menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သီးနှံများ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများကို ထိန်းသိမ်းခြင်း
🔹သီးနှံတိုင်းတွင် မရိတ်သိမ်းမီ ဆုံးရှုံးမှုများနှင့် ရိတ်သိမ်းပြီးချိန် ဆုံးရှုံးမှုဟု နှစ်ပိုင်းရှိပါသည်။ မရိတ်သိမ်းမီ ဆုံးရှုံးရခြင်းသည် သဘာဝရာသီဥတုဒဏ်များ ဖြစ်သည့် အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်း၊ မုန်တိုင်းတိုက်၊ ရေကြီးနစ်မြုပ်ခံရခြင်း၊ မီးလောင်ခြင်း၊ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးခံရခြင်းများကြောင့် ဖြစ်ရသည်ကို တွေ့ရသည်။
မရိတ်သိမ်းမီ ဆုံးရှုံးမှုသည် ဖြစ်ပေါ်သောအကြောင်းတရားပေါ်မူတည်၍ ၅ - ၅၅ ရာခိုင်နှုန်းထိရှိကြောင်း သုတေသနတွေ့ရှိချက်များက ပြောသည်။ တစ်ခါတစ်ရံ အလွန်ဆိုးရွားသော ရာသီဥတုဖောက်ပြန်မှုဒဏ်များ ခံရပါက ၁၀၀ ရာခိုင်နှုန်းထိ ခံကြရပြီး တံစဉ်လွှတ်သည်ထိ ကြုံကြရပါသည်။
🔹မြန်မာနိုင်ငံတွင် ဟင်းသီးဟင်းရွက်များ မရိတ်သိမ်းမီ ဆုံးရှုံးမှုမှာ သီးနှံကာကွယ်ရေးနည်းစနစ် အားနည်းခြင်း၊ ရိတ်သိမ်းစဉ်ထိခိုက်ဒဏ်ရာရရှိခြင်း၊ ဇီဝကမ္မဆိုင်ရာ ဒဏ်ရာရခြင်း၊ နည်းပညာအားနည်းခြင်းတို့ကြောင့် ဖြစ်ရသည်။ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုဖြစ်ပေါ်ရခြင်းမှာ ရိတ်သိမ်းသည့်နည်းစနစ် မမှန်ကန်ခြင်း၊ ရိတ်သိမ်းချိန်မမှန်ကန်ခြင်း၊ သယ်ယူကိုင်တွယ် ခြွေလှေ့စနစ် မမှန်ကန်ခြင်း၊ အခြောက်ခံသည့်စနစ် မမှန်ကန်ခြင်း၊ သိုလှောင်ထိန်းသိမ်းသည့်စနစ် မမှန်ကန်ခြင်းတို့ကြောင့် ဖြစ်ရသည်ကို တွေ့ရသည်။
🔹ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမှာ ၂၅ - ၄၀ ရာခိုင်နှုန်းရှိပါသည်။ ပဲမျိုးစုံသီးနှံများ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုမှာ ၄ ဒသမ ၆ မှ ၆ ဒသမ ၆ရာခိုင်နှုန်းထိ ရှိသည်ကို တွေ့ရသည်။ စပါးသီးနှံသည် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုအများဆုံး ဖြစ်သည်ကို တွေ့ရှိရသည်။ စပါးရင့်မှည့်ချိန်မှ သိုလှောင်သည်အထိ ထုတ်လုပ်မှု၏ ၇ ဒသမ ၆ မှ ၁၂ ရာခိုင်နှုန်းထိရှိကြောင်းသုတေသနတွေ့ရှိချက်က ပြောသည်။ ထို့ပြင် စပါးသယ်ယူပို့ဆောင်စဉ် ၁ ဒသမ ၄ ရာခိုင်နှုန်း၊ သိုလှောင်စဉ် ၄ ဒသမ ၂ရာခိုင်နှုန်း ဆုံးရှုံးမှုရှိကြောင်း သိရသည်။လက်ဖြင့် ရိတ်သိမ်ဆွတ်ခူးသည်ဖြစ်စေ၊ စက်ဖြင့်ရိတ်သိမ်းဆွတ်ခူးသည်ဖြစ်စေ နည်းစနစ်မမှန်ကန်လျှင် သီးနှံ၏အရည်အသွေးရော၊ ထုထည်ပမာဏပါ ဆုံးရှုံးသွားလေ့ရှိပါသည်။
🔹ရိတ်သိမ်းခြွေလှေ့ပြီး သီးနှံများကိုစနစ်တကျသိမ်းဆည်းခြင်း မရှိဘဲ စိုက်ခင်းထဲတွင် ညသိပ်ပုံထားခြင်း၊ အရိပ်အောက်တွင် မထားရှိဘဲ ဟာလာဟင်းလင်းနေပူထဲ၌ ထားခြင်း၊ စနစ်တကျစီထားခြင်းမပြုဘဲ စုပုံထား၍ အပူဓာတ်ဖြစ်ပေါ်ပြီးသီးနှံကို အပူလောင်စေခြင်း၊ အရည်အသွေးပျက်စေခြင်း၊ ပုပ်ရိစေခြင်းများ ဖြစ်စေပါသည်။ ရိတ်သိမ်းပြီး ဆောင်ရွက်ရမည့် သတ်မှတ်နည်းပညာများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။
🔹သီးနှံများတွင် အရည်အသွေးကောင်းရရှိစေရန် မှန်ကန်သော ရိတ်သိမ်းဆွတ်ခူးချိန်များ ရှိကြပါသည်။ ရိတ်သိမ်းသင့်သည့်အချိန်ထက်စောပြီး ရိတ်သိမ်းမိပါက သီးနှံ၏ ဇီဝကမ္မသဘောအရ ပြည့်ဝသော ရင့် မှည့်မှုမရရှိသေးသဖြင့် အရည်အသွေးမမီသော သီးနှံများသာ ရရှိမည်ဖြစ်သည်။ ထို့ပြင် စောပြီးရိတ်သိမ်းဆွတ်ခူးမိသဖြင့် သီးနှံအတွင်း အစိုဓာတ်များ ပိုမိုပါလာသဖြင့် ၎င်းအစိုဓာတ်ကြောင့် အပူငွေ့ထွက်ပြီး သီးနှံများကို လောင်စေသည်။ ပုပ်ရိစေသည်။ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေပါသည်။သယ်ယူ၊ ပို့ဆောင်၊ ကိုင်တွယ်၊ ခြွေလှေ့၊ ထုပ်ပိုးရာတွင်လည်း သီးနှံများ ထိခိုက်ဒဏ်ရာ မရရှိစေရန် သတိပြုရမည်ဖြစ်ပါသည်။ အထူးသဖြင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များတွင် ပို၍ဂရုစိုက်ရမည် ဖြစ်သည်။
🔹ဒေသတိုင်းလိုလိုပင် ဟင်းသီးဟင်းရွက်များကို ကြိုးဖြင့် တင်းတင်းစည်း၍လည်းကောင်း၊ သစ်သီးဝလံများကို ခြင်းတောင်း၊ တောင်း၊ ပီနံအိတ်များထဲသို့ လွယ်လွယ်ပစ်ထည့်၍ ကြိုးဖြင့်စည်း၍လည်းကောင်း၊ စိုက်ခင်းမှ မြို့သို့သယ်ယူရန် ထော်လာဂျီပေါ် ပစ်တင်သယ်ယူကြသည်။ ၎င်းမြို့မှ ဈေးကွက်သို့ ကုန်ကားများပေါ်သို့ ပစ်တင်ကာ ပြွတ်သိပ်ကျပ်ညပ်စွာ သယ်ယူ၍ရောင်းဝယ်ဖောက်ကားကြသည်ကို တွေ့ရှိရသည်။ ဤသည်မှာ အကျိုးဖြစ်ထွန်းမှုနှင့်ဈေးကွက်တွက်ခြေကိုက်မှု၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အသိနည်းမှုတို့ကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။ သီးနှံရိတ်သိမ်းခြွေလှေ့ပြီးသောအခါသန့်ရှင်းစေရန် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကို သန့်စင်မှုပြုလုပ်ရပါသည်။
🔹အချို့ မိရိုးဖလာ လက်ဖြင့်၊ လေဖြင့် သန့်စင်မှုပြုလုပ်ကြပါသည်။ အချို့သန့်စင်စက်များဖြင့် စနစ်တကျ သန့်စင်ကြသည်ကို တွေ့ရှိရသည်။ သီးနှံများကို သန့်စင်မှုမပြုလုပ်လျှင် အရည်အသွေးကို ထိခိုက်စေသည့်အပြင် သီးနှံအစေ့များနှင့် ရောနှောပါလာသော ဖုန်၊ ခဲ၊ သဲ၊ အမှိုက်၊ အမှော်၊ အခြမ်းပဲ့များက ဒုက္ခပေးသဖြင့် သီးနှံအစေ့များပါပျက်စီးဆုံးရှုံးသွားစေပါသည်။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ဖြစ်ပါက ဆွတ်ခူးစဉ် ပေကျံလာသော အညစ်အကြေးများ၊ အစေ့များ၊ ကပ်ငြိပါလာသော ပိုးမွှားရောဂါများ၊ အဏုဇီဝပိုးများ သန့်ရှင်းစင်ကြယ်သွားစေရန် ရေသန့်သန့်ဖြင့် သုံးကြိမ်ခန့် ဆေးကြောသန့်စင်ပေးရန် လိုအပ်ပါသည်။ ဆေးကြောသန့်စင်စဉ်သီးနှံများ ထိခိုက်ဒဏ်ရာမရရှိစေရန် ဂရုပြုဆောင်ရွက်ရန် လိုပါသည်။
🔹မြန်မာနိုင်ငံတွင် ရိတ်သိမ်းချိန်လွန်ကာလ သီးနှံများကို စနစ်တကျအခြောက်ခံမှုမရှိခြင်း၊ သိုလှောင်ထိန်းသိမ်းသည့်စနစ်များ အားနည်းခြင်းတို့ ဖြစ်ပေါ်နေပါသည်။သီးနှံများ အရည်အသွေးမကျစေဘဲ ရေရှည်ထိန်းသိမ်းထားနိုင်ရန်မှာ စနစ်တကျ အခြောက်ခံခြင်း၊ စနစ်တကျသိုလှောင်ခြင်းများ မလွဲမသွေဆောင်ရွက်ရန် လိုအပ်ပါသည်။ရိတ်သိမ်းချိန်လွန်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဈေးကွက်သို့ သွားလာမှုလွယ်ကူစေရန် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မည့်ယာဉ်များ လုံလောက်မှုရှိစေရန် လိုအပ်ပါသည်။
🔹ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများ လွဲမှားစွာ သုံးစွဲနေမှုကိုအသိပညာပေးဆွေးနွေးခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွန်းလာရေးအတွက် ကူညီပံ့ပိုးအားပေးခြင်း၊ နည်းပညာဆိုင်ရာ အကန့်အသတ်များကို ပူးပေါင်းဖြေရှင်းပေးခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာများကို သုတေသနပြုခြင်း၊ ပညာပေးဆွေးနွေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ပါသည်။သို့ပါ၍ သီးနှံများ၏ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများကို ထိန်းသိမ်းနိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်တောင်သူလယ်သမားများအားလုံး ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါသည်။
- အောင်ဆန်း(စိုက်ပျိုးရေး)
- မြန်မာတောင်သူကြီးများဂျာနယ်