြိုက်သည့် ရာသီဥတုနှင့် တိုက်ခတ်သည့်လေ၊ စိုက်ခင်းအတွင်း သွင်းလိုက်သည့်ရေတို့က ရောဂါပျံ့နှံ့မှုရှိကြပါသည်။ 

✔️အာလူးဆိုလျှင် တူးဖော်ချိန်ထိခိုက်ဒဏ်ရာမရအောင်ဖော်ကြရသည်။ ဒဏ်ရာရလျှင်ရောဂါဝင်နိုင်သည်။ အာလူးဖော်လျှင် ရင့်မှတူးဖော်ရသည်။ ဆောင်းစိုက်ကြက်သွန်နီ စိုက်ခင်းများတွင် ရွက်ခြောက်ရောဂါ သည် မှိုကြောင့်ဖြစ်သောရောဂါဖြစ်သည်။ ပူးပြင်းခြောက်သွေ့သော နွေရာသီတွင် အဆိုပါမှိုမျိုးသည် ကြာကြာအသက်မရှင်နိုင်ကြပါ။ အေးမြစိုစွတ်ချိန်တွင် နှစ်ကြာရှည်လေးနှစ်ခန့်အသက်ရှင်နိုင်သည်။ 

✔️ကာကွယ်နှိမ်နင်းမှုများသည် ဆောင်းစိုက်သီးနှံများတွင် ပိုးနှင့်ရောဂါကျမှု သက်သာရန် သီးလှည့်စိုက်ပျိုး ကြရသည်။ မျိုးသန့်ရမည်။ ရေသွင်းရေထုတ် ဂရုပြုဆောင်ရွက်ကြရသည်။ ပေါင်းမြက်ရှင်းရသည်။ သက်တမ်းကာလ မကြာရှည်သော ဟင်းသီးဟင်းရွက်အပင်များတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းမှု အထူးဂရုပြုဆင်ခြင်ကြပါ။ ဓာတုဆေးဓာတ်ကြွင်းအာနိသင်ပြယ်နိုင်သောရက်ကာလ (၁၄ ရက်ဖြစ်စေ၊ ရက်၂၀ ဖြစ်စေ) ရမှဆေးဖျန်းကြပါ။ ခူးဆွတ်ရောင်းချခါနီးတွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ် ဆေး မဖျန်းကြပါနှင့်။ ဟင်းသီးဟင်းရွက်စားသုံးမှုသည်နေ့စဉ်ရှိကြပါသည်။ အများစုသည်တစ်ပိုင်တစ်နိုင် စိုက်ပျိုးစားသုံးကြသည်ထက် ဝယ်ယူစားသုံးသည်ကများပါသည်။ 

✔️ထို့ကြောင့် ဆောင်းရာသီကာလ၊ ဟင်းသီးရွက်စိုက်ခင်းများတွင် ရောဂါကျရောက်ပါက ဓာတုဆေးမသုံးဘဲ နှိမ်နင်းကာကွယ်နိုင်သည်။ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးနည်းစနစ်များ ဖြစ်ကြသည့် မျိုးသန့်စိုက်ပျိုးမှု၊ ပေါင်းမြက်ရှင်းမှု၊ ထွန်ထယ်ဝင် မြေပြုပြင်မှု၊ ပင်ကြွင်းပင်ကျန်ဖယ်ရှင်းမှု၊ သီးလှည့် စိုက်မှု၊ ကျရောက်မှုအစောပိုင်းကာလရောဂါကျအပင်အစိတ်အပိုင်းများဖယ်ရှင်းမှု၊ အပင်ထွက် ပိုးသတ်ဆေးများကို ဓာတုဆေးများအစားအသုံးပြုမှု၊ မိတ်ဆွေပိုးများက ဖျက်ပိုးများစားသုံးမှုရှိပါသဖြင့် ဖျက်ပိုးနှင့် မိတ်ဆွေပိုးများ စိုက်ခင်းအတွင်းရှိနေမှုကို ဆေးမဖျန်းခင် ကြိုတင်သိရှိကြရန် လိုအပ်ပါသည်။

Sources : ကိုရဲ(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်