menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရေမြေအလိုက် ဒေသအကြိုက် စပါးမျိုးပြောင်းလဲစိုက်
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
▶️မြန်မာနိုင်ငံတွင် ၁၉၆၈ ခုနှစ်မတိုင်မီက ပြည်တွင်းဒေသစပါးမျိုးများကိုသာ စိုက်ပျိုးခဲ့သည်။ ဒေသစပါးမျိုးများသည် အလင်းရောင်တုန့်ပြန်မှုရှိသည်။ မိုးရာသီတွင်သာ စိုက်ပျိုးနိုင်သည်။ မည်သည့်အချိန် တွင် စိုက်သည်ဖြစ်စေ မျိုးအလိုက်သတ်မှတ်ရက်၌သာ စပါးနှံထွက်လေ့ရှိသည်။ ထို့ကြောင့် ရှေးလူကြီး သူမများက ဘယ်အချိန်စိုက်စိုက် တန်ဆောင်မုန်းလပြည့်ရင် ကျွဲခြေရာကွက်ထဲက အစေ့ကျပေါက်သော စပါးပင်ပါမကျန် အနှံထွက်သည်ဟု ဆိုစမတ်ပြုခဲ့ခြင်းဖြစ်ပါသည်။
▶️ဒေသစပါးမျိုးများသည် အထွက်နှုန်းစွမ်းရည်နည်းသည်။ မြေသြဇာကျွေးသော်လည်း စပါးအထွက် တိုးနိုင်စွမ်းမရှိချေ။ အပင်ယိုင်လဲပြီး ပို၍ပင် စပါးအထွက်နည်းနိုင်သေးသည်။ သို့သော် ပိုးမွှားရောဂါ ဒဏ်ကိုခံနိုင်ပြီး ဆန်အရည်အသွေးမြင့်မားသည်။ ထို့ကြောင့် ယခုတိုင် ဒေသစပါးမျိုးများဖြစ်သော နှံကား၊ မီးဒုံး၊ ငကျွဲ၊ ငစိန်၊ တောင်ယာ၊ ကောက်ညှင်း စသည်တို့ကို စိုက်ပျိုးဆဲ ဖြစ်ပါသည်။
တစ်ဧကအထွက်နှုန်းတိုးရေး
-------------------------
စပါးသီးနှံတွင် တစ်ဧကအထွက်စွမ်းရည်နည်းသည့် ဒေသစပါးမျိုး များအစား အထွက်ကောင်းစပါး မျိုးများ ပြောင်းလဲစိုက်ပျိုးရေးကို ၁၉၇၅ ခုနှစ်နောက်ပိုင်းတွင် အလေးထားဆောင်ရွက်ခဲ့တာကို မြင်တွေ့ နိုင်ပါသည်။ မြန်မာနိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံတွင် အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာဆန်စပါး သုတေသနဌာန (International Rice Research Institute) နှင့် ၁၉၆၅ ခုနှစ်တွင် စတင်ဆက်သွယ်ခဲ့ သည်။ မြန်မာနိုင်ငံစိုက်ပျိုးရေးသုတေသနပညာရှင်များနှင့် အပြည်ပြည်ဆိုင်ရာဆန်စပါးသုတေသန ပညာရှင်များပူးပေါင်းကာ အထွက်ကောင်းစပါးမျိုးသစ်များ ပေါ်ထွန်းရေး ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစိုက်ပျိုးသည့် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနက စပါးမျိုးမှာ ရာကျော်-၁ ခေါ် အိုင်အာ-၈ စပါးမျိုးဖြစ်သည်။ အာရှတစ်ခွင်တွင် အံ့ဖွယ်စပါးဟု တင်စားခေါ်ဝေါ် ခဲ့သည့်စပါးမျိုးဖြစ်သည်။ ဒေသစပါးမျိုးများထက်အထွက်နှစ်ဆကျော်ထွက်ရှိနိုင်စွမ်းရှိသော ခေတ်သစ် စပါးမျိုးဖြစ်သည်။ ထို့နောက်တွင်ကား ရာကျော်-၂၊ စီ-၄/ ၆၃၊ ဆင်းသိင်္ဂီ၊ ဆင်းသီရိ၊ စသည်ဖြင့် မြန်မာ့လယ်ယာမြေတွင်ပို၍ပို၍ ဒေသရေမြေနှင့် ကိုက်ညီသော အထွက် ကောင်းစပါးမျိုးများကို သုတေသနပြု ထုတ်ဝေပြောင်းလဲစိုက်ပျိုးခဲ့ပါသည်။
ဒေသကြိုက်စပါးမျိုးများ
---------------------
ယခုအချိန်တွင် ပြည်ထောင်စုတစ်ဝှန်း၌ သုတေသနပြုထုတ်ဝေသည့် ခေတ်သစ် စပါးမျိုးပေါင်း ဆယ်ဂဏန်းကျော်ကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျှက်ရှိသည်။ ဒေသကြိုက် ခေတ်သစ်စပါးမျိုးများမှာ မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ဆင်းသွယ်လတ်၊ သီးထပ်ရင်၊ ရတနာတိုး၊ ကျော်ဇေယျစသည့် အထွက်ကောင်းစပါးမျိုးများနှင့် ဧရာမင်း၊ ဆင်းဧကရီ -၃၊ မှော်ဘီ-၂ စသည့် အရည်အသွေးကောင်း စပါးမျိုးတို့ ဖြစ်သည်။ စပါးမျိုးတစ်မျိုးချင်းစီ၌ သီးခြား အရည်အချင်း လက္ခဏာများရှိခြင်းကြောင့် သင့်တော်သည့်ဒေသ၌ သင့်တော်သည့် မျိုးကို ကြိုက်နှစ်သက်စွာ စိုက်ပျိုးနေခြင်းဖြစ်ပါသည်။ မနောသုခနှင့် ဆင်းသုခစပါးနှစ်မျိုးကို မိုးစပါးစိုက်ဧရိယာ၏ ၂၇ ရာခိုင် နှုန်းကျော်တွင် စိုက်ပျိုးလျှက်ရှိ သည်။ အဆိုပါစပါးမျိုးနှစ်မျိုးသည် အရည်အသွေးကောင်း စပါးမျိုးများ မဟုတ်သော်လည်း စပါးမှ ကြိတ်ခွဲရရှိသည့်ဆန်သည် လူအများစုအတွက် စားသုံးမှုအကြိုက်ဖြစ်သဖြင့် စိုက်ဧရိယာဧက အများဆုံး စိုက်ပျိုးလျှက်ရှိသည့် စပါးမျိုးဖြစ်နေခြင်းဖြစ်နိုင်ပါသည်။
ဆန်ရည်ဆန်သားကြည်လင်၍ စားသုံးမှု ကောင်းခြင်းကြောင့် နှစ်ကာလကြာရှည်စွာကပင် စိုက်ပျိုးလာသည့် စပါးမျိုးတစ်မျိုးမှာ ရွှေဝါထွန်း ဖြစ်သည်။ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းဒေသ ကြီးများနှင့် ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ထင်ရှားသည်။ မိုးစပါးစိုက်ဧရိယာ၏ ၄ ရာခိုင်နှုန်းကျော်တွင်စိုက်ပျိုးလျှက်ရှိပါသည်။ နူးညံ့ပျော့ပြောင်းသော ဆန်အရည်အသွေးကို ကြိုက်နှစ်သက်မှု များလာခြင်းကြောင့် ထင်ရှားလာသည့် စပါးမျိုးမှာ ဆင်းသွယ်လတ်စပါးမျိုးဖြစ်သည်။ မိုးစပါးစိုက် ဧရိယာ၏ ၃ ရာခိုင်နှုန်းခန့်တွင် စိုက်ပျိုးလျက် ရှိသည်။ သက်လျှင်အထွက်ကောင်း စပါးမျိုးများဖြစ်သော သီးထပ်ရင်နှင့် ရတနာတိုးတို့သည် မိုးစပါး၊ နွေစပါး၊ စိုက်ပျိုးရာတွင် လက်မလွတ်တမ်း စိုက်ပျိုးလျှက်ရှိသည့် စပါးမျိုးများဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အထူးသဖြင့် တနသ်ာရီတိုင်းဒေသကြီးတွင် လူကြိုက်များသော စပါးမျိုးမှာ ကျော်ဇေယျစပါးမျိုး ဖြစ်သည်။ ၎င်းစပါးမျိုး၏ ထူးခြားချက်မှာ ပင်စည်တောင့်တင်းခိုင်မာ၍ ရေနှယ်ဒဏ် ကို ခံနိုင်ရည်ရှိသည်။ ဒေသအလိုက်ဖြစ်ထွန်းမှုအရ ကျယ်ပြန့်စွာ စိုက်ပျိုးလျှက်ရှိသည့် ထင်ရှားသည့် အရည် အသွေးကောင်း စပါးမျိုးမှာ ဧရာမင်းဖြစ်သည်။ စားသုံးမှုအဆင့်အတန်း ကောင်းမွန်ပြီး ဆန်ရည်ဆန်သားလှ၍ ထင်ရှား သည်။ အရည်အသွေးကောင်းခြင်းကြောင့် စိုက်ပျိုးသည့် အခြားစပါးမျိုးများရှိသေးသည်။ ကချင်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် ဆင်းဧကရီ-၃ တို့ ဖြစ်သည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် မှော်ဘီ-၂ တို့ ဖြစ်ပါသည်။
ထူးခြားအရည်အချင်းရှိစပါးမျိုးများ
-------------------------------
ယခုအခါ ပြောင်းလဲရွေးချယ်စိုက်ပျိုးသင့်သည့် အထွက်ကောင်း စပါးမျိုးသစ်များ များစွာ ပေါ်ထွန်းနေပြီ ဖြစ်သည်။ အထွက်ကောင်းသည့်စွမ်းရည်ခြင်းတူညီသော်လည်း ထူးခြားသည့် အရည်အချင်း လက္ခဏာ များမှာ ကွဲပြားခြားနားကြသည်။ စပါးသီးနှံတွင် ဆိုးဝါးစွာကျရောက်လေ့ရှိသည့်ရောဂါမှာ “ဘက်တီးရီးယားရွက်ခြောက်” ရောဂါဖြစ်သည်။ ဧရိယာဧက အများဆုံးစိုက်ပျိုးသည့် မနောသုခ စပါးမျိုးသည် အဆိုပါရောဂါကို ခံနိုင်ရည်မရှိချေ။ မျိုးပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ဆင်းသုခ၊ သုခရင်၊ ရေဆင်းလုံးသွယ်စပါးမျိုးများကို ဖော်ထုတ်ထားကြောင်းသိရသည်။ ထို့ပြင် စားသုံးမှုအဆင့်အတန်းကောင်းမွန်ပြီး “ဘက်တီးရီးယားရွက်စင်းရောဂါ”နှင့် “ဖြုတ်ညိုပိုး” ဒဏ်တို့ကို ခံနိုင်ရည်ရှိသော ဆင်းနွယ်ရင်စပါးမျိုး၊ “ဘက်တီးရီးယားရွက်စင်းရောဂါ” နှင့် ယိုင်လဲမှု ဒဏ်ကို ခံနိုင်ရည်ရှိသော ရတနာတိုး စပါးမျိုး၊ ဆန်ရည်ဆန်သား ကြည်လင်၍ စားသုံးမှုအဆင့် အတန်းသင့်တင့်သည့် ရွှေမနော်စပါးမျိုး၊ မိုးနည်းပါးသည့်ဒေသနှင့် ဆည်ရေကိုချွေတာသုံးစွဲရ သည့်ဒေသများအတွက် ရေအနည်းလိုစပါးမျိုးများ၊ မိုးခေါင်သည့်ဒေသများအတွက် မိုးခေါင်ခံ ယာစပါးမျိုးများ၊ ကုန်းမြင့်ဒေသများအတွက် ကုန်းမြင့်စပါးမျိုးများ၊ ရေကြီးရေလွှမ်းဒေသများ အတွက် ရေမြုပ်ခံစပါးမျိုးများကိုလည်း ဖော်ထုတ်ထားရှိပြီးဖြစ်သည်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုနှင့် စိုက်ပျိုးမည့်ဒေသ ရေမြေ အခြေအနေဖြစ်ထွန်းမှုအပေါ်မူတည်ပြီး သင့်တော်ရာ စပါးမျိုးကို ပြောင်းလဲစိုက်ပျိုးရန်သာ ဖြစ်ပါသည်။
ပင်ကိုယ်အထွက်စွမ်းရည်ရရှိရေး
----------------------------
စပါးသီးနှံထုတ်လုပ်မှုမြင့်မားရေးကိုဦးတည်၍ မျိုးပြောင်းလဲရေး ဆောင်ရွက်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည်များကို ဆက်လက်အသိပေးလိုပါသည်။ မည်သည့်စပါးမျိုးဖြစ်စေ စပါးမျိုးအလိုက် ပင်ကိုယ်အထွက်စွမ်းရည် ရှိပြီးဖြစ်သည်။ အထွက်ကောင်းစပါးမျိုးကို အသုံးပြု စိုက်ပျိုးရုံဖြင့် စပါးအထွက်ကောင်းလိမ့်မည်ဟု ပုံသေမျှော်လင့်ခြင်း မပြုသင့်ပါ။ စိုက်ပျိုးမည့်ဒေသ ရေမြေရာသီနှင့် ကိုက်ညီသောမျိုးကို ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ စပါးစိုက်ပျိုးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ရေမြေ အခြေအနေ တူညီခြင်းမရှိပါ။
ဆည်ရေသောက်ဒေသ၊ မိုးရေသောက်ဒေသ၊ မြေပြန့်ဒေသ၊ တောင်ပေါ်ဒေသ၊ ရေနက်ကွင်း ရေကြီးကွင်းဒေသ စသည်ဖြင့် အမျိုးမျိုးကွဲပြား ခြားနားလျှက်ရှိသည်။ မျိုးရွေးချယ်မှု မှန်ကန်၍ မျိုးကောင်းမျိုးသန့် အရည်အချင်းနှင့် ကိုက်ညီသောစပါးမျိုးကို ပြောင်းလဲ စိုက်ပျိုးရန် လိုအပ်ပါသည်။ ဒေသတစ်ခုနှင့် တစ်ခု ရေရရှိမှု၊ အပူချိန်၊ လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ပင်လယ်ရေ မျက်နှာပြင်အမြင့်၊ မြေအမျိုးအစား စသည်တို့မတူညီနိုင်ပါ။ သင့်တော်သည့်လယ်မြေတွင် သင့်တော် သည့် မျိုးကို စိုက်ပျိုးမှသာလျှင် မိမိရွေးချယ်သည့် စပါးမျိုး၏ ပင်ကိုယ် အထွက်စွမ်းရည်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
မောင်ဖူးဝေ(တောင်တွင်းကြီး)
မြန်မာတောင်သူကြီးများဂျာနယ်