menu

ဂရုပြုကာကွယ်ရမည့် “စပါးရွက်ညိုပြောက်ရောဂါ”


🌾🌱🌾🌱🌾🌱🌾🌱🌾🌱🌾

↗️ စပါးရွက်ညိုပြောက်ရောဂါသည် စပါးစိုက်ဒေသတိုင်းမှာ ဖြစ်ပွားနိုင်သည့် ရောဂါဖြစ်စေသည့် သက်ရှိမှိုဖြစ်သည်။ အဆိုပါမှိုသည် စပါးရွက်ပေါ်တွင် ကျရောက်ပါက ရောဂါလက္ခဏာကို အရွက်နှင့် အစေ့များပေါ်တွင် အဓိကတွေ့ရသော်လည်း စေ့ရွက်အောက်ထွက်စ၊ ရွက်ဖုံး၊ အနှံခက်များပေါ်တွင် လည်း တွေ့ရှိနိုင်သည်။ အရွက်ပေါ်တွင် အစက်ငယ်မှ နှမ်းစေ့အရွယ်၊ တစ်ခါတစ်ရံ တစ်စင်တီမီတာ အရွယ်အထိရှိသော ဘဲဥပုံအညိုရောင်ပြောက်များ ညီညာစွာပြန့်ကျဲဖြစ်ပေါ်နေသည်။

↗️ အစက်အပြောက်များမှာ ကနဦးပိုင်းတွင် ခရမ်းရောင်၊ အညိုရောင်ရှိပြီး ကြီးလာသည်နှင့်အမျှ အညိုရောင်အနားရစ် အလယ်မီးခိုးရောင်ရှိသော ကွက်ပြောက်များဖြစ်လာသည်။ ထိုမှတစ်ဆင့် အရွက်များတဖြည်းဖြည်းခြောက်သေသွားသည်။ စပါးစေ့ခွံပေါ်တွင် အနက်ရောင် (သို့) အညိုရင့် အစက်အပြောက်များတွေ့နိုင်သည်။ နောက်တဖြည်းဖြည်း ဆန်စေ့အထိအမည်းပြောက်များတွေ့ နိုင်သည်။ အနှံခက်၏ အဆစ်များတွင်လည်း အညိုရောင်ရောဂါကွက်များဖြစ်ပြီး စပါးစေ့အဆံ တည်မှုနည်းစေသည်။ အဆံမအောင်ဘဲစပါးစေ့ရှုံ့လိမ်၍ အရောင်ပျက်စေသည်။ ရောဂါရစပါးစေ့များကိုပြန်လည်စိုက်ပျိုးခြင်းအားဖြင့် ပျိုးပင်နာကျရောဂါ ဖြစ်စေပါသည်။

↗️ အဆိုပါရောဂါဖြစ်စေသည့် မှိုသည်ရောဂါရအပင်အစိတ်အပိုင်းများတွင် နှစ်နှစ်မှသုံးနှစ်အထိ ခိုအောင်းရှင်သန်နိုင်သည်။ မြေဆီလွှာထဲတွင်လည်း ရှင်သန်နိုင်သည်။ ရောဂါရမျိုးစေ့များသည် ရောဂါကူးစက်ပျံ့နှံ့စေသောအကြောင်းတရားများဖြစ်သည်။ မြေဆီလွှာအတွင်းရှိ မှိုမှတစ်ဆင့်လည်း ရောဂါကူးစက်စေနိုင်တာ တွေ့ရသည်။ မှိုစပိုးများသည် လေဖြင့်လွင့်ပါ၍ တစ်နေရာမှတစ်နေရာသို့ ပျံ့နှံ့ကူးစက်နိုင်သည်။

↗️ အဆိုပါမှိုရောဂါကို တိုးတက်ဖြစ်ပေါ်စေသော အကြောင်းတရားများရှိပါသည်။ မြေတွင် နိုက်ထရိုဂျင်ဓာတ် လွန်ကဲခြင်းနှင့် အာဟာရ ချို့တဲ့ခြင်းများသည် အဆိုပါမှိုရောဂါကို ပိုမိုဖြစ်ပေါ်စေရန် တွန်းအားပေးနေသည်ကိုတွေ့ရသည်။ ထို့ပြင် ရေသွင်းရေထုတ်ညံ့ဖျင်းသဖြင့် မြေဆီလွှာအတွင်း ဓာတ်လျော့မှုလွန်ကဲစွာ ဖြစ်ပေါ်သောမြေများတွင် ရောဂါကို ပိုမိုဖြစ်ပေါ်စေရန် အခွင့်အလမ်းသာသည်။ စပါးပင်သည် မဂ္ဂနီးစ်၊ ဆီလီကာ၊ ဖော့စ်ဖရပ်၊ ပိုတက်စီယမ်၊ နိုက်ထရိုဂျင် စသောဓာတ်များ ချို့တဲ့ ပါကရောဂါပို ဖြစ်စေနိုင်သည်။ တမန်းအပုပ်လွန်သော လယ်မြေများတွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် ဓာတ်ငွေ့များထွက်သဖြင့် ဆီလီကာနှင့် ပိုတက်စီယမ်ဓာတ်တို့ကို အပင်က ပုံမှန်အတိုင်း မစုပ်ယူ နိုင်သောအခါ ရောဂါပိုမိုဖြစ်စေသည်။

↗️ ရွက်ညိုပြောက်ရောဂါလက္ခဏာသည် ပိုတက်စီယမ်ဓာတ်ချို့တဲ့သဖြင့် စပါးရွက်တွင် ဖြစ်ပေါ်သော လက္ခဏာနှင့်ဆင်တူသည်။ စွတ်စိုသောမြေထက် ခြောက်သွေ့သော မြေတွင်ရောဂါပိုဖြစ်စေပါသည်။ ရောဂါကူးစက်ရန်အကောင်းဆုံးအပူချိန်မှာ ၂၀ ဒီဂရီစင်တီဂရိတ် မှ ၂၅ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ တိမ်ထူပြီး မိုးအဆက်မပြတ်ရွာသွန်းနေပါက ရောဂါပြန့်ပွားမှု မြန်ဆန်စေပါသည်။ ရောဂါမှိုသည် အာဟာရချို့တဲ့သော မြေများတွင် ဖြစ်ပေါ်မှုများပြီးဒေသတော်တော်များများမှာလည်း ဖြစ်ပွားလေ့ ရှိသည်။ မြက်မျိုးစိတ်အပင်များ၊ စပါးရိုင်းပင်များတွင် လက်ခံပင်အဖြစ် တည်ရှိနေနိုင်သည်။

(က) ကြိုတင်ကာကွယ်ခြင်း
------------------------

၁။ ရောဂါကင်းသော မျိုးစေ့ကို ရွေးချယ်စိုက်ပါ။

၂။ ရောဂါရစပါးစိုက်ခင်းရဲ့ ရိုးပြတ်များ၊ ပင်ကြွင်းပင်ကျန်များ မီးရှို့ပါ။

၃။ ကန်သင်းပေါ်ရှိ ပေါင်းမြက်နှင့် စပါးရိုင်းပင်များကို သုတ်သင်မီးရှို့ပါ။

၄။ လယ်မြေကို အာဟာရပြည့်ပြီး မြေဆီလွှာကောင်းမွန်စေရန် နိုက်ထရိုဂျင် (မလွန်ကဲ)၊ ဖော့စ်ဖရပ်၊ ပိုတက်ရှ်ကို အချိုးညီညီထည့်ပါ။

၅ ။ ရေသွင်း၊ ရေထုတ်ကောင်းအောင် စီမံထားပါ။

၆ ။ ရောဂါကျရောက်ဖူးသော လယ်ကွက်ကိုဖြတ်၍ ရေသွင်းခြင်းကိုရှောင်ပါ။

၇ ။ တမန်းအပုပ်လွန်အောင် မစောင့်ဘဲ တမန်းအနေတော်အချိန်မှာစိုက်ပျိုးပါ။

၈ ။ ဓာတုဆေးဖြင့်ကြိုတင်ကာကွယ်လိုပါက သီးနှံပင်ငယ်စဉ်မှစ၍ “ဘင်ဇိုကာ” မှိုသတ်ဆေးဖြင့် ပက်ဖျန်းကာကွယ်နိုင်ပါသည်။

(ခ) နှိမ်နင်းခြင်း
-------------

၁။ မျိုးစေ့ကိုဆားရည်စိမ်ပြီးမှစိုက်ပျိုးပါ။

၂။ ရောဂါလက္ခဏာစတွေ့သည်နှင့် ဝိစာရ၏ "ဇိုလာ၊ ဘင်ဇိုကာ" မှိုသတ်ဆေးတစ်မျိုးမျိုးကို တစ်ပတ်ခြားတစ်ကြိမ်ခန့် ပက်ဖျန်းပေးရပါမည်။

၃။ ဆေးဖျန်းပြီးလျှင် တစ်ဧက ပိုတက်ရှ်မြေသြဇာ (၁၅ - ၂၀)ပေါင် ခန့်ကြဲပက်ပေးပါ။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾