menu

ကွမ်းရွက်စိုက်ပျိုးနည်း


🍃🍃🍃🍃🍃🍃🍃🍃🍃🍃

မြေပြုပြင်ခြင်း
------------
 ကွမ်းခြံအကျယ် စိုက်သူများအနေဖြင့် ကွမ်းခြံတည်မည့်နေရာကို နွားထယ်ထိုး၍ ထွန်တစ်စပ်ဝင်ကာမြေပြင်ကြသည်။ ထို့နောက် အမြင့် (၄) လက်မ အကျယ် (၂) ပေ ရှိ ဘောင်ရှည်များ ပြုလုပ်ကြသည်။ ဘောင်တစ်ဘောင်နှင့် တစ်ဘောင် (၃) ပေခြားသည်။ ဒေသအလိုက်အနည်းငယ်ကွာခြားသည်။ ကွမ်းခြံအကျဉ်း စိုက်သူများ ကွမ်းတိုင် (၅၀ဝ) စိုက်မည့် သူများအနေဖြင့် (၃၀ x ၄၀) ပေ အရွယ်မြေကွက်သာ လိုရာနွားဖြင့် မြေမပြင်နိုင်ဘဲ ပေါက်ပြားဖြင့်ပင် ကွမ်းစိုက်ဘောင်များ ပြုလုပ်ကြသည်။ အမြင့် (၄) လက်မဘောင် ဗျက်အကျယ် (၃) ပေ နှင့် တစ်ဘောင်နှင့် တစ်ဘောင်ခြား တစ်ပေခွဲခြား ပြုလုပ်ထားသည်။ အချို့ ကွမ်းစိုက်သူများသည် နွားချေးဆွေးပင် မထည့်ချေ။ ဓါတ်မြေသြဇာ အနေဖြင့် တီစူပါမြေသြဇာကိုသာ ထည့်ပေးသည်။ အချို့ စိုက်ပျိုးသူများမှာ နွားချေးလည်း ထည့်သည်။ ယခင်က ယူရီးယား ထည့်သည်။ နောက်ပိုင်း သုံးမျိုးစပ် ကွန်ပေါင်းမြေသြဇာများကို သုံးသည်။ ထုံးမှုန့်၊ ဖိုပြာများကိုလည်း ထည့်လေ့ရှိသည်။ ထည့်ပြီးပါက ပေါက်ပြားဖြင့် ရောမွှေသမပြီး ရေဖျန်းကာ (၄-၅) ရက်ကြာ နှပ်ထားသည်။

ကွမ်းစင်ဆောက်ခြင်း
------------------
 ကွမ်းစင်ကို (၇) ပေ အမြင့် ဆောက်လေ့ရှိသည်။ ဝါးလုံးများကိုသာ တိုင်အဖြစ် သုံးလေ့ရှိသည်။ အမိုးအကာကို အုန်းလက်၊ မြက်ခြောက်များ အသုံးပြုသည်။ ပေါ့ပေါ့ပါးပါးပုံစံများ ဖြစ်သည်။ အခိုင်အခံ့ဆောက်ခြင်း မရှိချေ။ ကွမ်းစိုက်တိုင်များကိုလည်း ဝါးလုံးကို ခွဲစိတ်၍ ဝါးခြမ်းပြားများကိုသာ သုံးသည်။ အချို့ မျှင်ဝါးလုံးကို မဖြတ်ဘဲ သုံးသည်။ အမိုးကိုမူ ဝါးလုံးများ ထိပ်တွင် ပြုလုပ်ခြင်း မဟုတ်ဘဲ (၇-၈) ပေ အမြင့်တွင်သာ ပြုလုပ်သည်။ သို့ဖြစ်၍ အချို့ခြံများတွင် ကွမ်းခြံပေါ်၌ ဝါးများ ထိုးထိုးထောင်ထောင် မြင်တွေ့ရခြင်းဖြစ်သည်။

စိုက်ပျိုးခြင်း
----------
 အောက်မြန်မာပြည် ကွမ်းစိုက်ခင်းများတွင် မျိုးအဖြစ် ကွမ်းညွန့်များကို အသုံးပြုကြသော်လည်း အညွန့်ဖြတ်ပိုင်းများသာ ဖြစ်သည်။ မြေထုပ်စီး မျိုးညွန့်များ အသုံးပြုမှု နည်းသည်။ မိမိတို့ စိတ်ကြိုက်ခြံမှ ကွမ်းညွန့်များကို တစ်ပေခွဲ ဖြတ်ယူ၍ စိုက်ပျိုးလေ့ရှိသည်။ 

ကွမ်းစိုက်နည်း နှစ်မျိုး အသုံးပြုသည်ကိုတွေ့ရသည်။ ပထမနည်းမှာ ဘောင်အလျားလိုက် မြောင်း (၂) မြောင်းဖော်သည်။ တစ်မြောင်းနှင့် တစ်မြောင်း တစ်ပေကွာသည်။ မြောင်းအနက် (၃-၄) လက်မ ရှိသည်။ ထို့နောက် မြောင်းတစ်လျှောက် (၁၀-၁၂) လက်မကွာ အမှတ်အသားပြုပြီး ဝါးခြမ်းပြားတိုင်အချို့ ဝါးလုံးများ စိုက်ထူပေးသည်။ ကွမ်းစိုက်ရန် တိုင်များ ဖြစ်သည်။ အချို့ ဝါးခြမ်းပြားတိုင်များ စိုက်ရာတွင် အခြေတွင် တစ်ပေကွာသော်လည်း အပေါ်တွင် တစ်ပေခွဲ ခွာထားသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် လမ်းဖက်သို့ အနည်းငယ် ယိုင်နေသည့် ပုံစံမျိုး ဖြစ်သည်။ ထို့နောက် မြောင်းအတွင်း၌ ကွမ်းညွန့်များကို အရင်းပိုင်း အရွက် နှစ်ရွက်ဖြုတ်၍ မြောင်းအတွင်း အလျားလိုက်ချကာ မြေဖုံးပေးသည်။ နှစ်ဆစ်မြုပ်စိုက်သည့်စနစ် ဖြစ်သည်။ ကွမ်းစင်တိုင်များ၏ တစ်ဖက်သတ် အနေအထားဖြင့် ပြုပေးခြင်း ဖြစ်သည်။ ကွမ်းညွန့် အဖျားပိုင်းကို ခပ်ကွေးကွေး အနေအထားဖြင့် ကွမ်းတိုင်တွင် ငှက်ပျောလျှော်၊ သွင်အူတို့ဖြင့် ကွမ်းညွန့်လေးထောင်မတ်နေသည့် ပုံစံဖြင့် ချည်ပေးသည်။

ဒုတိယနည်းမှာ ကွမ်းစိုက်ရန် ပြင်ထားသောဘောင်ပေါ်တွင် ကန့်လန့်ဖြတ် တစ်ပေကြားမြောင်းများ ဆွဲပါသည်။ မြောင်းများထိပ်တွင် တစ်ပေကြား ကွမ်းတိုင်များ စိုက်ပေးပါသည်။ ထို့နောက် ကွမ်းညွန့်များကို တိုင်နှစ်တိုင်ကြားမြောင်းအတွင်း ယှဉ်ချ၍ နှစ်ဆစ်မြုပ်ကာ မြေဖုံးပါသည်။ ကွမ်းညွန့်လေးကို အနေတော်ကွေး၍ တိုင်တွင်ထောင်ကာလျှော်ကြိုးဖြင့် ချည်ပါသည်။ မြောင်းအတွင်း၌ ကွမ်းညွန့်နှစ်ညွန့်၏ အရင်းပိုင်းသည် အတူယှဉ်တွဲလျက် ရှိနေမည် ဖြစ်ပါသည်။ ကွမ်းညွန့်များ စိုက်စနစ် ကွာခြားသော်လည်း ပင်ကြားတန်းကြား အကွာအဝေးမှာ တစ်ပေသာရှိသည်။ အချို့သော ကွမ်းခြံများတွင် ပင်ကြား (၉) လက်မ ထားသည်လည်း ရှိပါသည်။

အပင်ပြုစုခြင်း
------------
 ဓာတ်မြေဩဇာ အနေဖြင့် ဇီဝတီစူပါမှ တစ်ပါး အခြား ဓာတ်မြေဩဇာများ မသုံးသော ကွမ်းခြံများတွင် ထုံးမှုန့်ပင်လျှင် တစ်ခါတစ်ရံမှ သုံးသည်။ ရေကိုရေဖျန်းပုံးဖြင့် ဖျန်းပေးလေ့ရှိသည်။ ရေသွင်းခြင်း မရှိချေ။ မြေတင်ဘောင်လုံး ပြုလုပ်ပေးသည်။ တစ်ခါတစ်ရံ ရောဂါသတ်ဆေးများ ပက်ဖျန်းတတ်သည်။ ဤကဲ့သို့သော ကွမ်းခြံများသည် ကွမ်းခြံသက် (၃-၄) နှစ် ထားလေ့ရှိသည်။ ဓာတ်မြေဩဇာ သုံးသော ခြံများတွင် ယူရီးယား (၁၅) ပတ်လည် ကွန်ပေါင်း ဓာတ်မြေဩဇာ သုံးလေ့ရှိသည်။ မျိုးညွန့်များကို စထရက်တိုမိုက်စင် (Streptomycin) လူထိုးဆေးများကို အရည်ဖျော်၍ ကွမ်းညွန့်များစိမ်၍ စိုက်တတ်သည်။ ရွက်ဖျန်းမြေဩဇာများကိုလည်း ပက်ဖျန်းတတ်သည်။ ရောဂါသတ်ဆေးများကို ပုံမှန်နီးပါး ပက်ဖျန်းပေးသည်။ ရောဂါအကျများသည့် သဘောရှိသည်။ နွေရာသီရောက်သည်နှင့် ကွမ်းခြံကို ဖျက်၍ နောက်နှစ်တွင် စိုက်ရန်တိုင်များတန်းများကို သိမ်းထားပြီး ကွမ်းခြံနေရာကိုကောက်ရိုးဖြန့်၍ မီးရှို့ပစ်လေ့ရှိသည်။ ဤသို့သော ခြံမျိုးသည် ကွမ်းခြံသက် တစ်နှစ်ပင် အထားမခံချေ။ အချိန်တိုတိုနှင့် ကွမ်းရွက်များများ ထုတ်ယူသည့် စနစ်မျိုးဖြစ်သည်။ ကွမ်းစိုက်ဘောင်တွင် သစ်ရွက်များဖြန့် ဖုံးထားသော ဓလေ့ရှိတတ်သည်။ အချို့ကုက္ကိုရွက်ဖြင့် ဖုံးသည်။ အချို့တောဓညင်းရွက်ဖြင့်ဖုံးသည်။

ကျရောက်တတ်သောပိုးမွှား ရောဂါများ
----------------------------------
 ပိုးမွှားများ မကျသလောက် ဖြစ်သည်ဟုဆိုသည်။ ဓာတုဗေဒ ပိုးသတ်ဆးများ မသုံးကြချေ။ ဆေးရွက်ကြီး၊ ထုံးမှုန့်တို့ကိုသာ သုံးလေ့ရှိသည်။ ရောဂါအနေဖြင့် ရိုးမဲဆစ်ပြုတ်ရောဂါ၊ ကြက်တူရွေးမျက်စေ့ရောဂါများ ကျတတ်သည်။ ခြံလုံးပြုတ်သည်အထိ ဖြစ်ခဲသည်ဟုဆိုသည်။ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်၍ အရိပ်အရောင်တွေ့ပါက နှုတ်ယူမီးရှို့ဖျက်ဆီး ပစ်ကြခြင်းကြောင့် ဖြစ်သည်။ အချို့သော ခြံများတွင်မှိုသတ်ဆေး အနည်းငယ် သုံးစွဲကြသည်။

ကွမ်းရွက်ခူးယူခြင်း
----------------
 ကွမ်းရွက်ခူးယူခြင်းမှာ (၁၅) ရက်တစ်ပတ် ခူးကြသည်။ ပဉ္စမမြောက်အရွက်ကို ခူးယူကြသည်။ မူလပင်မကြီးမှ အရွက်များကိုလည်း ခူးယူတတ်ကြသည်။

ကွမ်းခွေခြင်း
-----------
 ခြံသက်တစ်နှစ်သာ ထားသောခြံများသည် ကွမ်းခွေခြင်း လုပ်လေ့လုပ်ထမရှိချေ။ အချို့သောခြံများနွေရာသီ ကွမ်းခြံဖျက်ချိန်တွင် မဖျက်ဘဲ ရေလောင်းမြေဩဇာကျွေး၍ မျိုးညွန့် ထုတ်လုပ်တတ်ကြသည်။ ခြံသက် (၃-၄) နှစ်ထားသောခြံများ ကွမ်းခွေခြင်း ပြုလုပ်ကြလေ့ ရှိသော်လည်း ကွမ်းပင်စည်ကို ကွမ်းတိုင်ခြေရင်းတွင်ခွေ၍ ချထားရုံသာ ချထားသည်။ မြေဖုံးခြင်းမရှိပေ။ အပင်ရှည်နေ၍ခွေချထားသည့်သဘော ဖြစ်သည်။

Sources : စိုက်ပျိုးရေး ဦးစီးဌာန