menu

ကော်ဖီပင်သက်တမ်းအလိုက် မြေသြဇာကျွေးနည်း


🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃🍂🍃 

 ▪️ကော်ဖီသီးနှံ အထွက်ကောင်းဖို့အတွက်ဓာတ်မြေသြဇာကျွေးရမဲ့ပမာဏ၊ ကျွေးရမဲ့အချိန်တွေကို သိသင့်ပါတယ်။ ကော်ဖီသီးနှံဟာ အသီးကိုဆွတ်ခူးအသုံးပြုတဲ့ သီးနှံဖြစ်တဲ့အတွက် ဓာတ်မြေသြဇာနဲ့ သဘာဝမြေသြဇာတွေကို စနစ်တကျကျွေးခြင်းဟာအရေးပါတဲ့အချက်တစ်ချက်ပါပဲ။ ကျွေးတဲ့ပမာဏ၊ ကျွေးတဲ့စနစ်၊ ကျွေးတဲ့အချိန်အလွန်အရေးကြီးပါတယ်။ 

 ▪️ကော်ဖီသီးနှံဟာ အာဟာရဓာတ် ၁၆မျိုးလိုအပ်ပါတယ်။ အဓိက အာဟာရဓာတ်ကြီးများကတော့ နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ပိုတက်စီယမ်ဓာတ်တွေ ဖြစ်ပါတယ်။ တခြားအနည်းလို အာဟာရဓာတ်‌တွေကတော့ နည်းနည်းစီလိုအပ်တာဖြစ်ပါတယ်။ ဓာတ်မြေသြဇာများနဲ့ သဘာဝမြေသြဇာ နွားချေး၊ ကြက်ချေး၊ မြေဆွေးတွေကိုမိုးဦးကျ ဧပြီလ၊ မေလမှာတစ်ကြိမ်၊ ဇူလိုင်၊ သြဂုတ်လမှာတစ်ကြိမ်၊ အောက်တိုဘာ၊နိုဝင်ဘာလတစ်ကြိမ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာတစ်ကြိမ် စုစုပေါင်းလေးကြိမ်ကျွေးပေးဖို့လိုပါတယ်။ 

 ▪️ကော်ဖီသီးနှံ သီးထွက်ကောင်းဖို့နဲ့အပင်သန်မာကြီးထွားဖို့အတွက် နိုက်ထရိုဂျင်ဓာတ်လုံလုံလောက် လောက်ထည့်ပေးဖို့ လိုအပ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ် လိုအပ်မှုဟာ ကော်ဖီပင်သက်တမ်းတစ်လျှောက်လုံး ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ဓာတ်ကျွေးရာမှာ အပင်က လွယ်ကူစွာစုပ်ယူနိုင်ရန် အစိုဓာတ် လုံလောက်စွာရှိရန် သတိပြုဖို့လိုအပ်ပါတယ်။ ကော်ဖီသီးနှံပင်သက် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ တစ်ပင်ယူရီးယားနို့ဆီတစ်ဘူးရဲ့ ၁/၄ ထည့်ပေးဖို့လိုအပ်ပါတယ်။ ကော်ဖီသီးနှံ အပင်သက်တတိယနှစ်နဲ့အထက် ဖြစ်ပါက ယူရီးယားနို့ဆီတစ်ဘူးထည့်ပေးဖို့ လိုအပ်ပါတယ်။ 

 ▪️ဖော့စဖရပ်ဓာတ်မြေသြဇာ (တီစူပါ) ကို တစ်ပင်အတွက် အပင်သက် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ နို့ဆီတစ်ဘူးရဲ့ ၁/၄ ထည့်ပေးရမှာဖြစ်ပါတယ်။ ကော်ဖီအပင်သက်တမ်း တတိယနှစ်နဲ့အထက်ဆိုရင် တစ်ပင်အတွက် နို့ဆီဘူးတစ်ဘူး ထည့်ပေးဖို့လိုအပ်ပါတယ်။ ဖော့စဖရပ်ဓာတ်ဟာအမြစ်ကြီးထွား ဖွံ့ဖြိုးမှု၊ အခေါက်အသားများ ဖြစ်ပေါ်လာမှု၊ အောင်မြင်တဲ့အသီးများဖြစ်ပေါ်လာမှု၊ အသီးများ စောစော၊ ညီညီညာညာရင့်မှည့်လာစေမှုအတွက် အကျိုးပြုစေပါတယ်။ 

 ▪️ပိုတက်စီယမ်ဓာတ်အတွက် ပိုတက်ရှ်မြေသြဇာကို အသုံးပြုကြပါတယ်။ ကော်ဖီသီးနှံမှာပိုတက်စီယမ် ဓာတ်ဟာ နိုက်ထရိုဂျင်ဓာတ်ထက်ပင် အရေးပါတာ တွေ့ရပါတယ်။ ပိုတက်စီယမ်ဓာတ်ဟာ အသီးများကြီးထွားဖွံ့ဖြိုးမှု၊ အရွက်၊ ပင်စည်က အာဟာရများကို အသီးများဆီသို့ ပို့ဆောင်ပေးဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ်ကို မြေဆီလွှာအတွင်းမှာလည်း ထည့်ကျွေးနိုင်သလို အရွက်ဖျန်းအဖြစ် လည်း ဖျန်းပေးနိုင်ပါတယ်။ ကော်ဖီအပင်သက် ပထမနှစ်နဲ့ ဒုတိယနှစ်မှာတစ်ပင်ကို ပိုတက်ရှ်မြေသြဇာ နို့ဆီဘူးတစ်ဘူးရဲ့ ၁/၈ ထည့်ပေးဖို့ လိုအပ်ပါတယ်။ အပင်သက် တတိယနှစ်နဲ့အထက်ဆိုရင် တစ်ပင်ကို ပိုတက်ရှ် မြေသြဇာ နို့ဆီဘူးတစ်ဘူးခွဲထည့်ပေးဖို့လိုအပ်ပါတယ်။ 

 ▪️နွားချေး၊ မြေဆွေး၊ သဘာဝမြေဆွေးကိုမူ ကော်ဖီအပင်သက် ပထမနှစ်နဲ့ ဒုတိယနှစ်မှာ တစ်ပင် လေးပြည်နှုန်း ကျွေးပေးဖို့လိုအပ်ပါတယ်။ အပင်သက် တတိယနှစ်နဲ့အထက်ဆိုရင် တစ်ပင်ကို ရှစ်ပြည် နှုန်းကနေတစ်တင်းနှုန်းအထိ ထည့်ပေးဖို့လိုအပ်ပါတယ်။ဓာတ်မြေသြဇာနဲ့ နွားချေး၊ ကြက်ချေး၊သဘာဝမြေသြဇာတွေကို ကျွေးရာမှာ အပင်သက်တမ်းအလိုက် တစ်ကြိမ်ကျွေးဖို့ သတ်မှတ်နှုန်းထား များကို သမအောင်ရောမွှေ၍ကျွေးရမှာဖြစ်ပါတယ်။ 

 ▪️ကော်ဖီအပင်သက်တမ်း ပထမနှစ်နဲ့ ဒုတိယနှစ်မှာ အပင်ခြေမှ၁၀ လက်မကွာ၊ အကျယ် ခြောက်လက်မမှရှစ်လက်မ၊ အနက်သုံးလက်မ မြောင်းတူးပြီး ၎င်းမြောင်းထဲ ညီညာစွာဖြန့်ထည့်ကျွေးပါ။မြောင်းတူးထား တဲ့ မြေသားများကို အပေါ်က ပြန်ဖုံးပေးပါ။ အပင်သက်တမ်းတတိယနှစ်နဲ့အထက် အပင်ကြီးများ အတွက်မူ အပင်ခြေနဲ့ တစ်ပေခွဲမှ နှစ်ပေအကွာ၊ အကျယ် ခြောက်လက်မ၊ အနက်ခြောက်လက်မရှိ မြောင်းတူးပြီး ၎င်းမြောင်းထဲသို့ မြေသြဇာအရောကို ထည့်ပါ။ မြောင်းတူးထားတဲ့ မြေမာများကိုအပေါ်က ပြန်ဖုံးပေးပါ။ အပင်ခြေရင်းမှာ အစိုဓာတ်ထိန်းစေဖို့ ကောက်ရိုး၊ မြက်ခြောက်များ ဖြန့်ဖုံးပေးထားရပါမယ်။မြေသြဇာကျွေးပြီးတိုင်း မိုးမရွာပါက ရေသွင်းပေးဖို့လိုအပ်ပါတယ်။ 

 အောင်ဆန်း(စိုက်ပျိုးရေး) 

 မြန်မာတောင်သူကြီးများဂျာနယ် 

 ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၉-၁၅)ရက်။