menu

သရက်ပင်မှာကျတဲ့ ကြပ်ခိုးမှို ကာကွယ်နှိမ်နင်းနည်း


🍃🥭🍃🥭🍃🥭🍃🥭🍃🥭🍃

🔸သရက်ပင်ရဲ့အရွက်တွေမှာ ကြပ်ခိုးတွေလိုမဲနေတာမြင်တွေ့နေကြရမှာပါ။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့ပါ။ အဲ့ဒါ ဘာဖြစ်တာလဲ ဘယ်လိုလုပ်ရမှာလဲဆိုတာ စိတ်ဝင်စားသူနည်းပါးပါတယ်။ အခုလို သရက်ပင် အရွက်တွေမှာ မဲနေတဲ့အရာတွေကို ကြပ်ခိုးမှို လို့ခေါ်ပါတယ်။ 
🔸၎င်းရောဂါသည် ပိန္နဲ၊ မာလကာ၊ ကျွဲကော၊ သံပုရာပင်တွေမှာလည်းကျရောက်နိုင်ပါသည်။ကျရောက် သည့်အခါ အကိုင်း၊ အခက်၊ ပင်စည်၊ အရွက်၊ ပန်းခိုင်အားလုံးမှာ ကျရောက်တတ်ပါသည်။ ထိုရောဂါ သည် ပျ၊ ဖြုတ်၊ ပိုးစေးနှဲ စသည့်ပိုးများကျရောက်သည့်အခါ ၎င်းပိုးများမှ စစ်ထုတ်သည့် စစ်ရည်ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။

🔸ရောဂါကျရောက်ပါက အပင်အစိတ်အပိုင်းအားလုံး ကြပ်ခိုးတွေဖုံးသွားသလို မဲသွားပါသည်။ ကြပ်ခိုးမှို ရောဂါသည် ရွက်နုထွက်ချိန်၊ ပန်းပွင့်ချိန်၊ သီးကင်းဝင်စအချိန်တို့တွင် ပို၍ဖြစ်ပွားမှုများပါသည်။ ရွက်နုထွက်ချိန်နှင့်ပန်းပွင့်ချိန် ဖြစ်ပွားလျှင်အပွင့်အားလုံးကြွေကျပြီး အသီးမတင်နိုင်တော့ပါ။ သီးကင်း ဝင်စအချိန် ဖြစ်ပွားလျှင်သီးလုံးလေးများအားလုံးမဲသွားပြီး ကြွေကျကုန်မည်ဖြစ်ပါသည်။ ထို့ကြောင့် သရက်၊ ပိန္နဲ၊ မာလကာ၊ ကျွဲကော၊ သံပုရာပင်များတွင် ကြပ်ခိုးမှိုကျရောက်လျှင် အချိန်မှီ ကာကွယ်နှိမ်နင်း သင့်ပါသည်။

ကြပ်ခိုးမှိုကို ကာကွယ်နှိမ်နင်းရန်မှာ .....

 ▪️ ရွက်နုမထွက်မီ အပင်ခြေရင်းပတ်ပတ်လည်တွင် လေးပေပတ်လည် အနက်တစ်ပေခွဲတူးပါ။

 ▪️ ၎င်းမြေကျင်းအတွင်းနွားချေး၊ သဘာဝမြေဆွေး နှင့် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် မြေဩဇာများ ရောစပ် ထည့်ပေးပြီး အပင်ခြေရင်းမှမြေသားပြန်ဖုံးပေးပါ။

 ▪️ ထိုသို့ဆောင်ရွက်ပေးပြီး တစ်လခန့် နေ့စဉ်ရေလောင်းပေးပါ။

 ▪️ အပွင့်ပွင့်ပြီး သီးကင်းလေးများစဝင်ပြီဆိုပါက လိုအပ်လျှင် (၇-၁၀)ရက်ခြားတစ်ကြိမ်ခန့် မှိုသတ်ဆေး ဖျန်းပေးရန် တို့ဖြစ်ပါသည်။ 

Sources : စိုက်ပျိုးရေးရာအကြံပြုချက်များ။