menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
Gypsum
ဓာတ်မြေသြဇာဈေးကွက်မှာ အသုံးများလာတဲ့ ပစ္စည်းတစ်မျိုးကတော့ ဂျစ်ပဆမ် ဖြစ်ပါတယ်။ တောင်သူအတော်များများဟာ ကျောက်မှုန့်လို့ သိထားကြပါတယ်။ ကမ္ပဏီအတော်များများက နာမည်အမျိုးမျိုး(Trade Name)နဲ့ ဖြန့်နေကြပါတယ်။ ကောမက်ဂျစ်ပဆမ်၊ မော်နီတာဂျစ်ပဆမ်၊ ရီဗိုက်၊ စိမ်းဂျစ်ပဆမ်နဲ့ ဆင်ဖြူတော် စတာတွေပါပဲ။ စိုက်ပျိုးရေးဌာနကတော့ ရွှေဝါနှံအမည်နဲ့ ထုတ်လုပ်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဈေးကွက်မှာ နာမည်ရ၊ နေရာယူလာတဲ့ ဂျစ်ပဆမ်နဲ့ ပတ်သက်တာလေးတွေ ဖော်ပြလိုက်ပါတယ်။
ဂျစ်ပဆမ်မှာ ပါဝင်တဲ့ အာဟာရဓာတ်များ
-------------------------------------------
ဂျစ်ပဆမ်(CaSO4,2H2O)ဟာ သဘာဝတွင်းထွက်ပစ္စည်းပါ။ သန့်စင်တဲ့ဂျစ်ပဆမ်မှာ ကယ်လ်စီယမ် ၂၃.၂၈%၊ ဆာလ်ဖာ ၁၈.၆၂% ပါဝင်ပါတယ်။ မဂ္ဂနီစီယမ် ၁.၃%အထိ ပါဝင်နိုင်ပါတယ်။ အနည်းငယ်စီပါဝင်တဲ့ အာဟာရတွေကို ppm(part per million)နဲ့ ဖော်ပြရရင် ဘိုရွန်၉.၄၊ သံဓာတ်၁၀.၄၅၊ မင်းဂနိ၁၄.၆နဲ့ ဖော့စ်ဖရပ်၃၀.၆ ဖြစ်ပါတယ်။
ရေမှာပျော်ဝင်မှု
---------------------
ဂျစ်ပဆမ်ဟာ ရေမှာအလွန်ပျော်ဝင်တယ်။ Highly soluble ဖြစ်တယ်။ ဒါကြောင့် မြေမှာထည့်တာအပြင် ရွက်ဖျန်းအနေနဲ့လည်း သုံးလို့ရပါတယ်။ အချဉ်ဓာတ်များတဲ့မြေ (Acidic soil)မှာစိုက်တဲ့ အာလူး၊ ဘလူးဘယ်ရီနဲ့ ခရစ္စမတ်ကာလမှာ အသုံးများတဲ့ Christmas tree တွေမှာ ကယ်လ်စီယမ်လိုအပ်ချက် များတယ်။ ဂျစ်ပဆမ်ကိုသုံးရင် လိုတဲ့Caကို အပင်တွေက လွယ်ကူစွာရတယ်။
ဂျစ်ပဆမ်နှင့် မြေ၏ဖွဲ့စည်းပုံ
---------------------------------
စိုက်ပျိုးမြေဟာ သဲ၊ နုန်း၊ စနယ်တွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်။ စနယ်မြေမှုံအလုံးလေးတွေက အသေးဆုံး၊ သဲကအကြီးဆုံးနဲ့ နုန်းကအလယ်အလတ် ဖြစ်ပါတယ်။ အဲဒီသုံးမျိုးပါဝင်မှု အချိုးအစားဟာ မြေရဲ့ဖွဲ့စည်းပုံ ကောင်းမကောင်းဆုံးဖြတ်ပါတယ်။
စနယ်မြေမှုံအလုံးလေးများ အကြားနေရာ(Pore space)ဟာ ကျဉ်းမြောင်းတာကြောင့် စနယ်မြေတွေဟာ လေဝင်လေထွက် မကောင်းဘူး။ ရေစိမ့်ဝင်အားနည်းပြီး ရေဝပ်ပါတယ်။ သဲလုံးလေးတွေ ကြားနေရာ(Pore space)ဟာ ကျယ်လွန်းပြီး လေဝင်လေထွက်ကောင်းပေမဲ့ ရေထိန်းအားနည်းပါတယ်။ နုန်းကတော့ စနယ်နဲ့သဲရဲ့အကြားမှာ ရှိပါတယ်။
စနယ်မြေကို ဂျစ်ပဆမ်ထည့်လိုက်ရင် ဂျစ်ပဆမ်က မြေလုံးငယ်ငယ်လေးတွေကို တစ်ခုနဲပတစ်ခု စုစည်းပြီး မြေလုံးအရွယ်အစား အသင့်အတင့်ကြီးလာတယ်။ မြေမှုံကြားနေရာ(Pore space)က ကျယ်လာတယ်။ လေဝင်လေထွက် ကောင်းလာပြီး ရေကိုစိမ့်ဝင်မှုကောင်းစေတယ်။ အစိုဓာတ်ကိုလည်း ထိန်းထားနိုင်စေပါတယ်။ အဲဒီအခြေအနေဟာ မြေရဲ့ဖွဲ့စည်းပုံ(Soil structure) ကောင်းလာတာ ဖြစ်တယ်။ ဂျစ်ပဆမ်နဲ့ အော်ဂဲနစ်ပစ္စည်းပါ ပေါင်းစပ်သုံးရင်တော့ မြေဖွဲ့စည်းပုံဟာ အတိုင်းထက်အလွန် ပိုကောင်းလာမှာပါ။
အပင်မှအာဟာရ ရယူနိုင်မှု (Nutrient uptake)ကောင်းစေခြင်း
---------------------------------------
အပင်တွေဟာ အာဟာရလိုတာကို မြေထဲက၊ ဒါမှမဟုတ် မြေထဲကိုထည့်လိုက်တဲ့ မြေသြဇာကတဆင့် ရယူပါတယ်။ အပင်အတွက် အာဟာရကို အမြစ်ကစုပ်ယူပေးပါတယ်။ အမြစ်က အာဟာရစုပ်ယူနိုင်ဖို့ မြေရဲ့ဖွဲ့စည်းပုံ ကောင်းရပါမယ်။ မြေကကျပ်နေရင် အမြစ်ကမြေလွှာကိုဖောက်ပြီး အစာရယူရန်ခက်ခဲပြီး အချိန်ကြာမြင့်ပါတယ်။ ကျပ်တဲ့မြေကို ဂျစ်ပဆမ်ထည့်ပေးလိုက်ရင် မြေလုံးကလေးတွေ စုစုစည်းစည်းဖြစ်လာပြီး မြေဖွဲ့စည်းမှု ကောင်းလာပါတယ်။ ရေစိမ့်ဝင်မှုကောင်းပြီး မြေတွင်းအစိုဓာတ်ပြည့်စုံတာကြောင့် အာဟာရတွေပျော်ဝင်မှု ကောင်းမွန်မြန်ဆန်လာပါတယ်။ အမြစ်က မြေဆီလွှာကိုထိုးဖောက်ပြီး အစာရယူမှု လွယ်ကူလာပါတယ်။ လေဝင်လေထွက်ကောင်းတာကြောင့် အမြစ်ကအစာစုပ်ယူနိုင်စွမ်း တက်လာပါတယ်။ ဂျစ်ပဆမ်က မြေကိုပွရွလာစေတဲ့အတွက် အပင်ပေါက်လေးတွေရဲ့ အမြစ်နုလေးတွေဟာ နိုက်ထရိုဂျင်၊ သံဓာတ်နဲ့ သွပ်ဓာတ်တို့ကို အလွယ်တကူ အလျှင်အမြန် စုပ်ယူရရှိပါတယ်။
ထယ်ရေးမဲ့( Zero tillage or No-till system) စိုက်စနစ် အထောက်အကူပြုခြင်း
-------------------------------------------
စပါးမသိမ်းမီ အစိုဓာတ်ရှိချိန်မှာ ဒုတိယသီးနှံ ပဲကိုကြဲပက်စိုက်တာဟာ အလယ်ပိုင်းဒေသ စပါးစိုက်နေတာတွေနဲ့ ဧရာဝတီတိုင်းဒေသတွေမှာ အလေ့အထရှိပါတယ်။ တကယ်တော့ ထယ်ရေးမဲ့စိုက်စနစ်ဖြစ်လို့ နောက်ပိုင်းမှာထည့်တဲ့မြေသြဇာဟာ အကျိုးရသင့်သလောက် အပြည့်အဝမရနိုင်ပါ။ ပထမသီးနှံ ထယ်ရေးပြင်ချိန်မှာ ဂျစ်ပဆမ်ကို များများစားစား ထည့်ပေးနိုင်ရင် မြေရဲ့ဖွဲ့စည်းပုံကောင်းမွန်ပြီး ရေထိန်းသိမ်းနိုင်တာနဲ့ လေဝင်လေထွက်ကောင်းတာတွေ တိုးတက်စေပါတယ်။ အဲဒီအကျိုးဆက်တွေကြောင့် နောက်သီးနှံ(ကုလားပဲ၊ မတ်ပဲ)တွေစိုက်ပြီး (သို့) ကြဲပက်ပြီးနောက်ပိုင်း အာဟာရလိုချိန်မှာ မြေသြဇာထပ်ကြဲရရင် မြေသြဇာရဲ့အကျိုးကို အပြည့်အဝခံစားရနိုင်မှာပါ။ အလှစိုက်မြက်ခင်းတွေ၊ ဂေါက်ကွင်းမှာမြက်စိုက်တာတွေ၊ စားကျက်စိုက်ခင်းတွေ မြေပြင်ချိန်မှာ ဂျစ်ပဆမ်ထည့်ထားခဲ့ရင် နောက်ပိုင်း စိုက်ခင်းပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေမှာ အထက်ဖော်ပြပါ အကျိုးတရားတွေ ရမှာဖြစ်ပါတယ်။
ဆပ်ပြာပေါက်မြေပြဿနာ ဖြေရှင်းနိုင်ခြင်း
---------------------------------------------
မြန်မာပြည်အလယ်ပိုင်း မကွေး၊ မန္တလေး၊ စစ်ကိုင်းစတဲ့ဒေသတွေမှာ နှစ်စဉ်မိုးရွာတာနည်းပြီး အပူရှိန်က လွန်ကဲပါတယ်။ မိုးရွာချိန်က ခဏတာဖြစ်ပြီး ပူတဲ့ကာလက တာရှည်ပါတယ်။ မိုးရွာချိန်မှာ မြေဆီလွှာအပေါ်ယံမှာရှိတဲ့ ဆားတွေ(Ca,Mg,Na)ဟာ မြေဆီလွှာအောက်ကို စိမ့်ဆင်းပါတယ်။ စိမ့်ဆင်းတဲ့ အတိုင်းအတာက လက္မအနည်းငယ်သာ ရှိပါတယ်။ ဒီဆားတွေဟာ နေပူလာတာနဲ့ အပေါ်ယံကို ပြန်တက်လာပြီး စုစည်းလာပြန်ပါတယ်။ ဒီလိုနဲ့ဘဲ မိုးပါးရေရှားဒေသတွေဟာ မြေငန်မြေတွေ ဖြစ်လာပါတယ်။
မြေချဉ်ငန်ကိန်း(၇)ဟာ မချဉ်မငန် သမတဲ့အခြေအနေ ဖြစ်ပါတယ်။ ပီအိတ်ချ်(၇)ဟာ (စံ-၇)ပါ။ (၇)အထက်ရောက်တာနဲ့ ငန်တာများများလာပါတယ်။ (၇)အောက်ရောက်လာရင်တော့ တဖြည်းဖြည်းချဉ်လာပါတယ်။ အဲဒီအချိန်မှာ ဖလှယ်နိုင်တဲ့ ဆိုဒီယမ်ပါဝင်မှုဟာ စုစုပေါင်းဆားသုံးမျိုး (Ca,Mg,Na)ပါဝင်မှုရဲ့ ၁၅%ကျော်သွားပါပြီ။ အဲဒီအခြေအနေမှာ ဆိုဒီယမ်ကြောင့် မြေရဲ့ဖွဲ့စည်းပုံ ပျက်သွားပြီး ထွန်ယက်ရတာ ခက်လာပါမယ်။ မြေကျပ်ပြီး လေဝင်လေထွက်မကောင်း၊ ရေစိမ့်ဝင်မှုမကောင်းဖြစ်ပြီး စိုက်တဲ့သီးနှံ ဖြစ်ထွန်းမှု ထိခိုက်သွားမှာဖြစ်ပါတယ်။ မြေကစနယ်ဖြစ်ရင် အခြေအနေက ပိုဆိုးပါတယ်။
အဲဒီမြေမျိုးကို ဂျစ်ပဆမ်ထည့်ပြီး ပြုပြင်လို့ရပါတယ်။ ဂျစ်ပဆမ်မှာပါတဲ့ ကယ်လ်စီယမ်က မြေမှုံတွေမှာကပ်နေတဲ့ ဆိုဒီယမ်ကို ဖယ်ထုတ်လိုက်ပါတယ်။
Na++ #စနယ်မြေ + Gypsum Ca++SO4 = Ca++ #မြေ + Na+SO4
ဂျစ်ပဆမ် + ဆပ်ပြာပေါက်မြေ = ကယ်လ်စီယမ်မြေ + ဆိုဒီယမ်ဆာလ်ဖိတ်
ဖယ်ထုတ်ခံရတဲ့ ဆိုဒီယမ်ကို အပင်အမြစ်ဝန်းကျင်(Root zone)ရဲ့အောက်ကို ရောက်သွားအောင် ရေသွင်းစိမ့်ဆင်းစေရပါမယ်။ မြေမှာ ဆိုဒီယမ်ပါဝင်မှုအနည်းအများနဲ့ စိုက်မဲ့သီးနှံအမျိုးအစားအပေါ် အခြေခံပြီး ရေကို တစ်ဧကပေမှ သုံးဧကပေ (1-3 acre feet) သွင်းပေးရပါမယ်။ ဒါမှသာ ဆပ်ပြာပေါက်မြေဟာ ပြန်ကောင်းလာမှာပါ။
ရေမဝပ်စေခြင်း
------------------
စနယ်မြေတွေ၊ ဆိုဒီယမ်ပါတာများတဲ့မြေတွေ၊ မြေအစိုဓာတ်များချိန်မှာ ထွန်စက်ကြီးတွေနဲ့ ထွန်ယက်တာများလာတဲ့ မြေတွေဟာ မြေကျပ်လာတတ်တယ်။ အဲဒီမြေတွေပေါ်ကို မိုးများများရွာချလိုက်ရင်၊ ရေကိုအလွန်အကျွံပေးသွင်းမိရင် ရေစိမ့်ဝင်အားနည်းတာကြောင့် ရေဝပ်တတ်ပါတယ်။ ဂျစ်ပဆမ်ကို အစောကတည်းက ထည့်ထားခဲ့ရင် ဒီမြေတွေမှာ ရေစိမ့်ဝင်အားကောင်းလို့ ရေဝပ်ပြဿနာ မဖြစ်နိုင်တော့ပါဘူး။
အသီး၊ အပွင့်များ ဖြစ်ထွန်းမှု (Fruit development)
---------------------------------
ကယ်လ်စီယမ်ဟာ ရွေ့လျားမှုနှေးကွေးတဲ့ အာဟာရတစ်ခု ဖြစ်ပါတယ်။ အဲဒီလိုနှေးကွေးတာကြောင့် အမြစ်ကတဆင့် သီးပွင့်ချိန်မှာ အသီးအပွင့်တွေဆီရောက်ဖို့ရာ ကြာမြင့်ပါတယ်။ အချိန်မှီမရောက်ရင် သီးပွင့်ဖြစ်ထွန်းမှု ထိခိုက်ပါတယ်။ ခရမ်းချဉ်သီးအခြေမှာ ပုပ်သွာတာ၊ ဖရဲမှာ ဖင်ပုပ်သွားတာတွေဟာ ကယ်လ်စီယမ် အချိန်မှီမရောက်လာလို့ ဖြစ်ရတာပါ။ အဲဒီလိုအပင်တွေ အသီးစတည်ချိန်မှာ ကယ်လ်စီယမ် လုံလောက်စွာရအောင် ဂျစ်ပဆမ်ကို အရွက်ဖျန်းပေးတာ လုပ်ပေးရင် အနာအဆာလွတ်ကင်းတဲ့ အသီးများရပါမယ်။
ရောဂါကာကွယ်ပေးခြင်း
----------------------------
ဂျစ်ပဆမ်ကို စိုက်ပျိုးမြေမှာ အလုံအလောက်ထည့်ခဲ့ရင် မြေပဲမှာ မြေတွင်းကကျတတ်တဲ့ ရောဂါတွေကင်းရှင်းမယ်။ အစေ့အဆန်အောင်ပြီး ဆီထွက်ကောင်းတဲ့မြေပဲ ရမယ်။ ထောပတ်သီးပင်မှာ အမြစ်ပုပ်ရောဂါဖြစ်တာကို ကာကွယ်ပေးနိုင်ပါမယ်။ အာလူးမှာ ချေးဖတ်ရောဂါ(Scab) ဖြစ်တာကို ကာကွယ်ပေးပါမယ်။
အဆိပ်သင့်မှုကို ဟန့်တားပေးခြင်း
--------------------------------------
ဂျစ်ပဆမ်ဟာ အပင်အတွက်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေကို အပင်ကစုပ်ယူရာမှာ လိုအပ်တာထက်ပိုပြီး စုပ်ယူတာမဖြစ်အောင် ထိန်းသိမ်းဟန့်တားပေးနိုင်တယ်။ အထူးသဖြင့် သံဓာတ်၊ သွပ်ဓာတ်၊ ကြေးနီဓာတ်နဲ့ မင်းဂနိစတဲ့ အာဟာရတွေပါ။ ဒီအာဟာရဓာတ်တွေက လိုတာထက်ပိုလာရင် အပင်ကို အဆိပ်သင့်စေပါတယ်။ အပင်ထဲရောက်လာရင်လည်း အဆိပ်အတောက်မဖြစ်အောင် ထိန်းညှိပေးပါတယ်။
တီကောင် ပွါးများဖြစ်ထွန်းစေခြင်း
-------------------------------------
တီကောင်တွေဟာ ဂျစ်ပဆမ်ထည့်ထားတဲ့မြေမှာ ပွါးများမှုပိုကောင်းပါတယ်။ တီကောင်က မြေမှာသွားလာလှုပ်ရှားရင်း မြေမှုံငယ်တွေကို တစ်ခုနဲ့တစ်ခု ရောစပ်ပေးနိုင်တယ်။ စုစုစည်းစည်း ဖြစ်စေတယ်။ မြေတွင်း လေဝင်လေထွက်ကောင်းစေတယ်။
ထယ်ရေးမဲ့စိုက်တဲ့ သီးနှံခင်းတွေကို ဂျစ်ပဆမ် အလုံအလောက် ထည့်ပေးရင် တီကောင်ပွါးများမှုကောင်းလို့ မြေသားအခြေအနေပိုကောင်းပြီး သီးနှံတွေအာဟာရပိုစုပ်ယူနိုင်ကာ သီးနှံတွေ အထွက်ကောင်းစေပါတယ်။
သီးနှံရောင်းချရာတွင် ရောင်းပန်းလှစေခြင်း
------------------------------------------
ကြက်သွန်၊ အာလူး၊ မုန်လာဥစတဲ့ သီးနှံထွက်ကုန်တွေမှာ စိုက်ပျိုးတဲ့မြေက မြေစေး/မြေနီတွေ ကပ်ပါလာတတ်ပြီး ရောင်းပန်းမလှ ဖြစ်တတ်ပါတယ်။ အဲဒီလိုမြေတွေမှာ ဂျစ်ပဆမ်ကိုထည့်ပြီး စိုက်ခဲ့ရင် နှုတ်သိမ်းချိန်မှာ မြေစေး/မြေနီတွေမကပ်ဘဲ ကွာကျသွားပါတယ်။ ဈေးကွက်မှာ ရောင်းပန်းလှစေပါတယ်။
အခုဖော်ပြတာတွေကတော့ ဂျစ်ပဆမ်ရဲ့ ကောင်းကျိုးအဖြာဖြာပါပဲ။ ဂျစ်ပဆမ်သုံးသူများ မိမိမြေနဲ့ စိုက်မဲ့သီးနှံကိုအခြေခံပြီး မှန်ကန်စွာသုံးစွဲတတ်စေရန် ဖြစ်ကြောင်းပါ။ ။
Than Win Agri
Credit to ဆရာ ဦးကျော်စိုး(Soil Scientist)၏ ပညာပေးဆောင်းပါးကို ကူးယူရေးသား မျှဝေပါသည်။