menu

🥭သရက်ပင် ရာသီဥတုနှင့် ဖျက်ပိုးရောဂါ🥭

🔸ဆောင်းရာသီအဝင် ကာလအစမှာ နံနက်စောစောပိုင်းအချိန်များ ရာသီဥတုအေးလာသည်။ ယခင်က ဒီလိုအေးမြမှုမျိုး မကြုံခဲ့ရ။ သရက်ပင်များကြည့်တော့လည်း ရွက်နုတွေဝေ၍ အပွင့်တွေပွင့်နေသည်ကိုလည်း တွေ့ကြရသည်။သရက်ပင်များသည် တစ်နှစ်နှစ်ကြိမ် ရွက်နုထွက်သည်။ ရွက်နုအညိုရောင်အရွက်များထွက်လာပြီးနောက်ပိုင်း အရွက်ရင့် အစိမ်းရောင် ဖြစ်လာမည်။ ထို့နောက် ပန်းပွင့်မည်။ အသီးသီးမည်။  

🔸 ရေ၊ မြေ၊ ရာသီဥတုမညီကြသဖြင့် မြန်မာနိုင်ငံအထက်ပိုင်း(အညာဒေသ) နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတို့လည်း ရွက်နုချိန်၊ ပွင့်ချိန်၊ သီးချိန်မတူညီကြ။ ရန်ကုန်မြစ်ဝကျွန်းပေါ်ဒေသသည် ဇွန်လနှင့် ဇူလိုင်လတွင် ရွက်နုတစ် ကြိမ်ထွက်၍ ဩဂုတ်လနှင့်စက်တင်ဘာလတွင် ဒုတိယအကြိမ် ရွက်နုထွက်တတ်သည်။ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင်ဩဂုတ်နှင့် စက်တင်ဘာလတွင် ရွက်နုတစ်ကြိမ်နှင့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရွက်နုတစ်ကြိမ်ထွက်သည်။ ပန်းပွင့်မှုသည် နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် ပွင့်သည်။ ဤသည်မှာ ရာသီဥတု ပုံမှန်တွင် ဖြစ်သည်။ 

 🔸ယခု ရာသီဥတု ဆောင်းမှာအေးလာသည်။ တစ်ပြည်လုံး သိသိသာသာအေးလာမှုသည် မြောက်ပိုင်းရေခဲဒေသက လေအေးများဝင်လာ၍ဟု သိရသည်။ ဤအခွင့်အရေးသည် သရက်ပင်များအတွက် ကောင်းချက်များရှိသလို ဂရုပြုရမည့်အချက်များလည်းရှိနေသည်။ ရွက်နုထွက် ချိန်သည် လှေးပိုး၊ပျပိုးနှင့် ကျိုင်းများ ကျရောက်တတ်သကဲ့သို့အပင်ရောဂါအနေဖြင့် မှဲ့ပြောက်စွန်းရောဂါကျနိုင်ပြီ။  

🔸ယနေ့ သရက်သီးဈေးကွက်တွင် မှဲ့ပြောက်စွန်းရောဂါသည် ဈေးကွက်ဖျက်သောရောဂါ ဖြစ်နေသည်။သရက်ပင်မှာ လျှို့ဝှက်ချက်နှင့် သိမှတ်စရာများစွာ ရှိသည်။ လွှမ်းမိုးနေသည်က ရာသီဥတု အများစုဖြစ်သည်။ ပွင့်သလောက်မသီး၊ သီးသလောက် မတင်၊ တင်သလောက် အသီးမကြီး၊ ကြီးသလောက်အရသာမချိုဟု ပြောရပါလိမ့်မည်။ ရာသီဥတုပြောင်းလဲမှုကို လေ့လာလျှင် ပုံမှန်ရာသီဥတုထက် ပို၍ပူပြင်းလာသည်ဟု သုံးသပ်ကြသည်။

🔸 ပူနွေးလျှင် သက်ရှိတို့တွင် အဖိုထက် အမပိုင်းဆိုင်ရာ ပိုများလာမည်ဟု ပြောကြသည်။ လူ၊ သတ္တဝါ၊ အပင်အပွင့်မှန်သမျှ ဤသို့ဖြစ် လာကြမည်။သရက်ပင်တွင် သီးထိုးယင်အမများ ပိုမိုများလာမည်။ သရက်ပင်ကြီးထွားရန် အပူချိန် ၂၅ မှ ၃၀ ဒီဂရီစင်တီဂရိတ် လိုအပ်သည်။ သရက်ပင်ပန်းပွင့်နိုင်ရန် အေးမြသော အချိန်ကာလသုံးလမှ လေးလလိုအပ်သည်။ ပန်းပွင့်များပန်းခိုင်ဖြစ် ရန် ညအပူချိန် ၁၀ မှ ၁၅ ဒီဂရီစင်တီဂရိတ်လိုသည်ဟု ဥယျာဉ်ခြံသီးသန့်ကျွမ်းကျင်သူတို့ကသုံးသပ်ထား သည်။  

🔸ရာသီဥတု ပူခြင်း၊ အေးခြင်း၊ မိုးရွာ၊လေတိုက်၊ မိုးမရွာ၊ ရေမရ စသည်တို့ကလည်း သရက်ပင်စိုက်ပျိုးရေးတွင် ပန်းပွင့်ချိန်၊ သီးချိန်၊ ကြီးချိန်တို့ကို လွှမ်းမိုးနေကြဆဲ ရှိသည်။ အပင်ကြီးရန်၊ အသီးသီးရန် ဂရုပြုရသကဲ့သို့ တစ်ဖက်ကလည်း ဖျက်ပိုးနှင့်ရောဂါကလည်းအရေးကြီးလာသည်။ ပိုး၊ရောဂါကျလျှင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖျန်းရပြီ။ စရိတ်ကုန်မည်။ အန္တရာယ်များသည်။ ပတ်ဝန်းကျင်ရာသီဥတု ထိခိုက်မည်။ ဤသို့ဖြင့် ဆိုးကျိုးသံသရာ လည်နေကြသည်မှာ စနစ်တကျ၊ နည်းလမ်းတကျ မပြုလုပ်ကြခြင်းသည် ပထမဖြစ်နေပါသည်။ 

 🔸ဖျက်ပိုးကျမှုသည် ရွက်နုထွက်ချိန်၊ရောဂါကျမှုသည် ပန်းပွင့်ချိန်တို့တွင် ပိုမိုဂရုပြုကြရသည်။ သရက်ကလည်း ရွက်နုနှစ်ကြိမ်ထွက်၍ ပန်းပွင့်ချိန်ကာလကလည်းကြာရှည်သည်။(အပင်သက်တမ်းအပေါ် မူတည်ကွာခြားပါသည်) ပင်စည်ထိုးပိုး၊အစေ့ထိုးပိုး၊ ခေါင်ညွန့်ထိုးပိုး၊ လှေး၊ ပျမှအစ ကျပ်ခိုးမှို၊ မှဲ့ပြောက်စွန်းရောဂါ၊ ဖားဥမှိုရောဂါ၊ ပင်စည်အခေါက်များ ဖျက်ဆီးသည့် ပိုး၊ ရောဂါတို့ကို နွေ၊ မိုး၊ ဆောင်း ရာသီအကူးအပြောင်းတို့တွင် သတိပြုကာကွယ်နှိမ်နင်းကြရပါမည်။ 

 🔸ရွက်နုမှ ရွက်ရင့်၊ ပန်းပွင့်မှ အသီးဖြစ်ရန် သရက်ပင်များသည် အချိန်နှင့်အမျှ နေ့စဉ်ရက်ဆက် အလုပ်လုပ်နေကြချိန်တွင် အဖျက်ပိုးရောဂါနှင့် အပြုသဘောဆောင်သည့် လုပ်ငန်းများ ပံ့ပိုးထောက်ပံ့ လုပ်ကိုင်ပေးကြရပါမည်။ သို့မှသာ ရင်းနှီးမြှုပ်နှံမှု များစွာ ကျခံစိုက်ပျိုးထားသော သရက်ခြံများသည် သရက်သီးလှိုင်လှိုင်ရရှိကြပါမည်။ ဒေသအလိုက် စိုထိုင်းဆ၊ အပူချိန်၊အအေးချိန်သိရှိရန် မိုးလေဝသစခန်းများ ရှိသင့်သလို ဥယျာဉ်ခြံများတွင်လည်း မိုးလေ ဝသတိုင်းထွာကိရိယာများ ထားရှိကြသင့်ပါသည်။ 

🔸စိုက်ပျိုးရေးလုပ်ငန်း၏ အသက်သည် ရာသီဥတုဖြစ်ပါသည်။ ရေရှည်တွင်သီးနှံစိုက်ပျိုးမှုလုပ်ငန်းသည် ရေ၊ မြေ၊ ရာသီဥတု ဖောက်ပြန်မှုများလာသော ဒေသများတွင် ခက်ခက်ခဲခဲ မလုပ်ကြတော့ဘဲ ကောင်းမွန်သော ဒေသနေရာများသို့သာ ဦးတည် ရွေ့လျားလာပါလိမ့်မည်ဟု သုံးသပ်ကြပါသည်။ 

 - ကိုရဲ(စိုက်ပျိုးရေး)
 - မြန်မာတောင်သူကြီးများဂျာနယ်