menu

ဂရုပြု ကာကွယ်ရန် ဖျက်ပိုး “စိန်ကွက်ဖလံ”



ဂရုပြု ကာကွယ်ရန် ဖျက်ပိုး “စိန်ကွက်ဖလံ”

 🐛🐛🥦🥦🐛🐛🥦🥦🐛🐛🥦🥦

 🔹သီးနှံများစိုက်ပျိုးကြရာတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းဝယ်မှုများကို တစ်နှစ်ပတ်လုံး ဆောင်ရွက်နေကြပြီး အများဆုံးစိုက်ပျိုးသောဟင်းသီးဟင်းရွက်မှာ မျိုးရင်း (Cruciferae) ဝင် အပင်များဖြစ်ကြသော မုန်ညင်း၊ မုန်လာ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ နိုကိုဥ၊ ခါကျက်ဥ (မုန်လာဥနီ)၊ မုန်လာဥဖြူ တို့ဖြစ်ကြသည်။ သို့ဖြစ်ရာ မုန်ညင်း၊ မုန်လာစိုက်ပျိုးမှုနှင့်မိတ်ဖက်ဖြစ်နေသော ဖျက်ပိုး “စိန်ကွက်ဖလံ”အကြောင်း ဗဟုသုတအဖြစ် သိရှိနိုင်ပါရန် ရေးသားတင်ပြလိုက်ရပါသည်။

 🔹ဤဖျက်ပိုးသည် ရာသီဥတုပူပြင်းလျှင်ကျရောက်မှုများသည့် ဖျက်ပိုးအမျိုးအစားဖြစ်သည်။ ပိုးသတ်ဆေး ကိုခံနိုင်ရည်ရှိလာသောဖျက်ပိုးလည်းဖြစ်၍ ထိထိရောက်ရောက် ပိုးသတ်ဆေးသုံးမှရသည်။ မစို့မပို့၊ မထိမရောက်၊ နည်းစနစ်မမှန်ဘဲပိုးသတ်ဆေးသုံးလာကြလျှင် ဆေးအာနိသင်ကိုပို၍ ပို၍ခံနိုင်သော မျိုးဆက်သစ်ဖျက်ပိုးများ များပြားလာမည်ဖြစ်သည်။ 

🔹“စိန်ကွက်ဖလံ”သည် အရွက်များကိုခြစ်စားသောဖျက်ပိုးဖြစ်၍ အစိမ်းရောင်အရွက်ပေါ်တွင် အဖြူကွက်များတွေ့ရလျှင် စိန်ကွက်ဖလံကျနိုင်ပြီဖြစ်သည်။ ဥ ဘဝမှာပင် ဥ ပြန်အုနိုင်သည်။ အကောင်ကြီးဖြစ်သည်အထိရက် (၃၀)ခန့်သာရှိ၍ သီးနှံပင်၏သက်တမ်းအတွင်း စိုက်ခင်းတွင်နှစ်ကြိမ်၊ သုံးကြိမ်ကြုံရနိုင်သည်။ ဥ ဘဝတစ်ပတ်၊ ဖျက်စီးသည့် လောက်ကောင်ဘဝ နှစ်ပတ်-သုံးပတ်၊ ရုပ်ဖုံးဘဝ(၁၀)ရက်သာကြာသည်။ ဥများသည်သေးငယ်၍ အဖြူရောင်ဖြစ်ပြီး အရွက်၏ အောက်မျက်နှာပြင်တွင်လူမမြင်ရအောင်အုချသည်။ 

🔹ဥမှပေါက်သည့်လောက်ကောင်များသည်အရွက်အောက်မှအရွက်ပေါ်ထိ ထိုးဖောက်၍သွားကြပြီး အရွက်တွင်အပေါက်များဖြစ်ကျန်ခဲ့သည်။ အပင်တစ်ဝိုက်တွင်ပိုးကောင်ပါးစပ်ကထုတ်သည့်ချည်မျှင်များ နှင့်ပိုးချေးများတွေ့ရသည်။ ရုပ်ဖုံးမှာလည်းချည်မျှင်များထွေးလုံးရစ်ပတ်ထားသည်။ အတောင်ပံပါသော အကောင်ကြီးသည် မီးခိုးရောင်ရှိပြီးအတောင်ကိုစု၍နားနေချိန်တွင် ရှေ့အတောင်အောက်နား၌ စိန်ကွက် သွေးထားသည့်ပုံစံရှိနေ၍ ”စိန်ကွက်ဖလံ”ဟုခေါ်ကြသည်။ တစ်နှစ်လျှင်သားဆက်(၁၅)ဆက်ထိ ပွားများ နိုင်သည်။ 

ကာကွယ်နှိမ်နင်းရန်မှာ ... 

🔹ပိုး၏ခန္ဓာကိုယ်သည်ပျော့ပျောင်းသဖြင့် မီးခိုးမှိုင်းတိုက်၊ မီးခိုးအူပေးမှုပြုလုပ်ပါ။ 

🔹စိုက်ခင်းအတွင်း ပေါင်းမြက်၊ အမှိုက်ရှင်းပါ။ 

🔹N: P: K မြေဩဇာသုံးမျိုးကို အချိုးအစားညီမျှအောင် သုံးပေးပါ။ နိုက်ထရိုဂျင်အချိုးအစားမပိုပါစေနှင့်။ ပိုတက်စီယမ်ဓာတ်ကို မဖြစ်မနေကျွေးပါ။ 

🔹ညထွက်ဖလံမျိုးဖြစ်၍မီးရောင်ထောင်ချောက်ထွန်း၍ နှိမ်နင်းပါ။ 

🔹ပိုးကျရောက်မှုတွေ့သည်နှင့် ဓာတုပိုးသတ်ဆေး (ဘီတာ စီ၊ အီမာလန်ဒါ၊ မိုးပျံ၊ နိုက်ဝမ်း၊ လိုင်းအောက်၊ ရော့ကက်) ဆေးများမှတစ်မျိုးမျိုးသုံး၍ နှိမ်နင်းပေးပါ။ 

🔹ဂေါ်ဖီထုပ်တွင်အရွက်အထပ်ထပ်ဖုံးထားသလို၊ ပန်းဂေါ်ဖီတွင်အပွင့်များစုပြုံနေ၍ ပိုးကျရောက်မှု ပိုများသည်။ဂေါ်ဖီထုပ်၊ပန်းဂေါ်ဖီစိုက်ခင်းများတွင်ပိုးသတ်ဆေးအများဆုံးသုံးကြ၊ ဖျန်းကြရသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းမကျန်ရန်ခူးဆွတ်ခါနီး ဓာတုပိုးသတ်ဆေးမဖျန်းသင့်ပါ။ တစ်ပင်တွင် ပိုးနှစ်ကောင်တွေ့လျှင် ထိသေစားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိ ဓာတုပိုးသတ်ဆေးတစ်မျိုးမျိုး အသုံးပြုပေးရပါမည်။ 

🔹ဆေးဖျန်းလျှင်အရွက်၏အောက်ခြေ၊ပိုးဥ၊ပိုးကောင်ရှိသောနေရာကိုဖျန်းကြရမည်။ ပျိုးခင်းနှင့် စိုက်ပျိုးပြီးခါစအစောပိုင်းကာလများတွင်ဓာတုဆေးများသုံးလျှင်ဓာတ်ကြွင်းပါဝင်မှုနည်းနိုင်သည်။ ထို့ကြောင့် ဖျက်ပိုး “စိန်ကွက်ဖလံ”ကို ဆိုးရွားစွာကျရောက်ဖျက်စီးမှု မတိုင်မီကပင် ကြိုတင်သတိပြုကာကွယ်နှိမ်နင်းသင့်ပါကြောင်း တိုက်တွန်းအကြံပြုအပ်ပါသည်။ 

စစ်မှန် ပြည့်ဝ ဝိစာရ 

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ