menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သရက်စိုက်ပျိုးသူများ မျိုးယူမမှားကြစေရန်…..။
ယခုအခါ လယ်ယာသီးနှံများ ဈေးနှုန်းကျဆင်း၊ ဈေးကွက်ပျက်ယွင်းလာသည်နှင့်အမျှ တောင်သူလယ်သမား၊ စိုက်ပျိုးရေးသမား အများစုသည် နှစ်ရှည်သီးနှံများဖက်သို့ အာရုံစိုက်လုပ်ဆောင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ထိုနှစ်ရှည်ပင်များအနက် မိမိပတ်ဝန်းကျင်ရှိ သရက်စိုက်တောင်သူများ သရက်ပင်မျိုးယူ ရွေးချယ်စိုက်ပျိုးကြရာတွင် မှားယွင်းနေမှုများကို တွေ့မြင်နေရသဖြင့် ဤစာကိုရေးမိပါသည်။
စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါစသည့် လယ်ယာသီးနှံများ မျိုးယူ၊ မျိုးရွေးမှားယွင်းပါက အချိန်အားဖြင့် တစ်နှစ်တစ်ရာသီသာ ဆုံးရှုံးမှုရှိပြီး လုပ်အားနှင့်ငွေကြေး ဆုံးရှုံးမှုမှာလည်း နည်းပါးပါသည်။ နှစ်ရှည်ပင်များ မျိုးယူ၊ မျိုးရွေးမှားယွင်းပါက အချိန်ကာလဆုံးရှုံးမှု ကြီးမားသလို၊ လုပ်အားနှင့်ငွေကြေး ဆုံးရှုံးမှုမှာလည်း များပြားပါသည်။
သရက်စိုက်ပျိုးသူများသည် မိမိတို့အကြိုက်ကိုယ်စီဖြင့် ကိုင်းဆက်ပျိုးပင်(Grafting)များကို ဝယ်ယူ၍သော်လည်းကောင်း၊ မိမိကိုယ်တိုင် ဆောင်ရွက်၍သော်လည်းကောင်း စိုက်ပျိုးနေသူများ ရှိသကဲ့သို့ အစေ့ပျိုးပင်(Seedling)များကို ဝယ်ယူ၍သော်လည်းကောင်း၊ မိမိကိုယ်တိုင် ပျိုးထောင်၍သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြပါသည်။
ကိုင်းဆက်ပျိုးပင်များကို စိုက်ပျိုးကြရာတွင် စိန်တလုံးအစေ့ပျိုးပင်ပေါ် စိန်တလုံးမျိုးကိုင်းကူးဆက်ခြင်း၊ ရွှေဟင်္သာအောက်ခံပင်ပေါ် ရွှေဟင်္သာမျိုးကိုင်းကူဆက်ခြင်းစသည့် မျိုးတူအောက်ခံပင်ပေါ် မျိုးတူမျိုးကိုင်းကူးဆက် စိုက်ပျိုးနေကြခြင်းသည် ကိုင်းဆက်မျိုးပွားစိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်နှင့် လုံးဝသွေဖီ မှားယွင်းလျက်ရှိပါသည်။
ကိုင်းကူးဆက်မျိုးပွါး စိုက်ပျိုးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိစိုက်ပျိုးမည့်ပျိုးပင်သည် အောက်ခံပင်၏ ကြမ်းတမ်းသော ရာသီဥတုဒဏ် ခံနိုင်ရည်ရှိခြင်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ဒေသ၏ ရေမြေရာသီဥတုနှင့် ကိုက်ညီမှုရှိခြင်းစသည့် အရည်အချင်းကောင်းများကို ရရှိစေပြီး၊ မျိုးကိုင်း၏ အထွက်ကောင်းခြင်း၊ အလုံးလှခြင်း၊ အရောင်လှခြင်း၊ အနံ့မွှေးခြင်း၊ အရသာရှိခြင်းစသည့် အရည်အသွေးကောင်းများကို ရရှိနိုင်စေရန်ဖြစ်ပါသည်။
ဆိုလိုသည်မှာ မျိုးတူအောက်ခံပင်နှင့် မျိုးတူမျိုးကိုင်းကို ကိုင်းဆက်စိုက်ပျိုးခြင်းအားဖြင့် အောက်ခံပင်မှရရှိမည့် အကျိုးကျေးဇူးများမပါဝင်သည့် ပျိုးပင်ကိုစိုက်ပျိုးနေကြခြင်း ဖြစ်သဖြင့် ကိုင်းဆက်စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်ကို လုံးဝပျက်စီးစေပါသည်။ အမှန်တကယ် ဆောင်ရွက်ကြရမည်မှာ အောက်ခံအစေ့ပျိုးပင်ကို မိမိဒေသရှိ အသီးအရည်အသွေးညံ့ဖျင်းသော်လည်း ပြုစုမှုမရှိဘဲ သဘာဝအတိုင်း ကောင်းစွာဖြစ်ထွန်းနေသည့် ဒေသခံအပင်မျိုးကို ရွေးချယ်ပျိုးထောင်ပြီး နှစ်သက်ရာမျိုးကို မျိုးကိုင်းထား၍ ကိုင်းဆက်ကြရမည် ဖြစ်ပါသည်။
ထို့အပြင် ပျိုးပင်ထုတ်လုပ် ရောင်းချနေသူအချို့သည် မျိုးပွါးရန်အလွယ်ကူဆုံးဖြစ်သည့် အပင်ပေါ်တွင် မြေထုပ်စည်း မျိုးပွါးနည်းကိုအသုံးပြု၍ ပျိုးပင်ထုတ်လုပ်ရောင်းချနေကြသဖြင့် ပြန်လည်စိုက်ပျိုးမည့် မသိနားမလည်သူများ များစွာထိခိုက်နစ်နာကြရပါသည်။ မြေထုတ်စည်းမျိုးပွါးခြင်းဖြင့် ရရှိလာသောပျိုးပင်သည် ရေသောက်မြစ်အဖွဲ့အစည်း မပါဝင်ဘဲ မူခြားမြစ်အဖွဲ့အစည်းသာ ပါဝင်သဖြင့် အပင်ငယ်နှစ်တိုပင်များအတွက် အရေးမကြီးသော်လည်း အပင်ကြီးမျိုးနှစ်ရှည်ပင်များအတွက်မူ များစွာထိခိုက်နစ်နာစေနိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးသူများအနေဖြင့် ပျိုးထုပ်/ပျိုးပင် ဝယ်ယူသည့်အချိန်တွင်ဖြစ်စေ၊ စိုက်ပျိုးသည့်အချိန်တွင်ဖြစ်စေ ပျိုးပင်တွင် ရေသောက်မြစ်ပါ/မပါ စစ်ဆေးကြည့်ပြီးမှ စိုက်ပျိုးကြရန် အထူးအရေးကြီးပါသည်။
အစေ့မှမျိုးပွါးစိုက်ပျိုးကြသူများ သိရှိရန်လိုအပ်သည်မှာ သရက်မျိုးများတွင် အစေ့တစ်စေ့မှ တစ်ပင်သာပေါက်သည့်မျိုးများ (Monoembryonic Varieties)နှင့်၊ အစေ့တစ်စေ့မှ တစ်ပင်ထက်ပို၍ အပင်ပေါက်သည့်မျိုးများ (Polyembryonic Varieties) ရှိသည့်အကြောင်း ဖြစ်ပါသည်။ အိန္ဒိယမျိုးများဖြစ်သည့် တစ်စေ့မှတစ်ပင်ပေါက်သည့်မျိုးသည် မိဘအပင်နှင့်တူညီရန် မသေချာသဖြင့်လည်းကောင်း၊ အရှေ့တောင်အာရှ မျိုးများဖြစ်သည့် တစ်စေ့မှတစ်ပင်ထက်ပို၍ပေါက်သော မျိုးများတွင် တစ်စေ့မှပေါက်လာသမျှအပင်များအနက် ကြီးထွားမှုအနည်းဆုံးနှင့် အလှီဆုံးအပင်သည် မိဘပင်နှင့်တူညီရန် မသေချာသဖြင့်လည်းကောင်း ရွေးချယ်စိုက်ပျိုးတတ်ရန် အထူးအရေးကြီးပါသည်။ မဖြစ်မနေဝယ်ယူစိုက်ပျိုးရမည် ဆိုပါကလည်း အသန်မာဆုံးနှင့် ကြီးထွားမှုအကောင်းဆုံး ပျိုးပင်များကို ရွေးချယ်ဝယ်ယူစိုက်ပျိုးကြရန် အကြံပေးရမည် ဖြစ်ပါသည်။ (နှစ်ချို့ပျိုးပင်များကိုမဆိုလိုပါ)
အစေ့တစ်စေ့မှ အပင်ငယ်တစ်ပင်သာ အပင်ပေါက်သည့် သရက်မျိုးများ ( Monoembryonic Varieties )
---------------------------------------
အစေ့တစ်စေ့မှ အပင်ငယ်တစ်ပင်သာပေါက်သည့် သရက်မျိုးစေ့တွင် အစေ့ရွက်(Cotyledone) နှစ်ခုပါဝင်ပြီး၊ အမဥနှင့် အဖိုဝတ်မှုန်တို့ ဝတ်မှုန်ကူးသန္ဓေအောင်ကာ ရရှိလာသည့် မျိုးစေ့ဖြစ်သည့်အတွက် ထိုမျိုးစေ့ကို စိုက်ပျိုးရရှိလာသည့်အပင်မှ သီးလာသောအသီးများသည် မိခင်အပင်နှင့်တူညီရန် မသေချာပါ။ ဤအုပ်စုဝင် သရက်မျိုးများကို မိခင်အပင်နှင့်တူညီသော အပင်များ ရယူစိုက်ပျိုးရန်အတွက် လိင်မဲ့မျိုးပွါးနည်း (ကိုင်းကူးကိုင်းဆက်နည်း) များဖြင့် မျိုးပွါးစိုက်ပျိုးရပါမည်။ ဤအုပ်စုဝင်မျိုးများမှာ အသီးအရောင် ပန်းရောင်မှအနီရောင်စသည့် အရောင်ရင့်များဖြစ်ကြပြီး ရောဂါဒဏ်ကို ကောင်းစွာခံနိုင်ရည် မရှိကြပါ။ ထင်ရှားသော သရက်မျိုးများမှာ အပူလျော့ပိုင်းဒေသမျိုးများ (တနည်းအားဖြင့်) အိန္ဒိယမျိုးများဖြစ်သည့် Keitt,Kent,Irwin,Alphonso တို့ဖြစ်ကြပါသည်။
အစေ့တစ်စေ့မှ အပင်ငယ်အများ အပင်ပေါက်သည့် သရက်မျိုးများ ( Polyembryonic Varieties )
-------------------------------------
ဤအုပ်စုဝင် သရက်မျိုးများ၏ အစေ့များတွင် အစေ့ရွက်များသည် အပိုင်းပိုင်းဖြစ်နေကြပါသည်။ များသောအားဖြင့် အစေ့တစ်စေ့မှ အပင်ငယ်နှစ်ပင်မှ လေးပင်အထိ ပေါက်လာလေ့ရှိပါသည်။ ပေါက်လာသည့် အပင်ငယ်များထဲတွင် အပင်ငယ်တစ်ပင်မှာ ဝတ်မှုန်ကူးသန္ဓေအောင်၍ ရရှိလာသည့်အပင်ငယ်ဖြစ်ကာ မိခင်အပင်နှင့် အရည်အသွေး လက္ခဏာများ တူညီမှုမရှိနိုင်ပါ။ ကျန်အပင်ငယ်များမှာ မိခင်ပင်၏ နယူဆဲလပ်တစ်သျှူး (Nucellus tissue)မှ ဖြစ်လာကြသည့်အတွက် မိခင်အပင်၏ အရည်အသွေး လက္ခဏာများနှင့် တူညီကြပါသည်။
ဝတ်မှုန်ကူး၍ရရှိလာသည့် အပင်ငယ်မှာ ကျန်အပင်ငယ်များထက် အပင်အရွယ်သေးငယ်ကာ ကြီးထွားမှုနှေးကွေးသဖြင့် နှုတ်ပယ်ထားလိုက်ကာ ကျန်အပင်ငယ်များကိုသာ စိုက်ပျိုးခြင်းဖြင့် မိခင်အပင်နှင့် အရည်အသွေး၊ လက္ခဏာတူအပင်များ ရရှိစေနိုင်ပါသည်။ ဤအုပ်စုဝင် သရက်မျိုးများကို မိခင်အပင်၏ အရည်အသွေးနှင့် လက္ခဏာတူညီသည့် အပင်များရရှိစေရန် လိင်မဲ့မျိုးပွါးနည်းများဖြင့် မျိုးပွါးနိုင်သကဲ့သို့ မျိုးစေ့မှပေါက်လာသည့် အပင်များအနက် နယူဆဲလပ်တစ်သျှူးမှ ပေါက်လာသည့်အပင်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။ ဤသရက်မျိုးအုပ်စုတွင် အပူပိုင်းဒေသ (တစ်နည်းအားဖြင့်) အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံမျိုးများဖြစ်သည့် စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မြကျောက်နှင့် မချစ်စုသရက်မျိုးများ ပါဝင်ပြီး၊ ထိုင်းနိုင်ငံမှ နန့်ဒေါ့မိုင်းမျိုး(Nam Doc Mai)နှင့် ဖိလစ်ပိုင်နိုင်ငံမှ ကာရာဘာအိုမျိုး(Carabao)များ ပါဝင်ကြပါသည်။
အချို့သရက်စပ်မျိုး(Hybrids)များမှ မျိုးစေ့များသည် အစေ့တစ်စေ့မှ အပင်ငယ်တစ်ပင်ပေါက်သည့်မျိုးစေ့နှင့် အပင်ငယ်အများပေါက်သည့် မျိုးစေ့များအဖြစ် တည်ငြိမ်မှုမရှိဘဲ ကွဲထွက်လာနိုင်ပါသည်။ ဤစပ်မျိုးသရက်အုပ်စုတွင် (R2E2) သရက်မျိုးပါဝင်ကာ မျိုးစေ့မှမျိုးပွါးသော် ရရှိလာသည့်အပင်ငယ်များ၏ သုံးပုံနှစ်ပုံသာ မိခင်အပင်၏ အရည်အသွေး၊ လက္ခဏာများနှင့် တူညီကြသဖြင့် မိခင်အပင်နှင့် အရည်အသွေး၊ လက္ခဏာများ တူညီသည့်အပင်ငယ်များ ရရှိစေရန် လိင်မဲ့မျိုပွါးနည်းများဖြင့်သာ မျိုးပွါးစိုက်ပျိုးသင့်ကြပါသည်။
Than Win Agri
Credit to Dr Sein Hla Bo.
Photo : Google