menu

ရေဘေးသင့်ဒေသများအတွက် သီးနှံစိုက်ပျိုးနည်းစနစ်



🌾🌾🌾🌾🌾🌾🌾🌾🌾🌾

✔️မိုးရာသီရောက်ပြီဆိုတာနဲ့ တချို့ဒေသ မုန်တိုင်းထန်ပြီး မိုးအဆက်မပြတ် ရွာသွန်းချလာပါတယ်။ မုန်တိုင်းထန်၊ လေထန်၊ မိုးထန်တဲ့အချိန်နဲ့ ချိန်ကိုက်ပြီး ဝါဆို၊ ဝါခေါင်လပြည့်မှာ ဒီရေ အမြင့်ဆုံးတက်ပြီး မိုးပါလိုက်လာတော့ မြစ်တွေ၊ ချောင်းတွေ၊ မြောင်းတွေ အကုန်လုံး ရေကြီးရေလျှံမှု ဖြစ်ကုန်ပါတယ်။ ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲမှာ တော့ မြို့၊ ရွာ၊ အိုးအိမ်တွေ၊ လူ၊ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ကြက်၊ ဘဲ စတဲ့ တိရစ္ဆာန်တွေ၊ တောင်သူလယ်သမားကြီးများရဲ့ လယ်ယာသီးနှံ၊ ယာသီးနှံတွေအားလုံး ပျက်စီးနိုင်တာပါပဲ။အထူးသဖြင့်ရေကြီးရေလျှံမှု၊ ရေဘေးသင့်ခံရတဲ့ ဒေသတွေကတော့ စစ်ကိုင်း၊ မကွေး၊ ပဲခူး (အရှေ့၊ အနောက်) ၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ အဓိကခံကြရတာ တွေ့ရပါတယ်။

✔️ဒီနှစ်ဆိုရင် စပါးခင်းဧက ငါးသိန်းကျော်ရေဘေးဒဏ်ခံရပြီး ထိခိုက်ဧက သုံးသိန်းကျော်နဲ့ ပျက်စီးဧက တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။ တခြား စိုက်ပျိုးပြီးတဲ့ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း ဧကတွေဆိုရင် အားလုံးနီးပါး ပျက်စီးမှုရှိကြတယ်လို့ သိရပါတယ်။ ပြန်စဉ်းစားကြည့်တော့ ဖော်ပြပါဒေသတွေမှာ ရေကြီးရေလျှံမှုဖြစ်ပြီး ရေဘေးဒုက္ခခံရတာ၊ ပျက်စီးဆုံးရှုံးတာဟာ ဒီနှစ်နဲ့ဆို ငါးနှစ်မြောက်ခံကြရခြင်းပါပဲ။ ရေကြီးရေလျှံမှုအတွက် ရေဘေးကာကွယ်ရေးလုပ်ငန်းတွေ ထိထိမိမိ မလုပ်ပေးနိုင်သေးဘူးဆိုရင် ဒီရေကြီးရေလျှံမှုဒုက္ခဘေးကတော့ နှစ်စဉ် ဇူလိုင်လ၊ဩဂုတ်လ၊ စက်တင်ဘာလဆိုရင် ပုံမှန်လာနေမယ့်သဘော ရှိပါတယ်။

✔️ဒီလိုရေကြီးရေလျှံမှု နှစ်စဉ်ဒီအချိန်ဆို လာမယ်မှန်းသိလျက်နဲ့ သီးနှံတွေစိုက်နှစ်စဉ်ဒီလိုပဲ ပျက်စီးဆုံးရှုံးနေဦးမယ်ဆိုရင် တောင်သူလယ်သမားကြီးများဘဝ ဆုံးသထက်ဆုံး၊ ရှုံးသထက်ရှုံး၊ လူလုံးမလှတဲ့ဘဝ ဝဲဩဃကြီးထဲက လွတ်ကြတော့မှာ မဟုတ်ပါ။ တောင်သူလယ်သမားဆိုတော့ ဖြစ်မှသာဖြစ် နှစ်ပြီး အဆုံးရှုံးခံ စိုက်နေကြရဦးမှာ မလွဲပါပဲ။ ဒါကို ဘေးဒုက္ခအသက်သာဆုံးနဲ့ သီးနှံဆုံးရှုံးမှုအနည်းဆုံးနည်းလမ်းတွေကို ကြံဆရှာဖွေကြရတော့မှာ ဖြစ်ပါတယ်။

✔️ရေဘေးဒုက္ခသင့်ခံရတဲ့ လယ်သီးနှံ၊ ယာသီးနှံတွေဟာ မြေမျက်နှာပြင် အနိမ့်၊အမြင့် အမျိုးမျိုးတွေ့ရပါတယ်။ ကုန်းနည်းနည်းမြင့်တဲ့ လယ်မြေ၊ ယာမြေ၊ အလယ် အလတ်မြင့်တဲ့ လယ်မြေ၊ ယာမြေ၊ အနိမ့်အဝှမ်းဒယ်အိုးလိုဖြစ်နေတဲ့ လယ်မြေဆိုပြီး တွေ့ရပါတယ်။ အနိမ့်အဝှမ်း ဒယ်အိုးလိုဖြစ်နေတဲ့ လယ်မြေတွေကတော့ ရေလျှံတက်လာပြီဆိုရင်ဦးစွာ ရေဝင်ခံရမယ့်နေရာပါပဲ။ ဝင်ပြီးတဲ့ရေဟာလည်း တော်တော်နဲ့ မထွက်တော့ဘဲ ထိုင်နေတတ်ပါတယ်။ ဒုတိယအလယ်အလတ်မြင့်တဲ့ လယ်မြေ၊ ယာမြေကတော့ စိုးရိမ်ရေမှတ် နည်းနည်းနီးလာပြီဆိုရင် ရေအောက်ရောက်သွားပါတယ်။ နှစ်ပတ်၊ သုံးပတ်ဆိုရင် ရေပြန်ကျလေ့ရှိပါတယ်။ ကုန်းမြင့်တဲ့ လယ်မြေ၊ ယာမြေတွေကတော့ စိုးရိမ်ရေမှတ်ကျော်မှသာ ရေတက်နစ်ခံရပြီး တစ်ပတ်လောက်ဆိုရင် ရေပြန်ကျသွားလေ့ ရှိပါတယ်။ ဒီအပေါ်မှာမူတည်ပြီး ရေဘေးသင့်ခံရမှုဒုက္ခ အသက်သာဆုံးနဲ့ ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် လယ်သီးနှံ၊ယာသီးနှံများ စိုက်ပျိုးမှုပုံသဏ္ဌာန် ပြောင်းလဲဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။

✔️ဒီလိုဒေသတွေမှာ မိုးစပါးစိုက်ပျိုးတာနောက်ကျလေ့ရှိကြပါတယ်။ ဇွန်လလယ်၊ဇူလိုင်လမှ စိုက်ကြတော့ ဇူလိုင်လ၊ ဩဂုတ်လ ရေကြီးရေလျှံတဲ့အချိန်မှာ အပင်သက်ကနုနေတဲ့အတွက် ပိုခံကြရပါတယ်။ ကုန်း နည်းနည်းမြင့်တဲ့ လယ်နဲ့ အလယ်အလတ်မြင့်တဲ့ လယ်တွေရဲ့စပါးခင်းတွေဟာ ရေမြုပ်ခံရတဲ့ကာလ နည်းတဲ့အတွက် ပျက်စီးဆုံးရှုံးမှု သက်သာပါတယ်။ အနိမ့်အဝှမ်းပိုင်းက စပါးခင်းကတော့ ရေထွက်တာလည်း နောက်ကျတော့ ပျက်စီးမှုများတာတွေ့ရပါတယ်။ကုန်းနည်းနည်းမြင့်တဲ့ လယ်နဲ့အလယ်အလတ်မြင့်တဲ့ လယ်တွေကို စိုက်ချိန်ရှေ့တိုးပါ။ မေလဆန်းမှာ မိုးကြိုထယ်ရေးညက်နေအောင်ထိုးပြီး စပါးကိုအခြောက်စနစ်အသုံးပြုကြဲပါ။ ဓာတ်မြေဩဇာ ကွန်ပေါင်းအိတ်ဝက်ကြဲပါ။ မျိုးနှုန်းကို တင်းဝက်လောက်ပိုသုံးပါ။ ပြီးရင်ကျမ်းတုံးပြန်အုပ်ထားပါ။

✔️မေလတတိယပတ်လောက် ရွာတတ်တဲ့မိုးရေနဲ့ စပါးအခြောက်ကြဲခင်းက စပါးပင်လေးတွေ ပေါက်လာပါမယ်။ စပါးပင်နှစ်ပတ်သားလောက်ရတဲ့အခါ ထွန်စိပ်တပြန်တိုက်၍ထယ်ရေးဖွင့်တမန်းဖွပေးပြီး ကွန်ပေါင်းဓာတ်မြေဩဇာအိတ်ဝက် ကြဲပက်ပါ။ ဇူလိုင်လ၊ ဩဂုတ်လ ရေကြီးရေလျှံဖြစ်တဲ့အချိန်မှာ စပါးပင်သက်တမ်းနှစ်လခွဲကျော်ရနေပြီဖြစ်တဲ့အတွက် ပျက်စီးဆုံးရှုံးမှု နည်းပါးလိမ့်မယ်။ အနိမ့်အဝှမ်း လယ်မြေကိုတော့အောက်တိုဘာလ၊ နိုဝင်ဘာလ ရေကျမှစိုက်ပါ။ သက်တမ်းတိုစပါးကို ကြိုတင်ဘောင်ပျိုးခင်းထောင်၍လည်းကောင်း၊ ရေနေအသင့်အသင့်ရှိချိန်မှာ တိုက်ရိုက်မျိုးစေ့ချ၍လည်းကောင်း စိုက်ပျိုးသင့်ပါတယ်။ ပုံမှန်ရေနက်ကွင်း ရေကျနောက်စိုက်စနစ်စိုက်ပျိုးတဲ့အတိုင်း ဖြစ်ပါတယ်။

✔️ယာမြေမှာစိုက်ပျိုးကြမယ့် ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ ဟင်းသီးဟင်းရွက်များကိုတော့ မိုးမှာစိုက်ပျိုးရင်လည်း အကုန်လုံးရေနစ်ပျက်စီးဆုံးရှုံးရတဲ့ အတူတူ ရေကျသွားတဲ့အချိန် အောက်တိုဘာလ၊ နိုဝင်ဘာလမှသာ ပုံမှန်ဆောင်းသီးနှံစိုက်သကဲ့သို့ စိုက်ပျိုးသင့်ပါတယ်။ ရေကျမှစိုက်ပျိုးရတဲ့အတွက် အစိုဓာတ်လည်း လုံလောက်မယ်။ နုန်းတင်ကျန်ရစ်တဲ့အတွက် မြေဆီဩဇာတက်ပြီး အထွက်လည်းပိုကောင်းမှာ ဖြစ်ပါတယ်။

Sources : အောင်ဆန်း(စိုက်ပျိုးရေး) (မြန်မာတောင်သူကြီးများဂျာနယ်)