menu

“သိရှိ မှတ်သား ကြက်သွန်အထွက်လျော့စေသည့် ရောဂါများ”

🌱🧅🧄🌱🌱🧅🧄🌱🌱🧅🧄🌱 

➡️ဝိစာရ၏တောင်သူဦးကြီးများအတွက် ကြက်သွန်တွင် ကျရောက်တတ်သော ရောဂါများ နှင့် ကာကွယ် ကုသနည်းများကိုဗဟုသုတအဖြစ် မှတ်သား သိရှိနိုင်ရန် တင်ပြပေးလိုက်ပါသည်။ 

➡️ကြက်သွန်နီဥပုပ် ၊ အပျော့ပုပ်ရောဂါ ⬅️ 

ကြက်သွန်ဥအမြစ်နှင့် ဥမှတစ်ဆင့် ဘက်တီးရီးယား ဝင်ရောက်မှု ကြောင့် ဥမှာပျော့၍ ပုပ်သွားပြီး အနံ့ဆိုး ထွက်နေသည်။ ။ ပုပ်သွားသည့် ဥတွင် မြေမှုန်များ ကပ်မနေပါက Pseudomonuas ဘက်တီးရီးယားကြောင့် ဖြစ်သည့် ရောဂါဖြစ် သည်။ ဥပတ်လည်တွင် မြေမှုန်များ ကပ်ပါနေပါက Erwinia ဘက်တီးရီးယားကြောင့် ဖြစ်သည်။ ကာကွယ်နှိမ်နှင်းရန်မှာ နိုက်ထရိုဂျင် မြေသြဇာများစွာ ထည့်မှုကိုရှောင်ပါ။ မတူးဖော်မီ (၂-၃) ပတ်အတွင် မလိုအပ်ဘဲ ရေသွင်း ရေလောင်းခြင်း မပြုရ။ အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။ ကာကွယ်နှိမ်နင်းရန် ကျူပရိုမက်စ် ၊ ကာစင် ဆေးများကိုအသုံးပြုနိုင်ပါသည်။ 

➡️ဒေါင်းနီးရွက်ခြောက်ရောဂါ⬅️ 

ကြက်သွန်မြိတ်ပေါ်တွင် အဖြူရောင်အစက် အစုအဝေးအဖြစ် စတင် တွေ့ရသည်။ မကြာမီ ပေါင်းစပ်သွားပြီး အဝါဖျော့ရောင် အကွက်ကြီး ဖြစ်လာကာ အနာကွက်ကြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်မှုကြောင့် ကြက်သွန်မြိတ် တစ်ခုလုံး ခြောက်သွားသည်။ အေး၍ နှင်းများသည့် ရာသီတွင် ကြက်သွန်မြိတ်အများစုသို့ ရောဂါကူးစက်ပါက ဥကြီးထွားမှု ကို ထိခိုက်ပြီး အထွက်သိသာစွာ လျော့စေပါသည်။ ကြိုတင်ကာကွယ်ရန် ဆိုင်မို-ဇက်ဆေးကို အသုံးပြုနိုင်ပြီး ရောဂါကျရောက်ပါက အီဗို ဒေါက်တာ၊ စူပါမော့၊ ဆိုင်မောက်ဆေးများပက်ဖျန်း၍ နှိမ်နင်းနိုင်ပါသည်။ 

➡️တောက်တဲ့မြီးရောဂါ⬅️ 

ကြက်သွန်မြိတ်ပေါ်တွင် အဝါဖျော့ရောင် ဘဲဥပုံ ရှည်မျောမျော အနာကွက်အဖြစ် စတင်တွေ့ရသည်။ အနာကွက် တဖြည်းဖြည်း ကျယ်ပြန့်လာသော်လည်း ဘဲဥပုံပင်ရှိသည်။ မကြာမီ အနာကွက် အလယ်ပိုင်းတွင် ပန်းရောင် ပြောင်းသွားသည်။ အနာကွက် နေရာ သည် ပါးလွှာသွားသဖြင့် ကြက်သွန်မြိတ် ကျိုးကျခြင်းနှင့် အနာ ကွက်များ ပေါင်းပြီး အမြိတ်ခြောက် သွားခြင်းကြောင့် ဥ ကြီးထွားမှုကို ထိခိုက်လျော့နည်းစေသည်။ အစေ့ထုတ်သည့် ကြက်သွန်ခင်းတွင် ပွင့်ခံတိုင်၌ကျပါက အစေ့မတည်မီ ပွင့်ခံတိုင် ကျိုးကျမှုကြောင့် အစေ့ မတည်ဘဲ မျိုးစေ့အထွက် သိသာစွာ လျော့နည်းစေပါသည်။ ကြက်သွန်တောက်တဲ့မြီးရောဂါ သာမန်ကျရောက်ပါကဆေးဖျန်းပုံးတစ်ပုံးလျှင် ကာဗာ (၁၀)စီစီ + ဒိုင်ကိုဇက်(၄၀)ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပေးပါ။ ဆိုးရွားစွာကျရောက်ပါက ဟက်ဇာဂွန်(၃၀)စီစီ (သို့မဟုတ်) ကာဗာ(၂၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်းပါ။ 

➡️ဂျိုလိမ် (သို့) လည်လိမ်ရောဂါ⬅️ 

ကြက်သွန်မြိတ် အဖျားပိုင်းသည် လွတ်လပ်စွာ သီးခြားထောင်မတ် နိုင်ခြင်းမရှိဘဲ တစ်မြိတ်တည်း လိမ်နေခြင်း (သို့) အခြားအမြိတ်များ နှင့်တွဲ၍ လိမ်နေခြင်း ဖြစ်တတ်သည်။ ကြက်သွန်ဖြူတွင် အမြိတ်များ ထောင်မတ်မှုမရှိဘဲ ကွင်းအဖြစ် လိမ်နေသည်ကို ပိုမို တွေ့ရသည်။ ကြက်သွန် ဂျိုလိမ်ရောဂါကို ကာဗာ ဆေးဖြင့်ကြိုတင် ပက်ဖျန်းကာကွယ်နိုင်ပါသည်။ အထိရောက်ဆုံး ကာကွယ်နှိမ်နှင်းနည်းမှာ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို နှစ်စဉ် ဆက်တိုက်မစိုက်ဘဲ အခြား သီးနှံများနှင့် အလှည့်ကျစိုက်ပျိုးပါ။ 

➡️ခါးရိရောဂါ⬅️ 

ပျိုးပင် ထူလွန်းပြီး မြေအစိုဓာတ်များပါက ရောဂါ ပိုမိုဆိုးရွားသည်။ အပင်ခြေတွင် ရေစိုနာကွက်များ ဖြစ်ပေါ်၍ ၎င်းနေရာမှ ပျော့လာကာ ခါးရိပြီး အပင်လဲကျသွားသည်။ ရောဂါပြင်းထန်ပါက မျိုးစေ့မှ အညှောင့်ပေါက်ခါစတွင် ခါးရိ သေဆုံးသည်။ ကာကွယ်နှိမ်နှင်းနည်းရန်မှာမျိုးစေ့ကို ဘာလီဆိုဒ် မှိုဆေး (သို့မဟုတ်) မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုး နှင့် လူးနယ်ပြီးမှ စိုက်ပျိုးပါ။ ပျိုးခင်း၊ စိုက်ခင်းပြုလုပ်မည့် မြေကွက်အား ၎င်းမှိုသတ်ဆေးဖြင့် ပတ်ဖျန်း ပြီးမှ ပျိုးထောင် စိုက်ပျိုးပါ။ ရောဂါလက္ခဏာ စတွေ့ချိန်မှစ၍ ဘာလီဆိုဒ် နှင့် ကာဗာ မှိုဆေးများကို (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် အပင်ခြေရှိ မြေကြီး စိုရွှဲသည်အထိအလှည့်ကျ ပက်ဖျန်းပေးနိုင်ပါသည်။ 

➡️ကြက်သွန်စိုက်တောင်သူကြီးများ ကြက်သွန်ရောဂါများအကြောင်းသိရှိပြီးပါက ဂရုပြု ကာကွယ်နိုင်ပြီး ကြက်သွန် အရည်အသွေး နှင့် အထွက်နှုန်းများမြင့်မား၍ ဈေးကောင်းရနိုင်ကြပါစေ။ 

💠စစ်မှန် ပြည့်ဝ ဝိစာရ💠