menu

"ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်ခြင်း"

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

▶️ တောင်သူဦးကြီးတို့ သီးနှံများရိတ်သိမ်းပြီးချိန်တွင် လယ်ယာများမှထွက်ရှိသော ကောက်ရိုး၊ နှမ်းရိုးများကို လွယ်ကူရိုးရှင်းစွာအသုံးပြုပြီး ကုန်ကျစရိတ်သက်သက်သာသာဖြင့် အကျိုးရှိစွာပြန်လည်အသုံးချနိုင်သော ကောက်ရိုး၊ နှမ်းရိုးများဖြင့် မြေဆွေးပြုလုပ်နည်းကိုတင်ပြအပ်ပါသည်။

▶️ မြေဆွေးပြုလုပ်နည်း အဆင့်ဆင့်မှာ .....

☑️ စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။

☑️ ၎င်းရေထဲသို့ အသင့်သုံး အီးအမ် (EM) ဖျော်ရည် (၁)လီတာ နှင့် တင်လဲရည် (၁)လီတာ လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။ (၁ လီတာ = နို့ဆီခွက် (၃) ခွက်)

☑️ အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများဖြစ်သည့် ( ကောက်ရိုး၊ နှမ်းရိုးများကို) အလျား ( ၆ ပေ) x အနံ ( ၃ ပေ) x ထု( ၆ လက်မ) ရှိအောင် တစ်လွှာချင်းပုံပါ။

☑️ လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။

☑️ နွားချေးနှင့်ဖွဲနု (၈)ပြည် ရောပြီး ထပ်၍ဖြူးပါ။

☑️ ယင်းကဲ့သို့ အလွှာခြောက်လွှာအထိ ထပ်၍ပုံပါ။ ပြီးလျှင် အပေါ်မှ ပလပ်စတစ်ဖြင့်လုံအောင်ဖုံးပါ။

☑️ ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့်စမ်းကြည့်၍ တအားပူလျှင် အထက်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းခရားဖြင့် ရေဖျန်းပေးပါ။

☑️ အဖြူရောင်မှိုမျှင်စုများစတွေ့လျှင် ဆွေးမြေ့နေကြောင်းသိရှိနိုင်ပါသည်။

☑️ (၁၀-၁၂) ရက်ခန့်အကြာ တစ်ဝက်တစ်ပျက်ဆွေးမြေ့နေသည့်အခြေအနေတွင်ပင် စတင်အသုံးပြုနိုင်ပါသည်။

▶️ ကောင်းစွာဆွေးမြေ့ပြီးပါက စိုက်ခင်းအတွင်း စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ တစ်ဧကအတွက် ( ၈ ပုံ = ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) အထိအသုံးပြုနိုင်ပါသည်။ နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံသီးနှံပင်များတွင် မြေတွင်းအစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်ပေး၍ မြေဖုံးပြီးသုံးနိုင်ပါသည်။

Sources : စိုက်ပျိုးရေးဦးစီးဌာန