menu

ရေဘေးသင့်ဒေသ စိုက်ခင်းများ ဂရုပြုစရာ အပင်ရောဂါ


🌾🎋🌾🎋🌾🎋🌾🎋🌾🎋🌾

✔️ရေကြီးရေလွှမ်း၍ရေဘေးသင့်သောဒေသများတွင် မည်သည့်သီးနှံစိုက်ခင်းမှမမြင်ရတော့အောင် ရေပြင်ကျယ်ကြီးအဖြစ်ပြောင်းလဲသွားသောနေရာများကိုလည်းမြင်တွေ့ကြရသည်။ ရိတ်သိမ်းခါနီး ရိတ်သိမ်းပြီး သီးနှံစိုက်ခင်းများ၊ စိုက်ပျိုးဆဲစိုက်ခင်းများ များပြားစွာထိခိုက်ပျက်စီးမှုကြုံတွေ့ကြရသည်။ သို့သော် ယခုတိုင်မိုးခေါင်နေဆဲဒေသများကလည်းရှိနေသေးသည်။

✔️ယခုရေးသားဖော်ပြလိုသည်မှာ ရေဘေးသင့်ကာလပြီးဆုံးပြီးနောက် နောက်ဆက်တွဲဂရုပြုရမည့် သီးနှံစိုက်ပျိုးမှုအဟန့်အတားမှာ အပင်တွင်ကျရောက်တတ်သောရောဂါများဖြစ်ပါသည်။ ရာသီဥတုကြောင့်လည်းကောင်း၊ ရေလွှမ်းမှုကြောင့်လည်းကောင်း ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ပိုးမွှားထက် အပင်ရောဂါကျမှုက ပိုမိုများပြားတတ်သည်။ ကူးစက်ပြန့်ပွားမှုမြန်သည်။ များသည်။

✔️“စပါးရွက်ညိုပြောက်ရောဂါ”သည် မိုးမပြတ်ရွာသွန်းမှု၊ တိမ်ထူမိုးအုံ့မှုတွင် ရောဂါပြန့်ပွားမှုမြန်သည်။ မြေကြီးထဲရှိနေသောမှို၊ လေဖြင့်လွင့်ပါသောမှိုက တစ်ဆင့်ရောဂါကူးစက်သည်။

✔️ပို၍ဂရုပြုရမည်မှာ “ဘက်တီးရီးယားရွက်ခြောက်ရောဂါ”ဖြစ်သည်။ ရေကြီးရေလွှမ်းခံရသော ရေဘေးသင့်ဒေသများတွင် ရောဂါဖြစ်မှုပို၍များသည်။ မိုးရွာမိုးအုံ့ရက်ရှည်ဖြစ်ခြင်း၊ လေတိုက်ခြင်း၊ နေပူမှုနည်းခြင်း၊ လေမုန်တိုင်းကျခြင်းတို့ကြောင့်ဒေသများစွာတွင် ရွက်ခြောက်ရောဂါဖြစ်၍ ရောဂါဒဏ်ခံနိုင်သောစပါးမျိုးများစိုက်ကြရသည်။ ရောဂါသည်ဘက်တီးရီးယားသက်ရှိကြောင့် ဖြစ်ရသည်။ကူးစက်ပြန့်နှံ့ရာတွင် မိုးရေဖြင့် တစ်ရွက်မှတစ်ရွက်၊ တစ်ပင်မှတစ်ပင်၊ တစ်ခင်းမှတစ်ခင်း နောက်ဆုံးတွင် တစ်ကွင်းလုံးရောဂါကူးစက်ရသည်။ အပင်၏အစိတ်အပိုင်း အရွက်၊ ပင်စည် ထိခိုက်မှုဖြစ်လျှင် ရောဂါမှန်သမျှသည်ပေါက်ပြဲဒဏ်ရာမှဝင်ရောက်နိုင်သည်။ လက်ကျန်အပင်အကြွင်း အကျန်များ မကျန်ရှိရန်ထယ်ထိုးမြေမြှုပ်ပြီး ဖယ်ရှင်းရသည်။ ပိုတက်စီယမ်ဓာတ်မြေဩဇာ အချိုးကျ ထည့်သင့်သည်ထက် များ၍သုံးပြီး၊ နိုက်ထရိုဂျင်ပါသည့်ဓာတ်မြေဩဇာကို လွန်ကဲစွာမသုံးရပါ။ 

✔️“ပင်စည်ပုပ်ရောဂါ”သည် ရေဝပ်မှုကြာရှည်သော ရေလွှမ်းသည့်ရေနစ်မြုပ်လယ်များတွင်ဖြစ်တတ်သည်။ ရောဂါဖြစ်စေသောသက်ရှိမှိုသည်စိုစွတ်သောစပါးစိုက်ပျိုးသည့်မြေတွင်း၌ ရက်တစ်ရာကျော်သည်အထိ နစ်မြုပ်ပြီး နေထိုင်အသက်ရှင်နိုင်သည်။ ပင်စည်ပုပ်လျှင်အပင်ရှင်သန်ရန်မလွယ်ပါ။ ရေလွှမ်းခဲ့သော လယ်ယာမြေများကိုထယ်ထိုး၊ ထွန်မွှေလုပ်ရင်းမြေထဲမှမှိုများစိုက်ခင်းပေါ်သို့တက်လာတတ်သည်။ ရိတ်သိမ်းပြီးကောက်ပင်ရိုးပြတ်များ၊ ကောက်ရိုးများတွင်လည်းကျန်နေတတ်သည်။ ရောဂါခံနိုင်သော မျိုးကိုစိုက်ပျိုးခြင်း၊ ထယ်နက်နက်ထိုး၍ ရိုးပြတ်များမြှုပ်ပစ်ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းဖြင့် ကာကွယ် နှိမ်နင်းနိုင်သည်။ 

✔️“ပင်ခြေပုပ်ရောဂါ”သည် ရေဝပ်မြေ၊ ရေလွှမ်းခံရသောမြေ၊ စိမ့်ကိုင်မြေများတွင် ဖြစ်ပွားတတ်သော ရောဂါ ဖြစ်သည်။ မစိုက်မီထယ်ထိုး၊ ထွန်မွှေလုပ်ချိန်တွင် ကျောက်မှုန့်မြေဩဇာ တစ်ဧက ခြောက်ပိဿာနှုန်း ထည့်ပေးခြင်း (သို့မဟုတ်) တစ်ဧကလျှင် ထုံး(၂၀)ပိဿာခန့် ထည့်ပေးခြင်းဖြင့် ရောကာဖြစ်ပွားမှုကို ကာကွယ်နိုင်ပါသည်။ ထို့ပြင်ရေကြီး၊ ရေလွှမ်းခံရတတ်သော လယ်ယာမြေများတွင် ဓာတ်မြေဩဇာကို အချိုးကျကျထည့်သွင်းပေးရန်လည်းလိုအပ်လှပါသည်။

Sources : ကိုရဲ(စိုက်ပျိုးရေး) စိုက်ပျိုးရေးရာအကြံပြုချက်များ