menu

ရေမြုပ်လယ်မြေများ ပြန်လည်စိုက်ပျိုးရန် နည်းလမ်းများ



"ရေမြုပ်လယ်မြေများ ပြန်လည်စိုက်ပျိုးရန် နည်းလမ်းများ" 
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾  

☑️ ဒီနှစ်ဟာ ဝါထပ်ပြီး မိုးဦးဇူလိုင်လလယ်ကစ၍ မိုးများခဲ့ပါတယ်။ အထူးသဖြင့် ပဲခူးအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ရေကြီးရေလျှံမှု ပိုဖြစ်တာတွေ့ရပါတယ်။ လယ်မြေစပါးစိုက်ခင်း ဧကငါးသိန်းလောက် ရေနစ်မြုပ်ခံရပါတယ်။ ရေကြာကြာနစ်မြုပ်ခံရတဲ့ စပါးခင်းဟာ ပိုပြီးခံရပါတယ်။ စိုက်ပျိုးထားတဲ့ စပါးမျိုးရဲ့ သက်တမ်းပေါ်မှာလည်း မူတည်ပါတယ်။ တချို့က ရေမြုပ်ဒဏ်ခံနိုင်တဲ့ စပါးမျိုးတွေလည်း ပါတာတွေ့ရပါတယ်။ စပါးသက်တမ်းက နုနေသေးတယ်ဆိုရင် သေကြေပျက်စီးနှုန်း များတာတွေ့ရပြီး စပါးသက်တမ်းရင့်နေတဲ့ စပါးခင်းဆိုရင် သေကြေပျက်စီးမှု အသင့်အတင့်ဘဲဖြစ်တာ တွေ့ရပါတယ်။  

☑️ နစ်မြုပ်နေတဲ့ စပါးခင်းတွေဟာ စက်တင်ဘာလလယ်ဆိုရင် မိုးပါးလာတာနဲ့အမျှ ရေပြန်ပေါ်လာမှာ ဖြစ်ပါတယ်။ ဒီလို ရေပြန်ပေါ်လာတဲ့ စပါးခင်းများကို အချိန်မှီပြန်စိုက်ကြဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြန်လည်စိုက်ပျိုးဖို့ စီမံကြတဲ့အခါမှာ စပါးခင်းပျက်စီးမှုပမာဏ အခြေအနေပေါ်မူတည်၍ အောက်ပါနည်းလမ်းများကို အသုံးပြုစိုက်ပျိုးသွားကြရမှာ ဖြစ်ပါတယ်။  

☑️ ပထမ ရေမြုပ်ခံရလို့ စပါးခင်းရဲ့(၂၅)ရာခိုင်နှုန်းလောက်သာ ပျက်တယ်ဆိုရင်တော့ အဲဒီစပါးခင်းကို ကန်သင်းများလုံအောင် လိုက်လံစစ်ဆေးပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ပြီးရင် ကျန်ရစ်ခဲ့တဲ့ စပါးပင်(၇၅)ရာခိုင်နှုန်းထဲက အပင်သားခွဲပြီး သေသွားသောနေရာများကို ပြန်ဖာပေးဖို့ လိုပါတယ်။ ပြီးရင် ကောက်ပင်လှန်တာနဲ့ NPK ၁၅း၁၅း၁၅ အချိုးရှိတဲ့ (၁၅ပတ်လည်) ကွန်ပေါင်းမြေသြဇာကို အိတ်ဝက်လောက် ကြဲပက်ပြီး ပြုစုပေးဖို့ လိုပါတယ်။ 

 ☑️ ဒုတိယ (၅၀)ရာခိုင်နှုန်းလောက်သာ ပျက်စီးတဲ့ စပါးခင်းဖြစ်ခဲ့ရင် ကျန်နေတဲ့စပါးပင်(၅၀)ရာခိုင်နှုန်းကို အားလုံးပြန်နှုတ်ပြီး ပျိုးပင်အဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒီလိုစပါးခင်းမှာ ပြန်မစိုက်မီ ထွန်(၁)စပ်လောက်ပြန်မွှေပြီး မြေပြန်ပြင်ဖို့ လိုပါတယ်။ မြေပြန်ပြင်ချိန်မှာ (၁၅)ပတ်လည် ကွန်ပေါင်းမြေသြဇာ အိတ်ဝက်လောက် မြေခံပက်ပေးထားဖို့ လိုပါတယ်။ ပြီးလျှင် ပျိုးပင်အဖြစ် နှုတ်ထားတဲ့စပါးပင်များကို သင့်တော်သလိုခွဲခြမ်း၍ ကောက်ပြန်စိုက်သလို ပြန်စိုက်ပေးဖို့ ဖြစ်ပါတယ်။ ကောက်ပင်လှန် အပင်ပွားပြီး စပါးအထွက်နှုန်း မထိခိုက်နိုင်ဘဲ အထွက်ပြန်ရနိုင်ပါတယ်။  

☑️ တတိယကတော့ လုံးဝပျက်သွားတဲ့ စပါးခင်းတွေဆိုရင် ကန်သင်းလုံအောင် ပြန်လည်ပြုပြင်ပြီး ထွန်းဖြင့်(၁)စပ်ပြန်ထွန်၍ မြေယာပြုပြင် တမန်းညှိရမှာ ဖြစ်ပါတယ်။ စပါးတစ်ခင်းလုံး အသစ်ပြန်စိုက်ရမယ့် စပါးခင်းဖြစ်ပါတယ်။ ဒီလို အသစ်ပြန်စိုက်ပျိုးတဲ့ စပါးခင်းမှာ နည်းလမ်း(၃)မျိုးနဲ့ ပြန်လည်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ 

☑️ နံပါတ်(၁)နည်းကတော့ ထွန်(၁)စပ် မြေပြန်လည်ပြုပြင်ချိန်မှာ (၁၅)ပတ်လည်ကွန်ပေါင်းမြေသြဇာ (၁)အိတ်မြေခံအဖြစ် ကြဲပက်ပေးဖို့ လိုအပ်ပါတယ်။ ကုန်းမြင့်မှာရှိပြီး ရေနစ်မြုပ်ခြင်းမခံရတဲ့ စပါးခင်း သက်ငယ်၊ သက်လတ်မျိုးမှ တစ်ဧကစာ အပင်သားခွဲ(လက်ကားခွဲ)ပြီး မျိုးအဖြစ် အသုံးပြုရမှာ ဖြစ်ပါတယ်။ ၎င်းသားခွဲမျိုးနဲ့ ပြန်လည်စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ 

 ☑️ နံပါတ်(၂)နည်းကတော့ တချို့သက်ငယ်မျိုး (ရက်၉၀၊ သီးထပ်ရင်၊ ရတနာအောင်၊ ဆင်းနွယ်ရင်၊ ရတနာတိုး) စပါးမျိုးများကို ကုန်းမြင့်ရေမနစ်မြုပ်တဲ့နေရာမှာ ကြိုတင်ပြီး ဘောင်နည်းနဲ့ပျိုးထောင်ထားရမှာ ဖြစ်ပါတယ်။ ပျိုးဘောင်မှာ စပါးပင်(၃)ပတ်သား ရှိတဲ့အချိန်မှာ အဲဒီပျိုးပင်များနဲ့ ပြန်လည်စိုက်ပျိုးခြင်း ဖြစ်ပါတယ်။ သက်ငယ်စပါးမျိုးပျိုးပင်နဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ ရေနစ်မြုပ်ခံရတဲ့လယ်မြေဟာ ရေသိပ်မများတဲ့ လယ်မြေဖြစ်ဖို့ လိုအပ်ပါတယ်။  

☑️ နံပါတ်(၃)နည်းလမ်းကတော့ သက်ငယ်စပါးမျိုး (ရက်၉၀၊ ရတနာတိုး၊ ဆင်းနွယ်ရင်) စပါးမျိုးများကို တမန်းပြင်၊ တမန်းညှိပြီး ကြဲခင်းအဖြစ် စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ စပါးမျိုးကို တစ်ဧက၊ တစ်တင်းခွဲ အသုံးပြုဖို့ လိုအပ်ပါတယ်။ မြေပြင်ချိန်တွင် (၁၅)ပတ်လည်ကွန်ပေါင်းမြေသြဇာ အိတ်ဝက်ထည့်ပေးပြီး ကောက်ပင်လှန် အပင်ပွားချိန်မှာ အိတ်ဝက်ထပ်မံကြဲပေးဖို့ လိုအပ်ပါတယ်။ 

☑️ ဒီလို ရေကြီးနစ်မြုပ်ပြီး ပြန်ပေါ်လာတဲ့ စပါးခင်းအားလုံးကို ပြန်စိုက်ပြီးတဲ့အခါမှာ ကုန်ကျစရိတ်သက်သာအောင် ယမ်းစိမ်း(ပိုတက်စီယမ်နိုက်ထရိတ်) တစ်ကြိမ် ၂၅ကျပ်သားကို ရေဂါလံ၂၀နဲ့ဖျော်ပြီး သုံးကြိမ်ပက်ဖျန်းပေးဖို့ လိုပါတယ်။ တစ်ကြိမ်သုံးလျှင် ၁၀၀၀ကျပ်ခန့်သာကုန်ကျသဖြင့် သုံးကြိမ်အတွက် ၃၀၀၀ကျပ်ခန့်သာ ကုန်ကျမှာဖြစ်လို့ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ် အလွန်သက်သာစေမှာ ဖြစ်ပါတယ်။ ပက်ဖျန်းရမဲ့သုံးကြိမ်ကတော့ အပင်ပွါးချိန်၊ မှို့ကပ်ချိန်နဲ့ အနှံစုံချိန်တွေမှာ ပက်ဖျန်းပေးရမှာ ဖြစ်ပါတယ်။  
☑️ယမ်းစိမ်း(ပိုတက်စီယမ်နိုက်ထရိတ်)ဟာ ပိုတက်စီယမ်ဓာတ်၄၀%ပါဝင်ပြီး နိုက်ထရိုဂျင်ဓာတ်၁၀-၁၅%ထိ ပါဝင်တာဖြစ်တဲ့အတွက် အပင်အတွက် အများကြီးအကျိုးပြုစေပါတယ်။ ယမ်းစိမ်းအလွယ်တကူ မရရှိနိုင်ခဲ့ရင် ဝိစာရကုမ္ပဏီထုတ် “တာဝါ” အရွက်ဖျန်းမြေသြဇာကို ယမ်းစိမ်းအစား အစားထိုးသုံးစွဲနိုင်ပါတယ်။ “တာဝါ” အရွက်ဖျန်းမြေသြဇာမှာ ပိုတက်စီယမ်ဓာတ်၄၂%နဲ့ နိုက်ထရိုဂျင်ဓာတ်၁၁% ပါဝင်ပါတယ်။ "တာဝါ" ရွက်ဖျန်းမြေသြဇာကို ၄ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးမှာ (၃၀-၅၀)ဂရမ်နှုန်း ရောစပ်အသုံးပြုရမှာ ဖြစ်ပါတယ်။  

☑️သို့ပါ၍ ရေကြီးနစ်မြုပ်ဒဏ်ခံရပြီး ရေပြန်ပေါ်တဲ့ဒေသကတောင်သူလယ်သမားများအား ရေပြန်ပေါ်တဲ့လယ်မြေတွေကို အထက်ပါနည်းလမ်းအတိုင်း ပြန်လည်စိုက်ပျိုးကြပါလို့ အကြံပြုလိုက်ရပါတယ်ခင်များ။ 

Than Win Agri 
Source : အောင်ဆန်း(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်။