menu

သီးနှံ ပိုးမွှား၊ရောဂါ ကာကွယ်နှိမ်နင်းရာတွင် သိထားသင့်သော အခြေခံအချက်များ


🌿🐛🌾🐛🍀🐛🍃🐛🌱🐛🎋

 ✔️တောင်သူများကတော့ စိုက်ပျိုးရေးဆေးလို့ခေါ်ကြလေ့ရှိတယ်။ တချို့ကလည်း ဓာတုဆေးလို့ ခေါ်ကြတဲ့ ဆေးတွေကို စိုက်ပျိုးတဲ့သီးနှံအပင်တွေမှာ ပိုးကျရင် ပိုးသတ်ဆေး၊ရောဂါဖြစ်ရင် ရောဂါနှိမ်နင်းတဲ့မှိုသတ်ဆေး၊ ပေါင်းမြက်တွေ ရှင်းချင်ရင် ပေါင်းသတ်ဆေးသုံးကြတယ်။ ဒါတွေအားလုံးဟာ ပြောပြခဲ့တဲ့ ဓာတုဆေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးတွေဖြစ်ပါတယ်။ 

 ✔️ဒီနေ့ကာလ တောင်သူကြီးအများစုမှာ စိုက်ခင်း ပိုးကျနေပြီ၊ ဘာဆေးသုံးရမလဲ။ အပင်တွေ ရောဂါဖြစ် နေပြီ။ ဘာဆေးသုံးရမလဲ။ စိုက်ခင်းထဲကမြက်တွေ မရှင်းနိုင်တော့ဘူး။ ဘာပေါင်းသတ်ဆေးသုံးရမလဲ ဆိုပြီး မေးကြပါတော့တယ်။ ဆေးကိုပဲ တန်းပြီးအသုံးပြုချင်ကြတယ်။ ဆေးတွေအကြောင်းနဲ့ အသုံးပြု နည်းတွေကိုလည်း ဦးစွာသိအောင် လေ့လာထားကြသင့်ပါတယ်။ အနာနဲ့ဆေး တည့်အောင်ပေးမှ ထိရောက်မှုရှိပါတယ်။ အရင်ဆုံး သိရှိသင့်တာကတော့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ ဒီနောက် ကြိုတင်ကာကွယ်နည်းတွေ၊ အဲဒီနောက် နှိမ်နင်းနည်းတွေ သိသင့်ပါတယ်။ 

 ✔️ကြိုတင်ကာကွယ်ခြင်းအခြေခံနဲ့ နှိမ်နင်းခြင်းအခြေခံဆိုပြီး အချက်နှစ်ချက်ရှိပါတယ်။ကာကွယ်တယ် ဆိုတာ တားဆီးတာပဲ။ စိုက်ပျိုးမဲ့မြေကြီးထဲမှာ ပိုးရောဂါတွေရှိနေတတ်တယ်။ မစိုက်ပျိုးခင် မြေကြီးကိုထွန်ထယ်ဝင် မြေပြုပြင်ရင်း ကာကွယ်ကြမယ်။ ဒီမြေပေါ်မှာ အရင်စိုက်ခဲ့တဲ့ သီးနှံပင်ရဲ့ အကြွင်းအကျန် တွေအားလုံး ဖယ်ရှင်းသင့်တယ်။ အဲဒီမှာ ပိုးရောဂါလက်ကျန်တွေရှိနေပြီး နောက်စိုက်မဲ့သီးနှံမှာ ကျနိုင်တယ်။

 ✔️ရှေ့သီးနှံနဲ့ နောက်ထပ်စိုက်မဲ့သီးနှံက တူနေရင် ဥပမာ- စပါးပြီးစပါးစိုက်မယ်။ ငရုတ်ပြီးငရုတ်ထပ်စိုက် မယ်ဆိုရင် ပိုးနဲ့ရောဂါကျနိုင်ပြီး မျိုးကွဲသီးနှံများကို အလှည့်ကျစိုက်သင့်တယ်။ ပိုးရောဂါကင်းတဲ့ မျိုးစေ့အသုံးပြုကြရမယ်။ မြေကလာရင် မြေဆောင်၊ မျိုးစေ့ကပါလာရင် မျိုးစေ့ဆောင်ဖြစ်တာကိုး၊ စိုက်ပျိုး တဲ့အချိန်ကို ရှေ့တိုးနောက်ဆုတ် ပြောင်းလဲသင့်ရင် ပြောင်းလဲစိုက်ပျိုးကြရတယ်။ ပိုးရောဂါ စတင်ကျတဲ့အပင်ကို ဖယ်ရှင်းသုတ်သင်ကြရတယ်။ အပင်ကို အဝေးသယ်ပြီး မီးရှို့မှ ကိစ္စပြတ်တာလည်း ရှိတယ်။ မြေကြီးလည်း ဒီလိုပဲ။ မတတ်သာရင် မီးရှို့ပေးမှ ထိရောက်တယ်။ 

 ✔️စိုက်ခင်းထဲ မီးရှို့တာကို အားမပေးပါ။ မြေကြီးအကျိုးပြု အဏုဇီဝပိုးလေးတွေလည်း သေနိုင်တယ်။ ဒါကြောင့် မတတ်သာမှလို့ မှာရတာပါ။ အဆိုးဆုံးက ပတ်ဝန်းကျင်ညစ်ညမ်းတာပဲ။ ခုတ်ဖြတ်၊ တူးထုတ်၊ ဆေးဖျန်းဆိုတာတွေ လုပ်ကြသင့်တယ်။ မြေကြီးထဲရှိသင့်တဲ့ အာဟာရဓာတ်ကို ဖြည့်စွက်ပြုပြင်ပေးမှု၊ ဓာတ်မြေသြဇာ စနစ်တကျကျွေးမှုတွေပြုလုပ်ပေးကြရတယ်။

 ✔️အပင်ရောဂါတွေဆိုရင် မြေကြီးရဲ့ချဉ်ခြင်း၊ ငန်ခြင်း၊ ချဉ်ငန်ကိန်း (ပီအိပ်ချ်) ဓာတုပစ္စည်းတစ်ခုရဲ့ အက်စစ်၊ အယ်ကာလီသဘာဝကို တိုင်းတာခြင်းတို့ကိုလည်း ပြုပြင်ပေးကြရပါတယ်။ အပင်ရောဂါတွေကာကွယ်ရာမှာ အခြေခံပြုလုပ်သင့်တဲ့ နည်းလမ်းတစ်ခုတည်း အသုံးမပြုသင့်၊ သင့်လျှော်တဲ့ အခြေခံ နည်းလမ်းအများစုကို အသုံးပြုပြီး ရောဂါကို ထိန်းခြင်းက ပိုပြီးထိရောက်မှုရှိတယ်လို့ သိကြရပါတယ်။ ဒါကြောင့် စိုက်မဲ့မျိုးစေ့လည်း ဂရုပြုရ၊ ခံနိုင်ရည်ရှိတာစိုက်ရ၊ ဓာတ်မြေသြဇာလည်း အချိုးကိုက် စနစ် တကျ အဓိကသုံးမျိုးကိုအသုံးပြုရ၊ ဓာတုဆေးလည်းသုံးရ ၊ အစုံလုပ်ကြရပါတယ်။

 ✔️ဖျက်ပိုးတွေ ကြိုတင်ကာကွယ်မှု အခြေခံမှာလည်း ပိုးကျမှ နှိမ်နင်းတာထက် ပိုခရီးရောက်ပါတယ်။ သေချာမြေပြုပြင်ထွန်ယက်မယ်။ ပေါင်းမြက်တွေရှင်းမယ်၊ ခံနိုင်ရည်ရှိတဲ့ မျိုးစေ့စိုက်မယ်။ အပင်အားရှိအောင် အစာကျွေးမယ်၊ ရေပေးမယ်၊ သီးနှံအလှည့်ကျစိုက်မယ်၊ သီးညှပ်စိုက်မယ်။ ဒါတွေလုပ်ခြင်းဟာ ဘက်စုံပိုးမွှားရောဂါကာကွယ်ခြင်းလည်း ဖြစ်စေပါတယ်။နှိမ်နင်းခြင်းရဲ့ အခြေခံမှာလည်း ဥတွေ၊ ပိုးတွေ လိုက်ရှာပြီး ကောက်ယူဖယ်ရှားမယ်၊ ရောဂါကျ အရွက်၊ အကိုင်း၊ အပင်တွေကို ရှင်းထုတ်မယ်၊ ပိုးတွေ ဆိုရင် ဖယ်မယ်၊ မျိုးဆက်ပွားမွေးဖွားနိုင်တဲ့ အကောင်ကြီးတွေ ဦးစားပေးရှာဖွေနှိမ်နင်းမယ်၊ မိတ်ဆွေပိုးတွေ၊ မိတ်ဆွေငှက်တွေ၊ မိတ်ဆွေတိရစ္ဆာန် ဘဲတို့၊ ငါးတို့ လွှတ်ပေးမယ်။ မီးရောင်နဲ့ထောင်ချောက်ဆင်နှိမ်နင်းမယ်။

 ✔️အခြေခံတွေနဲ့လုပ်လို့မှ နောက်ဆုံးမရတော့ရင် ဓာတုဆေးတွေ သုံးတော့မယ်။ ဓာတုဆေးတွေသုံးရင် လည်း ဖျက်ပိုးဆိုရင်း စားရင်၊ ထိရင်၊ ရှူမိရင် သေနိုင်တဲ့ဆေး အနံ့နဲ့ပြေးနိုင်တဲ့ဆေး၊ ဆွဲဆောင်နိုင်တဲ့ဆေးတွေသုံးရပြီး အပင်ရောဂါဆိုလည်း ပျံ့နှံ့မှုများပြားသကဲ့သို့ အပင်ထဲ၊ အရွက်ထဲ၊အသီး၊ အစေ့ထဲ မြေ၊ ရေ၊လေထဲရောက်ရှိမှုကများသဖြင့်ရောဂါနဲ့ကိုက်တဲ့ဆေးကိုစနစ်တကျပေးမှထိရောက်ပါတော့ တယ်။ အခြေခံအချက်များကို သိရှိကြမယ်။ ကာကွယ်နှိမ်နင်းမှုများကို စနစ်တကျအသုံးပြုကြမယ်။ 

 ✔️ဓာတုဆေးများအကြောင်းကိုလည်း လေ့လာထားကြမယ်ဆိုပါက ဖျက်ပိုးနဲ့ အပင်ရောဂါ ကာကွယ် နှိမ်နင်းရာမှာပိုမိုထိရောက်ပါတယ်။ စိုက်ပျိုးရေးဆေးများဟာ ဆေးအမျိုးအစားအလိုက် အသုံးပြုမှုမတူကြပါ။ တူတာကတော့ စနစ်တကျသုံးပါ။မလိုအပ်ဘဲ မသုံးသင့်၊ ထိရောက်မှုရှိအောင်သုံးပါ။ နှုန်းထား အချိုးကျသုံးပါ။ ဓာတ်ကြွင်းမကျန်အောင် ဂရုပြုပါ။ ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ပါစေနဲ့၊ စားသုံး သူကိုအန္တရာယ်ကင်းစေရန် အသိလည်းရှိပါ၊ သတိလည်းရှိပါ။

 ကိုရဲ(စိုက်ပျိုးရေး)

 မြန်မာတောင်သူကြီးများဂျာနယ်

 ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၁-၂၆) ရက်