menu

ဂေါ်ရခါးသီး စိုက်ပျိုးနည်း


🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မြန်မာအမည် - ဂေါ်ရခါး

အင်္ဂလိပ်အမည် - CHAYOTE

ရုက္ခဗေဒအမည် - Sedium edute

မျိုးရင်းအမည် - CUCURBITACEAE

၁။ မူရင်းဒေသ

အမေရိကန်နိုင်ငံ၊ မက္ကဆီကိုနိုင်ငံနှင့် အလယ်ပိုင်းအမေရိက အပူပိုင်းဒေသများဖြစ်သည်။ 

၂။ ရာသီဥတု

အပူပိုင်းနှင့် အပူသမပိုင်း နှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးပင်သည် ပူနွေးသော အပူချိန်တွင် ကောင်းစွာဖြစ်ထွန်းနိုင်ပါသည်။ အပင်သည် အလွန်အေးသော အပူချိန်ကို ခံနိုင်ရည်မရှိပါ။ မြေအပူချိန် (၅) ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားပါက အမြစ်သေသွားနိုင်ပါသည်။ စိုက်ပျိုးကာလရှည်လျားပြီး ရက်ပေါင်း (၁၈၀-၂၀၀) အထိ ရှိပါသည်။ နေ့တာတိုအပင်မျိုးဖြစ်သောကြောင့် နေ့တာရှည်သွားပါက အသီးတင်မှု နည်းသွားနိုင်ပါသည်။

၃။ မြေအမျိုးအစား

ဂေါ်ရခါးသည် အကြမ်းခံသော အပင်မျိုးဖြစ်ပြီး၊ မြေအမျိုးအစား အမျိုးမျိုးတွင် ဖြစ်ထွန်းပါသည်။ မြေဆီသြဇာကောင်းမွန်မှုနှင့် အစိုဓာတ်များများရှိပါက ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။

၄။ အပင်သွင်ပြင်လက္ခဏာ

စိုက်ပျိုးစတွင် ပင်စည်ပျော့မျိုးဖြစ်ပြီး နောက်ပိုင်းတွင် သစ်မာပင်စည်မျိုးဖြစ်သွားသည်။ ဆစ်ကြားမှာ (၇-၁၅) စင်တီမီတာ ရှည်သည်။ နှာမောင်းထိပ်ဖျားတွင် ကိုင်းလေးခွခွဲနေပြီး နှာမောင်း၏အချင်းမှာ တစ်စင်တီမီတာထိ တုတ်နိုင်ပါသည်။ အပင်ရှည်မှာ (၁၀-၁၂) မီတာထိ ရှည်နိုင်ပါသည်။ အပင်ကြီးထွားမှု အဆုံးတွင် ဘေးကိုင်း (၂-၅) ကိုင်းထိ ရှိနိုင်ပါသည်။ အမြစ်သည် အစာသိုလှောင်နိုင်သော ဥပုံစံ ဖြစ်ပါသည်။ အပင်သက် (၂-၃) နှစ်ရှိသောအခါတွင် အမြစ်ဥသည် ကြီးထွားလာပြီး၊ အာလူးပုံသဏ္ဍာန် ဖြစ်လာကာ (၅၀၀-၂၀၀၀) ဂရမ်ခန့် အလေးချိန်ရှိနိုင်ပါသည်။ အလွန်အေးသောရာသီတွင် မြေပေါ်ပိုင်း အပင်မှာသေသွားပြီး မြေအောက်ပိုင်းရှိ အမြစ်ဥမှာ ဆက်လက် ကျန်ရှိနေပြီး၊ ငုပ်လျှိုးနေပါသည်။ နောက်နှစ်တွင် ၎င်းအမြစ်ဥမှ အပင်သစ်ပြန်၍ ရှင်သန်ထွက်လာမည် ဖြစ်ပါသည်။ အပင်တစ်ပင်တည်းတွင် အဖိုပွင့်နှင့် အမပွင့် သီးခြားပွင့်ပါသည်။ အဖိုပွင့် သည် အခိုင်လိုက် (၂-၁၀) ပွင့်ထိရှိပြီး ကိုင်းနှင့်အရွက်ကြားမှ ထွက်ပါသည်။ အမပွင့်သည် (၁-၂)ပွင့်ထိရှိပြီး အဆစ်မှ ထွက်ပါသည်။

၅။ အသီးပုံသဏ္ဍာန် 

အသီးအရွယ်အစား၊ အသီးပုံသဏ္ဍာန်နှင့် အစေ့တည်ရှိမှု ပုံသဏ္ဍာန် အမျိုးမျိုး ရှိနိုင်ပါသည်။ ဂေါ်ရခါး မျိုးတွင် အသီးအရောင်အစိမ်းဖြူရောင်မျိုးနှင့် အသီးအစိမ်းရောင်မျိုးဟူ၍ (၂) မျိုးရှိပါသည်။ အသီးအစိမ်းကို စိမ်းဖြူရောင်မျိုးထက် ပိုနှစ်သက်ကြသည်။ အစိမ်းရောင်မျိုးသည် စိမ်းဖြူရောင်မျိုးထက် ပို၍ ကြီးပါသည်။ အသီးအရွယ်အစား၊ အသီးပုံသဏ္ဍာန်နှင့် အစေ့တည်ရှိမှုမှာ ပုံသဏ္ဍာန်အမျိုးမျိုး ရှိပါသည်။ အသီးအလေးချိန်မှာ (၂၀၀-၁၀၀၀) ဂရမ်ထိ ရှိနိုင်ပါသည်။ ဂေါ်ရခါး၏ အသီးအတွင်းသား အရောင်မှာ အသီးခွံရောင်ထက် ဖျော့ပါသည်။ သခွားမျိုးရင်းဝင်း အပင်များထဲတွင် အထူးသဖြင့် ဂေါ်ရခါးသည် အသီးတစ်သီးတွင် အစေ့တစ်စေ့သာရှိပြီး အသီး၏ အဖျားပိုင်းတွင် ရှိပါသည်။

၆။ အစေ့ပုံသဏ္ဍာန်

အစေ့သည် အရှည် (၅-၆) စင်တီမီတာ (သို့မဟုတ်) အချင်း (၃-၅) စင်တီမီတာအရွယ် ရှိပါသည်။ အသီးမှ အစေ့ကို ဖယ်ထုတ်ပြီး စိုက်ပျိုးပါက အစေ့အပင်ပေါက်မှု ညံ့သွားပါသည်။ အစေ့နှင့် အသီးတစ်ခုလုံး ပျိုးပါက အပင်ပေါက်မှု ကောင်းပါသည်။ မျိုးစေ့အညှောင့်ပေါက်ရန် ငုပ်လျှိုးချိန် ရှိသော်လည်း ရင့်မှည့်လာသော အသီးသည် အပင်ပေါ်တွင် အညှောင့်ပေါက်နိုင်ပါသည်။ သိုလှောင်ထားစဉ်အတွင်း မရင့်သေးသောအသီးကို ပူနွေးသောအခန်းတွင်ထားပါက အညှောင့်ပေါက်နိုင်ပါသည်။ 

၇။ စိုက်ပျိုးခြင်း

ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့် စိုက်ပျိုးကြပါ သည်။ (သို့မဟုတ်) အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်ပါသည်။ အစေ့မှ အပင်ပေါက်ရန် အပူချိန် (၂၃-၂၅)ဒီဂရီစင်တီဂရိတ် လိုအပ်ပါသည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နှိပ်၍ စိုက်ရပါသည်။ အသီးကို အလျားလိုက်မြေပေါ်တွင် အစေ့ကိုအပေါ်ဘက်တွင်ထား၍ အသီးတစ်ဝက်ဖော်ကာ စိုက်ရပါသည်။ အသီးကိုအပင်ဖောက်နေစဉ် ရေမလောင်းရပါ။ အသီးတွင်းရှိပြီး အစိုဓာတ်ကို အသုံးပြု၍ အစေ့မှ အပင်ပေါက်လာပါသည်။ အညှောင့်ဖောက်နေစဉ် အသီးကိုရေလောင်းပါက အသီးပုပ်သွားတတ်သည်။ အစေ့မှ အပင်ပေါက်လာပြီးနောက်တွင်လည်း ရေကို သင့်တင့်ရုံသာလောင်းပေးပါ။ ပျိုးထောင်အညှောင့်ဖောက်ပြီး အညွန့် (၁၀) စင်တီမီတာခန့် ရှည်လာသော် စိုက်ခင်းတွင် သတ်မှတ်ထားသည့်နေရာ၌ ခပ်တိမ်တိမ်ထား၍ စိုက်ပျိုးပါ။ ပုံမှန်အားဖြင့် တစ်ပင်နှင့်တစ်ပင်၊ အတန်းတစ်တန်းနှင့်တစ်တန်း (၄ x ၄) မီတာ (သို့မဟုတ်) (၅ x၅) မီတာထား၍ (၄) ကွက်ကြား စိုက်ပျိုးကြပါသည်။ တစ်ဧကလျှင် အပင် (၁၆၀ - ၂၄၀) ပင်ခန့် ဝင်ဆန့်ပါသည်။ ရှမ်းပြည်နယ်နှင့် ပြင်ဦးလွင်မြို့နယ်များတွင် ပင်ကြား၊ တန်းကြားကို (၆ x ၆) ပေထား၍ တစ်နေရာလျှင် (၂-၃) သီးထားကာ မြေပုံ၍ စိုက်ပျိုးကြပါသည်။ မြေသြဇာအဖြစ် မြေတစ်ပုံတွင် မြေဆွေး (၅) ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၂၀) ဂရမ်၊ ဖော့စဖရပ် (၁၅) ဂရမ်နှင့် ပိုတက်စီယမ် (၇) ဂရမ်ကို ထည့်သွင်းစိုက်ပျိုးပြီး၊ ကိုင်းစဖြာထွက်လာသော တစ်အုံလျှင် မြေဆွေး (၅) ကီလိုဂရမ်၊ နိုက်ထရိုဂျင် (၁၀၀) ဂရမ်နှင့် ပိုတက်စီယမ် (၇၀) ဂရမ် ထပ်မံ ကျွေးမွေးပါသည်။ အခြားသခွားမျိုးရင်းဝင် အပင်များနည်းတူ အစိုဓာတ်မပျက်စေရန် ရေလောင်းပေးရပါသည်။

၈။ ကိုင်းပြုပြင်ခြင်း

ပင်မကိုင်းအရှည် တစ်ပေခန့်ရှိလာသော် ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ကို မွေးမြူ၍ အရှည် (၁၂၀-၁၅၀) စင်တီမီတာ ရောက်လာသော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးပြီး အကိုင်းမွေးမြူရပါသည်။ ဤသို့ ကိုင်းပြုပြင်မွေးမြူပါက တစ်ပင်မှ ကိုင်း (၆) ခု မွေးမြူရရှိပါမည်။ ဤသို့ ကိုင်းမွေးမြူ ပြုပြင်မှုမရှိပါက ဒုတိယကိုင်းဖြာမှု ညံ့ဖျင်းတတ်ပါသည်။ အကယ်၍ အကိုင်းများကြီးထွားမှု သန်စွမ်းလွန်းပါက ထပ်မံ၍ ခေါင်နှိမ်ပေးရန် လိုအပ်ပါသည်။ အခြားသခွားမျိုးရင်းဝင်အပင်များနည်းတူ အစိုဓာတ်မပြတ် စေရန် ရေပေးသွင်းရန် လိုအပ်ပါသည်။

၉။ ပိုးမွှားရောဂါ

ဂေါ်ရခါးတွင် ပိုးကျရောက်ဖျက်ဆီးမှု နည်းပါးသော်လည်း အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါများကျရောက်တတ်ရာ အချိန်မှီ မှိုသတ်ဆေးပက်ဖျန်းကာကွယ်ရပါမည်။

၁၀။ ခူးဆွတ်ခြင်းနှင့် အထွက်

အသီးသည် ဝတ်မှုန်ကူးသန္ဓေအောင်မြင်လာပြီးနောက် ကြီးထွားမှု လျင်မြန်လာကာ (၁၅-၂၀) ရက် ကြာအောင် ခူးဆွတ်နိုင်ပါသည်။ သီးထွက်မှာ တစ်ပင်မှ (၈၀၀) လုံးထိရနိုင်ပြီး ပျမ်းမျှတစ်ပင်လျှင် (၂၀၀-၃၀၀) လုံး ရနိုင်ပါသည်။ မျိုးအဖြစ်အသီးခံသော် ပန်းပွင့်ပြီးနောက် (၄၀-၅၀) ရက်သားတွင် ခူးဆွတ်ရပါသည်။ ခူးဆွတ်ထားပြီး အသီးများကို (၁၂) ဒီဂရီစင်တီဂရိတ်တွင် ကြာရှည်သိုလှောင်နိုင်ပြီး သိုလှောင်ရာတွင် သေတ္တာများ၊ တောင်းများတွင် ကောက်ရိုးခံပေးရပါသည်။ 

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း