menu

သိမှတ်စရာ ပဲစိုက်ခင်းနှင့် လှေးပိုး၊ လှေးကျိုင်း

 
🌿🦗🐛🌿🦗🐛🌿🦗🐛🌿🦗🐛🌿  

🔳မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် မိုးစပါးရိတ်သိမ်းပြီးသော လယ်များ၌ သီးထပ်ပဲများ (ဆောင်းပဲ) အဖြစ် စိုက်ပျိုးနေကြပါပြီ။ အပင်ဖြစ်ထွန်းမှုကောင်းပြီး အချို့ပဲခင်းများ အပွင့်ပွင့်ချိန်ရောက်လုနီးရောက်ရှိပြီး ဖြစ်နေကြပါတော့မည်။ အထူးသဖြင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အများ စုဖြစ်သည်။ ပဲတီစိမ်း၊ မတ်ပဲမှာ စိုက်ပျိုးမှုများပြီး နေရာအချို့ ပဲလွမ်းစိုက်ကြသည်။  

🔳ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပဲစိုက် တောင်သူအချို့က လှေးပိုးကျရောက်မှု နည်းနည်းပါးပါးရှိနေပြီ ပြောသံကြားရပြီ။ “ ပိုးတွေ့ရသလား“ မေးကြည့်တော့ တွေ့ရတယ်ပြောသည်။ အဘယ်ကြောင့်ဆို သော် ပိုး၊ အပင်ရောဂါ ခွဲခြား သိစေလို၍ ဖြစ်ပါသည်။ “ဘယ်လိုပိုးလဲ” ဟုမေးကြည့်သောအခါ ရှည်ရှည်၊ သေးသေးလေးဟု ပြောသည်။ လှေးပိုးနှင့် လှေးကျိုင်းလွဲမှားမှာစိုး၍ ဖြစ်ပါသည်။ လှေး ၊ မွှားတို့သည် သေးငယ်သောပိုးလေးများဖြစ်ကြသည်။ လှေးပိုးသည် သေးငယ်သည်။ မွှားလည်းသေးငယ်သည့် အရွယ် ပမာဏရှိသည်။ မွှားက လှေးထက်ပို၍ သေးငယ်သည်။ လှေးပိုးသည် ပဲပင်ငယ်စဉ်မှ အသီးသီးချိန်အထိ စိုက်ခင်းမှာကျရောက်နိုင်သည်။ လှေးပိုး အများဆုံး တွေ့ရှိရချိန်သည် ပဲပင်ပန်းပွင့်ချိန် ဖြစ်သည်။  

🔳လှေးပိုးများများကျသည့်ပဲကပဲလွမ်းဖြစ်သည်။ လှေးပိုးက အရွက်မှ သစ်ရည်စုပ်စားသည်။ ပဲပင်မှ အပွင့်အသီးမတင်မှု နောက်ဆက်တွဲဖြစ်လာသည်။ရွက်နုတွင် ပို၍တွေ့နိုင်သည်။ မိုးရာသီစိုက်ပျိုးသော ပဲများတွင် (အညာဒေသ) မိုးရွာလျှင် လှေးပိုးကျမှု သက်သာသည်။ ဆောင်းရာသီစိုက်ပျိုးသော ပဲများတွင် (မြန်မာနိုင်ငံအောက်ပိုင်းဒေသ) ပန်းပွင့်ချိန် ဂရုပြုကြရသည်။ ပိုးဥများကို အပွင့်ပေါ်တွင်တွေ့ရပြီး အပွင့်ပေါ်တွင် ပိုးကောင်ပေါက်လာပြီး အပွင့်ကိုစားသောက် သည်။ ပိုးကောင်ကြီးလာလျှင် အရောင်ဝါတာတာဖြစ်လာသည်။ ပိုးကျမှုများလာလျှင် ပင်လုံးပြန့်ပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းကြပါသည်။  

🔳လှေးပိုးမခံနိုင်သော ပဲမျိုးများ စိုက်ပျိုးလျှင် ကျရောက်လွယ်သည်။လှေးကျိုင်းမှာ စုပ်ပိုးမဟုတ်။ ကိုက်ဖြတ်စားသောက်သည့် ဖျက်ပိုးဖြစ်သည်။ ပဲရွက်များကို ညနေပိုင်းနှင့် မနက်စောစောကိုက်ဖြတ်သည်။ အရွက်များတွင် အပေါက်များဖြစ်လာသည်။ မတ်ပဲနှင့် ပဲလွမ်းတွင် အများဆုံးတွေ့ရသည့်အပြင် ဆောင်း ရာသီဟင်းသီးဟင်းရွက်စိုက်ခင်းများမှ မုန်ညင်း၊မုန်လာပင်များလည်း များများကျသည်။ လှေးကျိုင်းမှာ ခန္ဓာကိုယ်မှာ အနက်ရောင်ကျိုင်းဖြစ်ပြီး အချို့မှာ အဝါရောင်အစင်းပါတတ်သည်။ လှေးကျိုင်း ကာကွယ် နှိမ်နင်းဆေးမှာ လှေးပိုးနှင့်မတူပါ။ ထိသေ၊ စားသေပိုးသတ်ဆေးအသုံးပြုရသည်။

🔳လှေးပိုး၊ လှေးကျိုင်း နှစ်မျိုးစလုံးအတွက် ပေါင်းမြက်များ စိုက်ခင်းထဲမရှိအောင်ရှင်းပါ။ လှေးပိုးက အပွင့်ပေါ်တွင်ဥတွေ့ရပြီး လှေးကျိုင်းမှာ အပင်ခြေမြေကြီးထဲ ဥ အုသည်။ နှစ်မျိုးစလုံး တူညီချက်မှာမြေကြီးထဲတွင် ရုပ်ဖုံးပြုလုပ်ကြသည်။ ထို့ကြောင့် ပဲစိုက်ခင်းမှန်သမျှ မစိုက်ပျိုးခင်ထယ်ထိုး၊ ထွန်မွှေ သေချာပြုပြင်ကြရပါသည်။ သို့သော် အများစုမှာ ပဲစိုက်ချိန်နောက်ကျမည် စိုးရိမ်ကြပြီး ရှေ့ကရိတ်သိမ်းသည့် မိုးစပါးကလည်း မိုးကြွင်းမိုးကျန်ရှိသေး၍ စပါးရိတ်မှု၊ ပဲပြန်လည်သီးထပ်စိုက်မှုသည် အချိန်ကိုက် ဖြစ်ရန် အချိန်လုပြီး တက်သုတ်ရိုက်၊ ကသုတ်ကရက်ပြုလုပ်ကြရသည့်လုပ်ငန်းလည်းဖြစ်နေပြန်ပါသည်။

🔳ထို့ကြောင့် ရာသီဥတုကလည်း မမျှတလျှင် ပိုးကျမှုဂရုပြုရသေးသည်။ လိုအပ်လာလျှင် ပိုးသတ်ဆေး ဖျန်းရပါမည်။ ပိုးသတ်ဆေးနှုန်းထား လျှော့သုံးလျှင်လည်း ပိုးမသေမှာစိုးကြ၊ နှုန်းထားတိုးသုံးလျှင်လည်း ပိုးတွေ ဆေးခံနိုင်မှာစိုးရနှင့် ဖြစ်နေကြလျှင် အသုံးပြုမည့်ဆေးပုလင်းပေါ်က မြန်မာစာအညွှန်းကိုသေချာ ဖတ်ရှုအသုံးပြုကြသင့်ပါသည်။လှေးမှာ လှေးပိုး၊ လှေးကျိုင်းရှိသကဲ့သို့ စပါးစိုက်ခင်းများတွင်လောင်မီးဟု ခေါ်ကြရာတွင်လည်း လောင်မီးပိုး (ပိုးလောင်မီး) နှင့် လောင်မီးရောဂါ (ယူဖရာ) ဟူ၍ ရှိကြရာ ကွဲပြားပြီး ခွဲခြားသိကြစေလိုပါသည်။  

ကိုရဲ(စိုက်ပျိုးရေး)  

မြန်မာတောင်သူကြီးများဂျာနယ်  

၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၄-၁၀)ရက်။