menu

“ဘိုစားပဲ” စိုက်ပျိုးနည်း


🍀🌱🍀🌱🍀🌱🍀🌱🍀🌱🍀

နိဒါန်း
-----

ဘိုစားပဲကို ပင်ထောင်မျိုး နှင့် နွယ်တက်မျိုး ဟူ၍ ခွဲခြားထားသည်။ အစေ့သည် ကျောက်ကပ်ပုံ၊ အဖြူ၊ အနက်၊ နီညို၊ ခရမ်းစသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိသည်။ အပူပိုင်းနှင့် အအေးပိုင်းဇုန်များတွင် ဖြစ်ထွန်းသည်။ ရေမြေ ရာသီဥတုမရွေးပေါက်ရောက်နိုင်သော်လည်း ပူအိုက်စွတ်စိုသော ဒေသ၌ မဖြစ်ထွန်းပေ။

မြေပြုပြင်ခြင်း
------------

သဲဆန်သောမြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် ပေါက်နိုင်သည်။ ရေမဝပ်သော သဲနုန်းမြေ၊ နုန်းမြေစေး၊ နုန်းမြေတို့တွင်ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် (၄ . ၂ – ၈ . ၇)အတွင်း ဖြစ်ထွန်းနိုင်သည်။ ထွန်ရေးကောင်းအောင် မြေကိုပြုပြင်ရန်မလိုချေ။ မျိုးစေ့နှုန်း --------- ပင်ထောင်မျိုးများကို တစ်ဧကအတွက် မျိုးစေ့(၁၀-၁၂)ပြီ လိုအပ်ပြီး တိုင်ထောင်မျိုးများအတွက် (၆-၈)ပြီ လိုအပ်သည်။

စိုက်ပျိုးခြင်း
----------

မျိုးစေ့ချရာ၌ အစိုဓာတ်များလွန်းက အစေ့ပုပ်တတ်သည်။ တိုင်ထောင်ပြီး စိုက်ပျိုးလျှင် တစ်ကျင်းတွင် (၂-၃)စေ့ ထည့်၍စိုက်ရသည်။ တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၁၈ ကီလို၊ တီစူပါ တစ်အိတ်၊ ပိုတက်ရှ် အိတ်ဝက်ထည့်ပေးရန်လိုသည်။ ကြားထွန်နှစ်ကြိမ် လိုက်ပေးလျှင်လုံလောက်သည်။ ပင်ထောင်မျိုးကို တစ်တန်းနှင့်တစ်တန်း နှစ်ပေခြား၍ တစ်ပင်နှင့်တစ်ပင် ၁၀ လက်မ ခွာစိုက်သည်။ ရာသီဥတုသင့်တင့်သောဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။

အပင်ပြုစုခြင်း
------------

ပေါင်းနှစ်ကြိမ် လိုက်ပေးလျှင် လုံလောက်သည်။ ခြောက်သွေ့သောရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့က ရေသွင်းပေးရန်လိုအပ်သည်။ ပဲသံချေး၊ ပဲမှဲ့ပျောက်စွန်းရောဂါ၊ ဘက်တီးရီးယားရွက်ခြောက်၊ အရွက်နူရောဂါများ ကျရောက်တတ်သည်။ ခူမွှေးစုပ်၊ ပိုးကျိုင်းငယ်၊ ပဲစားကြမ်းပိုးနှင့် ပျပိုးများ ကျရောက်သည်။ ထိသေ၊ စားသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများသုံး၍ ကာကွယ်နိုင်သည်။

ခူးယူခြင်း
--------

အပင်ပေါက်ပြီး (၇၅) ရက်မှစ၍ အသီးများဆွတ်ခူးနိုင်သည်။ ပဲသီးများကိုအရွယ်မရောက်မီ အစေ့နုသေး သောအချိန်တွင်ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃)ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပင်ထောင်မျိုး တစ်ဧကလျှင် (၈၀ဝ - ၉၀ဝ)ပိဿာ၊ တိုင်ထောင်မျိုးတစ်ဧကလျှင် ၂,ဝဝဝ ပိဿာကျော်အထိ ထွက်ရှိနိုင်ပါသည်။

မျိုးစေ့ထုတ်ယူခြင်း
----------------

မျိုးစေ့ထုတ်လုပ်ရန် အသီးများကို အပင်ပေါ်တွင်ခြောက်အောင်ထား၍ ဆွတ်ခူးရမည်။ အချို့က အပင် လိုက်နုတ်၍နေလှမ်းပြီး အတောင့်များကို မူလအတိုင်းသိမ်းဆည်းကြသည်။ ထို့နောက် စိုက်ချိန်ရောက်လျှင် အစေ့များချွေပြီး စိုက်ပျိုးကြသည်။ အများအားဖြင့် အစေ့ကို ကြိုတင်ချွေ၍ ဆက်လက်နေလှမ်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာ၌ ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ်အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေ၍ သိမ်းဆည်းသင့်သည်။

Sources : ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းလမ်းညွှန်