menu

သီးနှံစိုက်ပျိုးရေးအတွက် သတိပြုစရာများ


🌿🌾🌱🌾🌿🌿🌾🌱🌾🌿

✔️ သီးနှံစိုက်ပျိုးမှုတွင် ကြိုတင်သိရှိဂရုပြုစရာများ၊ သတိပြုရမည့် အချက်များများစွာရှိပါသည်။ တောင်သူလယ်သမားကြီးများ သတိပြုဆောင်ရွက်နေကြသည်မှာ “မြေ၊ မျိုး၊ ပိုး” ဖြစ်ပါသည်။

✔️ မြေဆိုသည်မှာ စိုက်ပျိုးမည့်မြေကြီး (မြေဆီလွှာ)၊ မျိုးဆိုသည်မှာ စိုက်ပျိုးမည့်မျိုးစေ့ (မျိုးကောင်းမျိုးသန့်)၊ ပိုးဆိုသည်မှာ စိုက်ပျိုးပြီးကျရောက်တတ်သောဖျက်ပိုးတို့ကို ဆိုလိုရင်းဖြစ်ပါသည်။ ပိုးအပြင် အပင်ရောဂါလည်းရှိပါသည်။

✔️ သီးနှံပင် စိုက်ပျိုးအောင်မြင်အထွက်တိုးရန်အတွက် “ရေ“က လည်း တစ်ခန်း၊ တစ်ကဏ္ဍမှ အဓိကဆိုရပါဦးမည်။ စိုက်ပျိုးမည့်အပင်အရေအတွက် (အပင်ဦးရေ) ရရှိအောင်ကလည်း သီးနှံအလိုက်စိုက်ကြမှ ဧကအထွက်တိုးမည်။ ထယ်ရေး၊ ထွန်ရေးကလည်း စနစ်တကျ၊ ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်လိုသည်။ မြေသြဇာကလည်းဖြည့်ဆည်းပေးမှရသည်။

✔️ စိုက်ခင်းပြုစုစောင့်ရှောက်မှုနှင့် ရိတ်သိမ်းခြွေလှေ့ရာတွင် အလေအလွင့်နည်းရေး လုပ်ကိုင်ကြမှ သီးနှံအထွက်တိုးမည်။ ယခုအခါ ရိတ်သိမ်းချိန်လွန် နည်းပညာကလည်း စိုက်ပျိုးမှုများတွင် ဂရုပြုစရာ ဖြစ်လာပြီး သီးနှံ၏ ဈေးကွက် အရည်အသွေးကောင်းစေပါမည်။ ယခုဖော်ပြခဲ့သော အချက်တချို့သည်ပုံမှန် ရာသီဥတုဖြစ်ပေါ်ကြုံတွေ့ရသော အနေအထားတွင် ဂရုပြုရမည့် အချက်များဖြစ်၍ ရာသီဥတုကို လွန်ခဲ့သော ဆယ်စုနှစ်ကာလတစ်ခု လောက်က မိမိတို့ထည့်သွင်း စဉ်းစားမှုတွင် “မြေ၊ မျိုး၊ ပိုး“ထက်ပို၍ အလေးမထားခဲ့ကြပါ။

✔️ ယခုအခါ ရာသီဥတု၏ အစွန်းရောက်ကြုံတွေ့ဖြစ်ပေါ်မှုသည် ရှေ့တန်းသို့ ကျော်ဖြတ်တက်ရောက်လာခဲ့ပြီဖြစ်၍ “မြေ၊ မျိုး၊ ပိုး“ ရှေ့တွင် “ရာသီဥတု”သည် ပထမဆုံးစဉ်းစားရမည့်အချက် ဖြစ်လာပါသည်။ မိုးရွာခြင်း၊ မိုးမရွာခြင်း၊ မိုးများခြင်း၊ မိုးနည်းခြင်း၊ နေပူရှိန်လွန်ကဲခြင်း၊ ရာသီဥတုအေးလွန်းခြင်း၊ လေပြင်းတိုက်ခြင်းတို့သည် သီးနှံစိုက်ပျိုးမှု မပြုလုပ်မီ ကြိုတင်လေ့လာတွက်ချက် ဆန်းစစ်သုံးသပ်ပြီးမှ မြေပြုပြင် ထွန်ယက်စိုက်ပျိုးမှုကို လုပ်ကြမည့်အနေအထားသို့ ရောက်ရှိနေပါပြီ။

✔️ သဘာဝပတ်ဝန်းကျင် ဖြစ်ပေါ်ပြောင်းလဲမှု၏ဒဏ်ကို ခံနိုင်ရည်ရှိသော စိုက်ပျိုးရေးကဏ္ဍကြီးဖြစ်ရန် ထောက်ပံ့ကူညီမှု၊ အရေးပေါ်ဆောင်ရွက်မှုများ လိုအပ်နေပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဟင်းသီးဟင်းရွက်များ ရှားပါးလာပြီး ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် လျော့ကျနိုင်ကြောင်း လန်ဒန်ရှိ အမျိုးသား သိပ္ပံအကယ်ဒမီမှ သုတေသနပြုသူများ၏ ပြောကြားချက်ရှိလာသည်။

✔️ ကမ္ဘာကြီးပူနွေးလာမှုမှ မိုးရွာမှုကလည်း နည်းခြင်း၊ များခြင်း ဖြစ်လာသည်။ အချိန်ကာလတိုတိုနှင့် မိုးသည်းသည်းမဲမဲရွာခြင်းတို့ကြောင့် တောင်ကျရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခြင်း၊ ချောင်းရေကြီးခြင်း၊ မြစ်ရေမြင့်တက်ခြင်း၊ လမ်း၊ တံတား အဆက်အသွယ်ပြတ်ခြင်းတို့ ဖြစ်ကြရသည်။

✔️ မြန်မာနိုင်ငံ၏ မိုးရာသီမုတ်သုံကာလအစတွင် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သီးနှံစိုက်ခင်းများ ဧကများစွာ သောင်းချီ၊ သိန်းချီ ရေကြီးနစ်မြုပ်မှု ကြုံနေကြရသည်။ ရေပြန်ကျသွားလျှင် စိုက်ခင်းများတွင် အပင်ဖျက်ပိုး၊ အပင်ရောဂါများကြုံတွေ့လာနိုင်သဖြင့် လုပ်ကိုင်ရမည့် လုပ်ငန်းများ များစွာရှိသေး၍ ကြိုတင်ပြင်ဆင်လုပ်ကိုင်ကြရတော့မည်။

✔️ စိုက်ချိန်နှင့် မိုးရွာသွန်းမှု ညီညွတ်မျှ တမှုရှိမှ သီးနှံအထွက်ကောင်းသည်။ သီးနှံများသည် အလင်းရောင်ကို တုံ့ပြန်သော သဘောရှိသည်။ နေ့တာရှည် ကြိုက်သော အပင်၊ နေ့တာတိုကြိုက်သောအပင်၊ နေ့တာအတိုနှင့် နေ့တာအရှည်တို့ကို မတုံ့ပြန်သော အပင်များရှိသည်။ အပူရှိန်များသည်ကို ခံနိုင်သောအပင်၊ အေးလွန်းလျှင် မရှင်သန်သော အပင်ရှိသည်။

✔️ မြေပဲ၊ နှမ်းတို့သည် နေ့တာရှည်သော မိုးဦးရာသီကာလတွင် မိုးစတင် ရွာသွန်းသည်နှင့် တစ်ပြိုင်နက် စိုက်ပျိုးမှု ကြီးထွားမှုနှင့် အထွက်နှုန်းကောင်းမွန်သည်မှန်သော်လည်း မိုးဦးတွင်ရွာသောမိုးသည် ညီညွတ်မျှမှုမရှိဘဲ မိုးများလွန်း၊ မိုးနည်းလွန်းမှုကြုံရလျှင် ပျက်စီးကြရသည်ကို မိုးဦးမိုးများမှုဖြင့် မြေပဲ၊ နှမ်း အဓိကစိုက်ပျိုးသော တိုင်းဒေသကြီးတချို့တွင် ကြုံခဲ့ကြရသည်။

✔️ ရေရှည်တွင် လယ်မြေနှင့် ယာမြေအပြင်၊ သီးနှံအမျိုးအမည် (အမယ်) စုံစုံလင်လင် စိုက်ပျိုးရေးလုပ်ငန်းခွင် စိုက်ပျိုးမှုတွင် သတိပြုစရာများစွာရှိသည့်အထဲမှ ရာသီဥတုကြုံတွေ့ရမှုဖြစ်စဉ်ကို အလေးထားဂရုပြု၍ သီးနှံစိုက်ပျိုးမှု လုပ်ကိုင်ကြရတော့မည် ဖြစ်ပါသည်။

ကိုရဲ(စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများဂျာနယ်