menu

သရက်ပွင့်ချိန်၊ အသီးကင်းဝင်ချိန် အသီးတင်မှုကောင်းရန် ဂရုပြုကြပါ


🍃🥭🍃🥭🍃🥭🍃🥭🍃🥭🍃

➡️သရက်ပန်းပွင့်ချိန်များသည် ဒေသလိုက်၍ စိုက်ပျိုးသည့်မျိုးလိုက်၍ ပန်းပွင့်ချိန်၊ အပွင့်ဖြိုင်ဖြိုင် လှိုင်လှိုင်ပွင့်ချိန်များ မတူညီတတ်ကြ။ ပန်းပွင့်စောမှု၊ အပွင့်နောက်ကျပွင့်မှုသည် အပင်ကြီးထွားမှု၊ စိုက်ပျိုးသည့်ဒေသ၏ ရာသီဥတုတို့နှင့် ပတ်သက်ဆက်စပ်မှုလည်း ရှိသည်ဟု သရက်ပင်၏ သိရခက်သော အကြောင်းများကို သရက်ပင်ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြပါသည်။

➡️သရက်နှင့်ပတ်သက်သော ကျွမ်းကျင်ပညာရှင်တစ်ဦးမဟုတ်သော်လည်း သရက်ပင်၏ စိတ်ဝင်စားမှု ကောင်းသော မူရာ၊ မာယာများကို လေ့လာမှတ်သားနေသူတစ်ဦးဖြစ်၍ ဒေသအနှံ့က သတင်းများကိုကြားသိသုံးသပ်ရသော် မန္တလေးတစ်ဝိုက်၊တံတားဦး၊ အင်းဝ၊ ကျောက်ဆည်၊ ဟန်မြင့်မိုရ်၊ ပုလိပ် စသည့် ဒေသများသည် သရက်ဥယျာဉ်ခြံများ ရင်းနှီးမြှုပ်နှံစိုက်ပျိုးထားသည်များရှိ၏။ နေအိမ်ခြံဝင်းများတွင် စိုက်ပျိုးသူများထက် စီးပွားဖြစ် ခြံများနှင့် သရက်ပင်ရာချီစိုက်ပျိုးထားသူများသည် သရက်ပွင့်ချိန်တွင် ရာသီဥတုဂရုပြုရပြီ။ 

➡️လွန်ခဲ့သောနှစ်တစ်နှစ်က ဖေဖော်ဝါရီလကုန်ပိုင်း ရက်ရှည်မိုးမရွာဘဲ မိုးအုံ့ခဲ့သဖြင့် မိုးမအုံ့ခင်မှာ ရာသီဥတုအခြေအနေ ပျက်လာကတည်းက သရက်ပင်များကို အရွက်ဖျန်းဆေးများ ဖျန်းကြရသေးသည်။ သို့မှ သီးကင်းတင်မှုကောင်းသည်ဟု တံတားဦးက သရက်စိုက်ပျိုးသူက ပြောပြသည်။ “မိုးအုံ့တာ ရက်ရှည်သွားလည်း ဒဏ်ခံနိုင်တယ်။ ကျန်တဲ့အပွင့်တွေသီးအောင်ဆေးထပ်ဖျန်းရသေးတယ်” နောက်တစ်ဦး ကတော့ “သရက်ပင်တွေက ပင်ပျိုတွေဖြစ်တဲ့အပြင် တစ်ပင်နဲ့တစ်ပင်ကလည်း မထိ မဆက်ဘဲရှိတော့ နေမပူပေမဲ့ အလင်းရောင်လေးလည်းရတာမို့ နေရောင်သာကောင်းကောင်းရရင်၊ လေပြင်းလည်းမတိုက်ရင် အသီးတင်ပါတယ်” ဟု ပြောပြသည်။

➡️သရက်ပင်ကအရွက်များ ရင့်၍ မာကျောကြွပ်ဆတ်ချိန်သည် ပန်းပွင့်ချိန်နီးလာပြီဟု သရက်ပင်က လက္ခဏာပြနေသည်။ ဤကာလ ရာသီဥတုကြည်လင်သာယာပြီး နေရောင်ခြည်အပူချိန်လေးရ၊မိုးမအုံ့၊ မိုးမရွာ လေပြင်းမတိုက်လျှင် သရက်ခြံရှင်များ ဝမ်းသာကြသည်။ ပွင့်သီးမှုအထောက်အကူ ပြုပြီကိုး။ သရက်ပင်ဆိုတာကလည်း တစ်ပင်တည်းမှာပင် ပွင့်ချိန်၊ သီးချိန်၊ မှည့်ချိန်အမျိုးမျိုး ဖြစ်နေ သည်။ ဂရုပြုစရာတွေကများသည်။ အစာ၊ ရေ၊ နေရောင်၊ ညင်သာသောတိုက်ခတ်သည့်လေ၊ ဝတ်မှုန်ကူးအင်းဆက်များ စသည် လိုအပ်ချက်က စုံနေသည်။ သရက်ဆွေးနွေးပွဲများတက်ရောက်လျှင် သရက်ကျွမ်းကျင်စိုက်ပျိုးရေးပညာရှင်များနှင့် ပညာရှင်မဟုတ်သော်လည်း သရက်ပင်နှင့် နှစ်များစွာလက်တွဲလာခဲ့ကြသော အချို့သော သရက်ခြံရှင်များသည် သရက်ပင်၏ လျှို့ဝှက်ချက်များကို သိလာ၊ ပြောလာ၊ဆွေးနွေးကြသည်မှာ စာတွေ့၊ လက်တွေ့ မှတ်သားစရာများချည်း ဖြစ်သည်။ 

➡️ကိုင်းဖြတ် ပုံသွင်းဆို၍ ဖြတ်သင့်၊ ရှင်းသင့်သည့် ကိုင်းအို၊ ကိုင်းခြောက် ရှင်းရသည်။ အပင်ထိပ်ရှိ အရွက်ကြဲသော၊ နည်းသော ကိုင်းဖြတ်ရသည်။ ကိုင်းခုတ်၊ ကိုင်းဖြတ် များသွားသော် နှစ်နှစ်ခန့်အထိ အသီးမသီးတော့သည်ကို လက်တွေ့ကြုံခဲ့ရဖူးပါသည်။ တစ်နေ့က အညာက မိတ်ဆွေတစ်ဦးက သရက်ခြံကပန်းများပွင့်လာပြီဟု ပြောလာသည်။ အချို့ခြံများ သရက်ကင်းခူးခြွေရောင်းနေကြပြီ။ သရက်ပင်ဖူးပွင့်ချိန်မှာအပွင့်ပွင့်မှုကြည့်၍ အရောင်းအဝယ်ဖြစ်ခြင်းနှင့် အသီးကင်းသီးချိန်ကြည့်၍ အရောင်းအဝယ်ဖြစ်ခြင်း ရှိနေပါပြီ။ 

➡️စိန်တလုံးကတော့ သရက်ရောင်းဝယ်မှု၏အစ ပွဲဦးထွက် အစောသီးဖြစ်ပြီး ရင်ကွဲ၊ ရွှေဟင်္သာတို့က နောက်ပိုင်းဈေးကွက်ဟုပြောကြသည်။ သရက်ပွင့်ချိန်သည် နံနက်နှင့် ညနေပိုင်းဖြစ်သည်။ သရက်ခြံများတွင် သရက်နံ့လေးသင်းနေသည်။ ဝတ်မှုန်များ ပေါက်ကွဲ၍ ပန်းခိုင်ရှိသရက်ပွင့်များ စေးကပ်ကပ်ရှိနေပြီ။ ဝတ်မှုန်ကူးရန် အင်းဆက်တွေ လာကြပြီ။ ဝတ်မှုန်ကူးပျားတွေလည်း လာသလိုဂရုပြုရမည်က ဝတ်မှုန်ကူးသော်လည်း အပင်စုပ်ပိုး၊ အင်းဆက်၊ ယင်ဖြူ၊ လှေးပိုး၊ ပျပိုးများကျခဲ့လျှင် အပွင့်ခိုင်များ ညှိုးကုပ်၊ ညှိုးခြောက်သွားတတ်သည်။ ပျသည် ပျက်စီးမှုနည်းသည် ဆိုနိုင်သော်လည်း ဗိုင်းရပ်စ်ရောဂါကျနိုင်သည်။ အဆိုးဆုံးမှာလှေးပိုးဖြစ်သည်။ ပန်းပွင့်များကြွေကျသည်။ ခက်သည်က ပိုးသတ်ဆေးဖျန်း၍ အခြားသောဝတ်မှုန်ကူး အကျိုးပြုပိုးများ မလာဖြစ်တတ်သည်။ 

➡️သရက်ပွင့်ချိန်တွင် ပိုးသတ်ဆေးဖျန်းရန် မသင့်ဟု မန္တလေးက သရက်ကျွမ်းကျင်သူ မိတ်ဆွေကြီးများက ပြောဖူးသည်။ အင်းဆက်နှင့် ဝတ်မှုန်ကူးသည်က လေထက်ပိုကောင်းသည်။ ထို့ကြောင့် ပန်းမပွင့်ခင် ဆေးဖျန်းကြသည်။ ပန်းပွင့်ရန်အပင်က အားယူချိန်ကာလ နိုဝင်ဘာ၊ ဒီဇင်ဘာဖြစ်စေ ပြုလုပ်ကြသည်။ သရက်သည် အခိုင်လိုက် ပန်းပွင့်သည်။ အဖိုပွင့်နှင့်အတူ လိင်စုံပွင့်ရှိသည်။ သရက်ပန်းပွင့်ရန် အပင်ဟော်မုန်းများနှင့်သက်ဆိုင်နေသည်။ ထို့ကြောင့် ဆေးကူရသည်။ ပိုတက်စီယမ်နိုက်ထရိတ်၊ ယမ်းစိမ်း ဖျန်းကြ၊ အီသလင်းဟော်မုန်း ဖျန်းကြ၊ အခြားသင့်တော်ဆေးများ ဖျန်းကြရ၍ ဒေသရှိ သရက်စိုက်ပျိုးသူများအသင်းက ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေး ပြုလုပ်ပေးသင့်သည်။ 

➡️မိုးရိပ်တက်၊ မိုးအုံ့လျှင်သရက်ပင်များ ပြဒါးကျလာပြီး အပွင့်၊ အသီးကြွေတာ၊ ပျက်စီးတာရှိတတ်ကြောင်း သရက်ခြံရှင်များပြောစကားကိုလည်း သရက်ပွင့်ချိန်သတိရမိပါတော့သည်။

ကိုရဲ(စိုက်ပျိုးရေး) ၊ မြန်မာတောင်သူကြီးများဂျာနယ်။