menu

ကြက်သွန်နီစိုက်ပျိုးနည်းနှင့် ဝိစာရဆေးများသုံးစွဲနည်း


🎋🌰🎋🌰🎋🌰🎋🌰🎋🌰🎋🌰🎋 

မြန်မာအမည် - ကြက်သွန်နီ 
အင်္ဂလိပ်အမည် - ONION 
ရုက္ခဗေဒအမည် - Allium cepa 
မျိုးရင်းအမည် - AMARYLLIDACEAE 

 ☑️မူရင်းဒေသ☑️ 

ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန်နစ္စတန်နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက်ဖြစ်သည်။ 

 ☑️ရေ၊ မြေနှင့် ရာသီဥတု ☑️ 

 ကြက်သွန်နီသည် ရေအလွန်လိုအပ်သော သီးနှံဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီလွှာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ်လုံလောက်စွာ ပေးနိုင်ရန်လိုသည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်သောကြောင့် အောက်မြန်မာပြည်တွင် စိုက်ပျိုးမှုနည်းသည်။ 

ကြိုက်နှစ်သက်သော pH မှာ (၆-ရ) ဖြစ်သည်။ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ သာမန်အားဖြင့် အပူချိန်အသင့်အတင့်မြင့်ပြီး နေ့တာရှည်က ဥဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးသည်။ အပူချိန် (၅၀-၆၀) ံF တွင်၊ နေ့တာတို [တစ်နေ့အလင်းရောင် (၉-၅)နာရီရရှိပါက] ပန်းပွင့်၍ အစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေးနှင့် နေ့တာအတိုအရှည် ညီမျှသော ဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်သည်။ 

 ☑️လက်ရှိစိုက်ပျိုးလျက်ရှိသောမျိုးများ ☑️ 

 ရွှေဖလား ကြက်သွန်နီဥမှာ အလျားနှင့်အနံ အချိုးပမာဏ (၁)ထက်ကြီးသည့်အတွက် ပြားဝိုင်းပုံသဏ္ဍာန်ရှိသည်။ မျိုးကွဲအနေဖြင့် ရွှေဒင်္ဂါး၊ ရွှေဖလးခွက်မှောက်ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ ဘောင်စောက် ကြက်သွန်နီဥမှာ အလျားနှင့်အနံအချိုး (၁)ထက်ငယ်သည့်အတွက် လုံးရှည်ပုံသဏ္ဍာန် ရှိသည်။ မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်းနှင့် ဘင်္ဂလားဟူ၍ ခေါ်ဝေါ်သုံးစွဲကြပါသည်။ သပိတ်လုံး ကြက်သွန်နီဥမှာ အလျားနှင့်အနံအချိုး ညီမျှမှုရှိသည့်အတွက် လုံးဝိုင်းသောပုံသဏ္ဍာန် ရှိသည်။ အချို့ဒေသတွင် ဦးဝိုင်းမျိုးဟု ခေါ်ဆိုလေ့ရှိကြသည်။ မင်းတုန်းဥမွှာမျိုး ကြက်သွန်နီဥ တစ်လုံးတည်းမဟုတ်ဘဲ အမွှာတက်များ ဖြစ်ပေါ်နေသည့်အတွက် ပုံသဏ္ဍာန်ထူးခြားမှု ရှိပါသည်။ မြိတ်စားကြက်သွန်အဖြစ် အသုံးများ၍ မြန်မာကြက်သွန် (သို့မဟုတ်) ကြက်သွန်နီကလေး ဟူ၍လည်း ခေါ်ဝေါ်ကြပါသည်။ 

 ☑️ပျိုးထောင်ခြင်း☑️ 

အစေ့ကို တိုက်ရိုက်စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန် တစ်ဧကစိုက်ပျိုးရန်အတွက် ပျိုးခင်း(ဝ.၀၅)ဧကအရွယ် ရှိရမည်။ (၄၇)ပေပတ်လည်ရှိ ပျိုးခင်းကိုဆိုလိုပါသည်။ သေချာစွာ ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲပက်၍လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်း ပျိုးထောင်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် ပျိုးထောင်သင့်သည်။ 

စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောက်မြေပေါ်ထွက် လွယ်စေရန်ဖြစ်သည်။ မြေပြန့်တွင် ကြက်သွန်နီကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လအထိ ပျိုးထောင်ကြသည်။ ပျိုးမထောင်မီ မျိုးစေ့များကို ဝိစာရမျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ်၍ (၁၀)မိနစ်ခန့်အရိပ်အောက်တွင် အခြောက်ခံပြီးမှ ပျိုးထောင်ပါ။ အပင်ပေါက်နှုန်း ကောင်းမွန်ပြီး အပင်ကြီးထွားသန်မာ တုတ်ခိုင်ကာ စုပ်စားပိုးများ မြေအောင်းပိုးများ ပင်ဖြတ်ပိုးများ ခါးရိရောဂါများကို ကြိုတင်ကာကွယ်နိုင်ပါသည်။ 

☑️မျိုးစေ့နှုန်း☑️ 

တစ်ဧကအတွက် မျိုးစေ့(၄)ပြီခန့် လိုသည်။ 

 ☑️မြေသြဇာနှုန်းထား ☑️ 

ကြက်သွန်နီစိုက်ပျိုးသော မြေအခြေအနေပေါ်မူတည်၍ မြေသြဇာအသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေးပိုသုံးရမည်။ 

ယေဘူယျအားဖြင့် တစ်ဧကအတွက် လိုအပ်သောမြေသြဇာမှာ… 
နွာချေး - ၁၀-၁၅ စီး 
ယူရီယား - ၂ အိတ် 
တီစူပါ - ၂ အိတ် 
ပိုတက်ရှ် - ၁ အိတ် 

နွာချေးအားလုံး၊ ယူရီးယား(၁)အိတ်၊ တီစူပါ(၂)အိတ်နှင့် ပိုတက်ရှ်(၁)အိတ်ကို နောက်ဆုံးမြေပြင်ချိန်တွင် ထည့်ပေးပြီး ကျန်ယူရီးယား(၁)အိတ်ကို ပြောင်းရွှေ့စိုက်ပြီး (၁)လအကြာ ဥဆင်းချိန်တွင်ထည့်ပေးရမည်။ 

☑️မြေပြုပြင်ခြင်း ☑️ 

ကြက်သွန်နီသည် ပြောင်းရွှေ့စိုက်ပြီးချိန်မှစ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံးပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကိုတစ်ပါတည်း ကြိုတင်နှိမ်နင်းထားရမည်။ မြက်နှင့် ပေါင်းပင်များကို နှိမ်နင်းရန်အတွက် ထယ်ဖြင့်အကြိမ်ကြိမ် ထိုးပစ်ရမည်။ 

ထယ်ထိုးပြီးက ထွန်ရေးညက်အောင်ထွန်ပြီး ကြမ်းတုံးရိုက်၍ မိမိစိုက်ပျိုးလိုသောနည်းဖြင့် အကွက်ဖေါ်ယူရသည်။ ကြက်သွန်နီကို ဘောင်ပေါ်တွင် စိုက်ပျိုးနည်းဖြင့်လည်းကောင်း၊ ကန်သင်းဖေါ်နည်းဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောဒေသတွင် ဘောင်ဖေါ်စိုက်ပျိုးကြသည်။ 

☑️စိုက်ပျိုးခြင်း☑️ 

ဘောင်ဖေါ်စိုက်ပျိုးနည်း 

ကြက်သွန်နီကိုစိုက်ပျိုးရန်အတွက် ဘောင်ဖေါ်ရာ၌ စိုက်ခင်းမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီညာသောအပိုင်းများအလိုက် ဘောင်ဖေါ်ပေးရမည်။ သို့မှသာ ရေသွင်းရန်လွယ်ကူပြီး ရေသည်ညီညာစွာ အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်ဖေါ်သည်ဆိုရာ၌ ရေသွင်းရန်အတွက် (၃-၄)ပေခြား မြောင်းများဖေါ်ပေးခြင်းဖြင့် စိုက်ဘောင်များ ဖြစ်ပေါ်လာပေမည်။ မြောင်းဖေါ်ရန် လွယ်ကူစေရေးအတွက် ထယ်များဖြင့် အရာပေးပြီး ဂျုတ်ဆွဲ၍ ဖေါ်ကြသည်။ စိုက်ဘောင်ကို ညီညာအောင် ပြုပြင်ပြီး ပျိုးပင်ကလေးများကို တစ်ပင်နှင့်တစ်ပင် တစ်တန်းနှင့်တစ်တန်း (၄-၅)လက်မခန့် ခွာစိုက်ရမည်။ ၎င်းနောက် ဘောင်နှင့်ညီအောင် ရေသွင်းပေးရမည်။  

ကန်သင်းဖေါ်စိုက်ပျိုးနည်း 

ဤစိုက်ပျိုးနည်းကို ဆည်ရေရသောဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်းရှင်းရာ၌ အကွက်ထဲဝင်၍ မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက်ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန်အတွက် (၄-၅)ပေထက် မကျယ်သော အကွက်များကို ဖေါ်ပေးရမည်။ ပျိုးပင်ကလေးများကို (၄-၆)ပတ်သားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ်ကြီးလာပါက ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ကြက်သွန်မျိုးပေါ်မူတည်၍ ပျိုးသက်(၅၅-၆၀)ရက်သားအထိ ထား၍စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ်ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ်ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတန်ထွက်မှုများစေပြီး၊ ပျိုးပင်အရွယ်ငယ်လွန်းပါက ဥအရွယ်သေးကာ အထွက်နည်းစေပါသည်။ တစ်တန်းနှင့်တစ်တန်း (၅-၆)လက်မခန့်ထားရှိပြီး တစ်ပင်နှင့်တစ်ပင် (၄-၅)လက်မခွာ၍ စိုက်နိုင်သည်။ အချို့ တစ်တန်းနှင့်တစ်တန်း (၁၂)လက်မမှ (၁၄)လက်မအထိခြားပြီး တစ်ပင်နှင့်တစ်ပင် (၃-၄)လက်မခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလအစောပိုင်းတွင် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးကြသည်။ တစ်ဧကလျှင် အပင်(၅-၇)သိန်းကျော်အထိ ဒေသအလိုက် စိုက်ပျိုးစနစ်အပေါ်မူတည်၍ ဝင်ဆန့်ပါသည်။ 

ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန်စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ၌ ဤနည်းကို အသုံးများသည်။ အရေးကြီးသောအချက်မှာ သဲချောင်း၏အစိုဓာတ်ကို အပင်က မိမိရရစားသုံးနိုင်ရန် ဖြစ်သည်။ အစိုဓာတ်များလွန်းခြင်း၊ နည်းလွန်းခြင်းသည် သီးနှံစိုက်ပျိုးရေးတွင် မလိုလားအပ်သောကြောင့် ဤအခက်အခဲများကို ပြုပြင်ပေးရန်လိုသည်။ ရေမျက်နှာပြင်သည် မြေအောက် (၇-၈)လက်မခန့်တွင် ရှိနေအောင် မြေကိုပြုပြင်ပေးရမည်။ ထို့ကြောင့် အစိုဓာတ်များလွန်းသော နေရာတွင် သဲဘောင်များ ထွန်နှင့်လိုက်ဖို့ပေးခြင်း၊ အစိုဓာတ်ဝေးလွန်းသော နေရာ၌ အပေါ်ယံသဲဘောင်များကို တစ်နေရာသို့ တိုက်ပို့ပေးပြီး မြေကိုထွန်ယက်ညှိပေးရမည်။ သဲမြေဖြစ်ခြင်းကြောင့် လုပ်ငန်းမှာ မခက်ခဲလှပေ။ သို့ရာတွင် ဤကဲ့သို့ မြေမျိုးတွင် စိုက်ပျိုးပါက နွားချေး၊ မြေဆွေး၊ ဓာတ်မြေသြဇာ စသည်တို့ကို ကြိုတင်အလုံအလောက် စုဆောင်းထားရှိရမည်။ 

 ☑️အပင်ပြုစုခြင်း ☑️ 

ကြက်သွန်နီကို အောင်မြင်စွာ စိုက်ပျိုးနိုင်ရန်အတွက် ပေါင်းကိုနိုင်ရန် အရေးကြီးသည်။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရမည်။ ပေါင်းလိုက်သူသည် ကန်သင်းပေါ်မှနေ၍ လိုက်သင့်သည်။ ကြက်သွန်နီ၏အမြစ်သည် မြေ၏အပေါ်ယံအပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ်မထိခိုက်စေရန် သတိပြုရသည်။ အရွက်များစတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယားဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေအလွန်ကြပ်နေပါက နွားချေး၊ မြေဆွေး ထပ်မံထည့်ပေးပါ။ 

☑️ပေါင်းသတ်ဆေးအသုံးပြုခြင်း☑️ 

ကြက်သွန်နီစိုက်ခင်း ပေါင်းမြက်နှိမ်နင်းရန်အတွက်..  

ပေါင်းမင်း ၂၅ အီးစီဆေးကို မစိုက်မီ(သို့မဟုတ်) ပြောင်းရွှေ့စိုက်ပြီး (၅-၁၀)ရက်အတွင်း ရေ ၄ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် (၁၂၀-၁၅၀)စီစီနှုန်းဖြင့် (၆-၇)ပုံးကုန်အောင် ပက်ဖျန်းကာကွယ်နှိမ်နင်းပါ။ 

အောက်စီ-စတား ၂၃.၅ အီးစီဆေးကို ပြောင်းရွှေ့မစိုက်မီ (၁)ရက်ကြိုတင်၍ စိုက်ဘောင်များပေါ်တွင် ရေ ၄ဂါလံဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၈၀-၁၀၀)စီစီနှုန်းဖြင့် (၆-၇)ပုံးကုန်အောင် ပက်ဖျန်းပါ။ ပရိုဂိမ်း ၃၃ အီးစီဆေးကို ပြောင်းရွှေ့မစိုက်မီ (သို့မဟုတ်) ပြောင်းရွှေ့စိုက်ပြီး ပေါင်းပင်ပေါက်ခါစ အရွယ်တွင် ရေ ၄ဂါလံဝင် ဆေးဖျန်းပုံး(၁)ပုံးလျှင် (၁၅၀-၂၀၀)စီစီနှုန်းဖြင့် (၆-၇)ပုံး ပက်ဖျန်းပါ။ 

☑️အားဆေးများအသုံးပြုခြင်း ☑️ 

စိုက်ပြီး(၁၅)ရက်သားမှ (၁)လသားအတွင်း ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံး(၁)ပုံးတွင် ဂျစ်တူးဟော်မုန်းအားဆေး(၁၀)ဂရမ် +ဘိုစတာ(အပင်)အားဆေး(၄၀)ဂရမ် +ဝိစာရကွန်ဘီအားဆေး(၅)ဂရမ် ရောစပ်ပြီး (၇)ရက်ခြားတစ်ကြိမ် ပက်ဖျန်းပါ။ အပင်(၁)လသား ဥစဖြစ်ချိန်မှ (၁)လခွဲသား ဥကြီးထွားချိန်အထိ ဆေးဖျန်းပုံးတစ်ပုံးတွင် ဘိုစတာ(အသီး)အားဆေး(၄၀)ဂရမ် +ရိုက်စ်အပ်အားဆေး(၂၀)စီစီ ရောစပ်၍ (၇)ရက်ခြားတစ်ကြိမ် ပက်ဖျန်းပါ။ အပင်(၁)လခွဲသား ဥကြီးထွားချိန်မှ အပင်(၂)လခွဲသား ဥလုပ်ချိန်အထိ ဆေးဖျန်းပုံးတစ်ပုံးတွင် ဆိုလူဖိဒ်ဂျပ်ဘူးအားဆေး(၅၀)ဂရမ် +ဝိစာရကွန်ဘီအားဆေး(၅)ဂရမ် +ကယ်လ်စီပလပ်အားဆေး(၃၀)စီစီ ရောစပ်၍ (၇)ရက်ခြားတစ်ကြိမ် ပက်ဖျန်းပါ။ (သို့မဟုတ်) စိုက်ပြီးအပင်ငယ်(၁၅)ရက်သားတွင် (စူပါ+ပါဝါ)အားဆေး (၂၅+၂၅)စီစီ နှုန်းဖြင့်တစ်ကြိမ်၊ (၁)လခွဲသားတွင်တစ်ကြိမ် ပက်ဖျန်းပါ။ အပင်(၂)လခွဲသား ဥလုပ်ချိန်မှ တူးဖေါ်နှုတ်သိမ်းချိန်အထိ ဆေးဖျန်းပုံးတစ်ပုံးတွင် ဆိုလူဖိဒ် စပါယ်ရှယ်-ကေအားဆေး(၅၀)ဂရမ် +နီယွန်ဥကြီးထွားအားဆေး(၂၀)စီစီ ရောစပ်၍ (၇)ရက်ခြားတစ်ကြိမ် ပက်ဖျန်းပါ။ 

☑️ပိုးသတ်ဆေးအသုံးပြုခြင်း☑️ 

ပျ၊ သရစ်လှေးပိုး၊ ယင်ဖြူစသော စုပ်စားပိုးများ ကျရောက်ဖျက်ဆီးလျှင် ဆေးဖျန်းပုံးတစ်ပုံးတွင် အေမီဒါ ၂၀ ဒဗလျူပီ ပိုးသတ်ဆေး(၁၀)ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။ စိုက်ချိန်နောက်ကျသော စိုက်ခင်းများတွင် ပျ၊ သရစ်လှေးပိုး၊ ယင်ဖြူစသော စုပ်စားပိုးများ ဆိုးရွားစွာ ကျရောက်ဖျက်ဆီးတတ်သောကြောင့် အမြိတ်တွင် အဖြူစက်ငယ်လေးများ စတွေ့လျှင် ဆေးဖျန်းပုံးတစ်ပုံးတွင် ကေလာပိုးသတ်ဆေး (၅-၁၀)ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။ ငမြောင်တောင်၊ ကြက်သွန်မြိတ်ဖေါက်စားပိုးများ၊ ဆတ်တို့ကောင်များ ကျရောက်ပါက လန်ဒါ ၅ အီးစီ (၄၀)စီစီနှုန်း (သို့မဟုတ်) ရယ်ဒီ(၄၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်းပါ။ ဆိုးရွားစွာကျရောက်ပါက အီမာလန်ဒါ (၁၀)ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။ 

☑️ရောဂါသတ်ဆေးများအသုံးပြုခြင်း☑️  

ခါးရိ(ခေါင်းပုပ်) ရောဂါကြောင့် အပင်သေ၊ အပင်ပျောက်ဖြစ်ခြင်းကို ကြိုတင်ကာကွယ်ရန် ပြောင်းရွှေ့မစိုက်မီ (၂-၃)ရက်ကြိုတင်၍ ပျိုးခင်းကို ရေ ၁ဂါလံတွင် ထီးမှိုသတ်ဆေး(၁၅)ဂရမ် နှုန်းဖြင့် စိုရွှဲအောင် ပက်ဖျန်းပါ။ ခါးရိရောဂါစတွေ့လျှင် ဆေးဖျန်းပုံးတစ်ပုံးတွင် ဘာလီဆိုဒ်(၄၀)စီစီနှုန်းနှင့် ကာဗာ(၁၀)စီစီနှုန်းကို တစ်လှည့်စီ ပက်ဖျန်းပါ။ ကြက်သွန်နီဂျိုလိမ်ရောဂါအတွက် ကာဗာ(၂၀)စီစီနှုန်းဖျန်းပေးပြီး အပင်ကျန်းမာသန်စွမ်းရန် ကယ်လ်စီပလပ်(၂၀)စီစီ +ဝိစာရကွန်ဘီ(၅)ဂရမ်နှုန်း ပက်ဖျန်းပါ။ ကြက်သွန်ဗျောက်ရောဂါနှင့် တောက်တဲ့မြီးရောဂါ သာမန်ကျရောက်ပါက ကာဗာ (၁၀)စီစီ +ဒိုင်ကိုဇက်(၄၀)ဂရမ်နှုန်း ရောစပ်ပက်ဖျန်းပါ။ ဆိုးရွားစွာ ကျရောက်ပါက ဟက်ဇာဂွန်(၃၀)စီစီ (သို့မဟုတ်) ကာဗာ(၂၀)စီစီနှုန်း ဖျော်စပ်ပက်ဖျန်းပါ။ ကြက်သွန်ဒေါင်းနီးရွက်ခြောက် ရောဂါကျရောက်ပါက စူပါမော့စ်(၂၀)ဂရမ်နှုန်း (သို့မဟုတ်) ဆိုင်မိုဇက်((၅၀-၈၀)ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။ ကြက်သွန်အပျော့ပုပ်ရောဂါ ကျရောက်ပါက ဘာလီဆိုဒ် (၄၀-၅၀)စီစီနှုန်း (သို့မဟုတ်) ကျူပရိုမက်စ်(၄၀-၅၀)ဂရမ်နှုန်း ဖျော်စပ်ပက်ဖျန်းပါ။ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ အပင်အားဆေးများ ပက်ဖျန်းတိုင်း ဟီးရိုး စိမ့်ဝင်တွယ်ကပ်ပြန့်နှံ့ဆေးကို အညွှန်းပါနှုန်းထားအတိုင်း ရောစပ်ပက်ဖျန်းခြင်းဖြင့် ဆေးလေလွင့်ဆုံးရှုံးမှုနည်းကာ အာနိသင်ထိရောက် မှု ပိုမိုကောင်းမွန်စေပါသည်။ 

☑️ရေပေးသွင်းခြင်း ☑️ 

မြေအမျိုးအစားနှင့် ရာသီဥတုပေါ်မူတည်၍ ရေသွင်းသည့်အကြိမ် တူမည်မဟုတ်ပါ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန်လိုသည်။ ရေသွင်းချိန် ရောက်/မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကိုကြည့်၍ အကဲခတ်နိုင်သည်။ ကြက်သွန်ရေငတ်က အရွက်များပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေကိုမလိုဘဲသွင်းပါက ရောဂါကျတတ်သည်။ မြေအလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းပါက ကြက်သွန်၏အခွံ အက်ကွဲတတ်သည်။ သာမန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ်ရေပေးရသည်။ ရာသီပူပြင်းပါက (၄-၅)ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန်လိုသည်။ အရွက်များစတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝရပ်လိုက်ရမည်။ 

☑️ရိတ်သိမ်းခြင်းနှင့် အထွက်နှုန်း ☑️ 

အမြိတ်စားအတွက် ရိတ်သိမ်းက ကြက်သွန်ဥငယ်စဉ် အရွက်ခဲတန်လုံးခန့်ရှိလျှင် လက်ဖြင့်ဆွဲနှုတ် ယူနိုင်သည်။ ဥကြီးအတွက် ရိတ်သိမ်းပါက အရွက်၏(၁၅-၂၅)% ခြောက်လာလျှင် လက်ဖြင့်ဆွဲနှုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းက ကြက်သွန်ဥသည် လက်ဖြင့်နှုတ်ရန် မလွယ်တော့ချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း မလှပေ။ ကြက်သွန်ဥ နှုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည်ဟု ဆိုသည်။ အရွက်ကို လက်မဝက်မှ (၁)လက်မချန်ပြီး ဖြတ်ရမည်။ ပျမ်းမျှ တစ်ဧကလျှင် ပိဿာချိန်(၆၀၀၀-၈၀၀၀) အထိထွက်ရှိနိုင်ပါသည်။ 

 Than Win Agri 
 Source : MAS ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း 

🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰