menu

သရက်သီးဘာကြောင့်ကြွေရသလဲ ၊ ဘယ်လိုကုစားမလဲ


✴️သရက်သီးဘာကြောင့်ကြွေရသလဲ ၊ ဘယ်လိုကုစားမလဲ✴️
🥭🥭🥭🥭🥭🥭🥭🥭🥭🥭  

ဒီရာသီဟာသရက်ပင်တွေပန်းပွင့်တဲ့ရာသီ၊ အသီးတွေလဲကြွေတတ်တဲ့ရာသီဖြစ်ပါတယ်။ သရက်ပန်း ခိုင်ဟာ ပန်းပွင့်ပေါင်းထောင်သောင်းချီပြီး ပွင့်နိုင်ပါတယ်။ ဒါပေမယ့် အပွင့်တွေကြွေ၊ အသီးတွေ မတင်တာ ကြုံကြရပါတယ်။ သရက်ဟာသုညဒသမ ၁ရာခိုင်နှုန်း မှ သုညဒသမ၂၅ ရာခိုင်နှုန်း ခန့်သာအသီးတင် တတ်ပါ တယ်။ သရက်အသီးကြွေတာဟာ အတွင်းပယောဂ နဲ့ အပြင်ပယောဂအကြောင်းနှစ်မျိုးကြောင့်ကြွေရတာပါ။ 

အတွင်းပယောဂကတော့ အဖိုပွင့်နဲ့ အမပွင့် လွိင်စုံပွင့်အချိုးအစားမညီခြင်း၊ ဝတ်ဆံမတိုင်အတိုအရှည်မညီခြင်း၊ ဝတ်ဆံဖိုနဲ့ဝတ်ဆံမအရွယ်ရောက်ချိန်မတူညီခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများကြွေခြင်း၊ ဝတ်မှုန်အရွယ်အစား အမျိုးမျိုးဖြစ်ပေါ်နေခြင်း၊ ဗီဇဖြစ်ပေါ်မှုမပြည့်စုံခြင်း၊ ကာဗွန်နိုက်ထရိုဂျင် အချိုးမညီမျှခြင်း၊ ဟော်မုန်းဖြစ်ပေါ်မှု မမှန်ကန်ခြင်း စတဲ့ဇီဝ ကမ္မကိစ္စရပ်များကြောင့်ဖြစ်ရပါတယ်။  

အပြင်ပယောဂကတော့ ရာသီဥတုပူလွန်းခြင်း၊ အေးလွန်းခြင်း၊ နှင်းခါးရိုက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ဝတ်မှုန်ကူးအင်းဆက်များလာရောက်မှုနည်းခြင်းများကြောင့်ဖြစ်ပါတယ်။ သရက်သီး လေးများကြွေကျမှုဟာ ညအခါထက်နေ့အခါမှာပိုကြွေတတ်ပါတယ်။ ထို့ကြောင့်သရက်အသီးမကြွေအောင် ကုစားနည်းများပြောချင်ပါတယ်။  

သရက်ပွင့်ချိန်သည်မိုးပြတ်ချိန်၊ ခြောက်သွေ့ချိန်ဖြစ်တဲ့အတွက် ရေသွင်းပေးရန်လိုပါတယ်။ ရေကိုတစ်နေ့ တစ်ကြိမ်နည်းနည်းစီသွင်းပေးခြင်းထက် တစ်ပတ်တစ်ကြိမ်ရေဝအောင်သွင်းပေးခြင်းကပို၍ထိရောက်ပါတယ်။ ပန်းမပွင့်မီတစ်လအလိုကတည်းကနွားချေး၊ ကြက်ချေး၊ သဘာဝမြေဩဇာနဲ့ဓာတ်မြေဩဇာ အချိုးညီညီ ကျွေးပေးပြီး ရေပြတ်ပါကရေသွင်းပေးရန်လိုပါတယ်။ ဖော့ပရပ်(စ်) မြေဩဇာ (သို့မဟုတ်) ကျောက်မှုန့် ဂျစ်ပဆမ် ကို ပန်းမပွင့်မီကြိုတင်ကျွေးထားပါက ပန်းပွင့်အောင်မှု အသီးတင်မှုကို အကျိုးပြုစေပါကြောင်းရေးသားတင်ပြအပ် ပါသည်။  

-အောင်ဆန်း (စိုက်ပျိုးရေး)