menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
လောင်းကစားသီးနှံနှင့် မိုးကြိုထယ်ရေး။
မြန်မာပြည်မှာ စိုက်ဧရိယာများသလောက် အောင်ဧရိယာနည်းတာကတော့ မရေရာ မသေချာလို့ လောင်းကစားသီးနှံလို့ ခေါ်ဆိုနေကြတဲ့ (တနည်း) ပုတ်ထဲရောက်မှ ကိုယ့်ဟာလို့ ဆိုစမှတ်ပြုကြတဲ့ မိုးဦးနှမ်းလျင်သီးနှံ ဖြစ်ပါတယ်..
“ မရတစ်ဆုပ်၊ ရတစ်ပုတ် “ “ မှန်းချက်နဲ့၊ နှမ်းထွက်မကိုက် “ “ အထဆုံး ငုံးတစ်ဝပ်၊ သီးတော့ နှစ်လုံးပြွတ်၊ နုတ်တော့ ဖင်တရွတ်၊ ရတော့ တစ်ဆုံပွတ် “ “ ကျောက်စရစ်ကုန်း နွားခွာတုံး၊ သုံးတင်းကြဲမှ တစ်စိတ်ရ “
ဒါတွေကတော့ နှစ်စဉ်အတွေ့အကြုံများအရ ရှေးလူကြီးများ ရင်နာနာနဲ့ထားခဲ့ကြတဲ့ မိုးဦးနှမ်းလျင်သီးနှံရဲ့ ဂုဏ်ပုဒ်ဆိုရိုးစကားတွေပဲ ဖြစ်ပါတယ်..
မြန်မာပြည်မှာ မိုးဦးနှမ်းလျင်သီးနှံကို မြေလတ်ဒေသနဲ့ အညာဒေသများဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းရဲ့ သဲဆန်မြေများ၊ ကျောက်စရစ်ရောမြေများနဲ့ မညီညာတဲ့ ကုန်းစောင်းမြေများမှာ မေလအတွင်း အများဆုံးစိုက်ပျိုးကြပါတယ်.. အစိုဓာတ်မထိန်းနိုင်တဲ့ သဲမြေ၊ ကျောက်စရစ်ရောမြေများ ဖြစ်တာကြောင့် အပင်ပေါက်ပြည့်စုံအောင်မရခြင်း၊ ပေါက်လာတဲ့အပင်များ ကုန်းစောင်းဖြစ်တာကြောင့် ဇွန်လမိုးနဲ့ တိုက်စားပျက်စီးခြင်း၊ အသီးအပွင့်ဝင်ချိန် ဇူလိုင် မိုးခေါင်လနဲ့တွေ့ပြီး သေကျေပျက်စီးခြင်းများနဲ့ တွေ့ကြုံကြရပါတယ်..
နှမ်းသီးနှံဟာ အလွန်နုညံ့တဲ့သီးနှံဖြစ်ပြီး မိုးများလဲမခံနိုင်၊ မိုးခေါင်လဲမခံနိုင်၊ သက်တမ်းတစ်လျှောက် မနည်းမများ မိုးဖွဲဖွဲကလေးများ စဉ်ဆက်မပြတ် ရွာပေးနေမှ ကြိုက်နှစ်သက်ပါတယ်.. နောက်ပြီး အစိုဓာတ်လိုအပ်မှုဟာ အပင်ပေါက်ချိန်မှ ပထမဆုံးအဖူးဝင်ချိန်အထိ ၃၄%၊ ပန်းအများဆုံးပွင့်ချိန်အထိ ၄၅%၊ ရင့်မှည့်ချိန်အထိ ၂၁% ဖြစ်တဲ့အတွက် သက်ရက် ၄၅ ရက်သား (ပန်းဖြိုင်ဖြိုင်ပွင့်ချိန်)ဟာ အစိုဓာတ်အများဆုံး လိုအပ်တာဖြစ်လို့ အဲဒီအချိန်ကို မိုးခေါင်တဲ့ ဇူလိုင်လထဲမရောက်အောင် စိုက်ချိန်ကိုမေလဆန်းပိုင်း အတွင်းဖြစ်စေဖို့ နည်းလမ်းရှာကြံ ကြိုးစားကြရမှာ ဖြစ်ပါတယ်..
မိုးဦးနှမ်းလျင်သီးနှံရဲ့ မရေရာမသေချာတဲ့ လောင်းကစားသီးနှံ (Gambling crop)ဖြစ်ရခြင်း အဓိကအကြောင်းရင်းဟာ စိုက်ပျိုးချိန် လွဲမှားမှုကြောင့်လို့ ထင်မြင်ယူဆမိပါတယ်..
ရှေးတောင်သူကြီးများကတော့ သူတို့ရဲ့အတွေ့အကြုံ၊ သူတို့ခေတ်ရဲ့ မှန်ကန်တဲ့ရာသီဥတုအပေါ် အခြေခံပြီး မိုးဦးနှမ်းလျင်သီးနှံရဲ့ အကောင်းဆုံးစိုက်ချိန်တွေကို အောက်ပါအဆိုများနဲ့ ဆိုစမှတ်ပြု၊ မှတ်တမ်းပြုခဲ့ကြပါတယ်..
“ ဝါကဆုန်၊ နှမ်းနယုန် “
“ ဆက်ရက်(ဇရက်)သားလိုက်၊ နှမ်းမစိုက်နှင့် “
“ ဆက်ရက်သားခွဲ၊ နှမ်းမကြဲနှင့် “
ရှေးတောင်သူကြီးများရဲ့ အဆိုအမိန့်မှတ်တမ်းများအရ မိုးဦးနှမ်းလျင် အကောင်းဆုံးစိုက်ပျိုးချိန်ဟာ မြန်မာနှစ်သစ်ကူးပြီး (၄၅)ရက်မြောက်တဲ့ ရက်ပိုင်းဖြစ်ပြီး၊ (ဝါကဆုန်၊ နှမ်းနယုန်) နဲ့ (ဆက်ရက်သားလိုက်၊ နှမ်းမစိုက်နှင့်) ဆိုစကားတွေအရ နယုန်လပြည့်အတွင်း အပြီးစိုက်ရန်နဲ့ ဆက်ရက်များသားလိုက်တဲ့ နယုန်လပြည့်ကျော်ရင် နှမ်းမစိုက်သင့်တော့ကြောင်း သိရှိနိုင်ပါတယ်.. ဒါ့အပြင် (ဆက်ရက်သားခွဲ၊ နှမ်းမကြဲနှင့်) ဆိုစကားအရ ဆက်ရက်ငှက်တွေ သားခွဲချိန်ကျရောက်တဲ့ ဝါဆိုလထဲရောက်ရင်တော့ လုံးဝနှမ်းမစိုက်သင့်တော့ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်..
ဒါက ရှေးတောင်သူကြီးများရဲ့ သူတို့ခေတ်၊ သူတို့ရာသီဥတု၊ သူတို့နည်းနာလုပ်ရပ်များနဲ့ အမှန်ကန်ဆုံး မှတ်တမ်းပြုခဲ့ကြတာ ဖြစ်ပါတယ်.. ရာသီဥတုပြောင်းလဲမှု များစွာဖြစ်လာတဲ့ ဒီခေတ်၊ ဒီရာသီဥတုမှာ သူတို့အဆိုအမိန့်ကို လိုက်နာပြီး သူတို့နည်းနာလုပ်ရပ်အတိုင်း စိုက်ပျိုးနေကြလို့ နှမ်းလျင်ဟာ လောင်းကစားသီးနှံ ဖြစ်နေရတာလို့ ယူဆမိပါတယ်..
အခုခေတ်မှာတော့ အညာနဲ့မြေလတ်ဒေသမှာ သြင်္ကန်အပြီး ဧပြီလကုန်နဲ့ မေလဆန်းမှာ ပျံကျမိုး၊ မုန်တိုင်းမိုးများရွာတတ်ပြီး မေလနောက်ဆုံး(၁၀)ရက်ပတ်လောက်ရောက်မှ မုတ်သုန်မိုးစရွာတတ်ပါတယ်.. ဇွန်လတစ်လလုံး မုတ်သုန်မိုး မှန်မှန်ရွာပြီး ဇူလိုင်လတစ်လလုံး လေတစ်ဖြူးဖြူးနဲ့ မိုးခေါင်ပါတော့တယ်.. ဒါကြောင့် ဇူလိုင်လကို July drought လို့ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်..
ရှေးအစဉ်အလာအတိုင်း နယုန်လပြည့်မတိုင်မီ (မေလကုန်နဲ့ ဇွန်လဆန်း)မှာ စိုက်ပျိုးကြမယ်ဆိုရင်တော့ ဇွန်လတစ်လလုံး မုတ်သုန်မိုးနဲ့ အပင်ကောင်းစွာ ဖြစ်ထွန်းပြီး ဇူလိုင်လရောက်ရင်တော့ အပွင့်၊ အသီးများတန်းလန်းနဲ့ မိုးခေါင်ဒဏ်ခံရပြီး ပျက်စီးရမှာ ဖြစ်ပါတယ်.. ဒီလို ဇူလိုင်လမိုးခေါင်မမိအောင် စိုက်ချိန်ကိုရှေ့တိုးမယ်ဆိုရင်တော့ ဧပြီလကုန်၊ မေလဆန်းမှာရွာတတ်တဲ့ ပျံကျမိုး၊ မုန်တိုင်းမိုးများနဲ့ စိုက်ပျိုးကြရမှာ ဖြစ်ပါတယ်..
ဒီလိုစိုက်မယ်ဆိုရင်လဲ အထက်မှာပြောခဲ့သလို အစိုဓာတ်မထိန်းနိုင်တဲ့ သဲမြေ၊ ကျောက်စရစ်မြေဖြစ်ခြင်း၊ မညီညာတဲ့ ကုန်းစောင်းမြေများဖြစ်ခြင်း၊ ထယ်ရေးထွန်ရေးအခံ မရှိခြင်းများကြောင့် ရွာသမျှမိုးရေများ မြေကြီးအတွင်းစိမ့်မဝင်နိုင်ခြင်း၊ စီးဆင်းရေအဖြစ် ပျောက်ဆုံးခြင်းများကြောင့် မိုးရွာမှထယ်ရေးထွန်ရေးလုပ်မယ်ဆိုရင် ထွန်ရေးထွန်ရေးလုပ်နေစဉ် အချိန်အတွင်းမှာပင် အစိုဓာတ်ပျောက်ဆုံးပြီး အပင်ပေါက်ရန် အစိုဓာတ်မလုံလောက်လို့ နောက်မိုးစောင့်ဆိုင်းရခြင်း၊ မဖြစ်မနေ စိုက်ပျိုးပါရင်လဲ အပင်ပေါက်ညံ့၊ အပင်ပေါက်မစုံခြင်း ပြဿနာများ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်..
ဒီလိုပြဿနာများ မတွေ့ကြုံရဘဲ မုတ်သုန်မိုးထက်စောပြီး ပျံကျမိုး၊ မုန်တိုင်းမိုးများနဲ့ ဧပြီလကုန်မေလဆန်းမှာ စိုက်ပျိုးနိုင်ဖို့အတွက်ဆိုရင် နှမ်းလျင်စိုက်မဲ့မြေကွက်ကို မိုးကြိုထယ်ရေး/ထွန်ရေး (သို့မဟုတ်) နွေထယ်ရေး/ထွန်ရေး မဖြစ်မနေဆောင်ရွက်ထားဘို့ လိုအပ်မှာဖြစ်ပါတယ်..
မိုးကြိုထယ်ရေး (သို့မဟုတ်) နွေထွန်ရေးအဖြစ် ဆောင်းသီးနှံရိတ်သိမ်းပြီးချိန်မှာ လက်ကျန်အစိုဓာတ်နဲ့ ထယ်ထိုးပေးထားခြင်း (သို့မဟုတ်) သြင်္ကန်မတိုင်မီနဲ့ သြင်္ကန်အပြီး ပျံကျမိုးနဲ့မုန်တိုင်းမိုးများမရွာမီ ငါးသွားထွန်ဖြင့် အကြိမ်ကြိမ် ထွန်စိတ်တိုက်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်..
ဒီလိုဆောင်ရွက်ခြင်းဖြင့် ပထမဆုံးမိုးရွာချိန်မှာ မိုးရေများအားလုံး မြေကြီးထဲစိမ့်ဝင်နိုင်ခြင်း၊ စီးဆင်းရေနဲ့ မပျောက်ဆုံးခြင်းများကြောင့် စိုက်ပျိုးရန်အစိုဓာတ်ကို အပြည့်အဝရရှိစေမှာ ဖြစ်တဲ့အတွက် စိုက်ချိန်စောစွာစိုက်နိုင်ကြလို့ အပင်ပေါက်ပြီး (၄၅)ရက်သား (တစ်နည်း) အပွင့်အသီးဝင်ချိန် (တစ်နည်း) အစိုဓာတ် အများဆုံးလိုအပ်ချိန်မှာ မိုးခေါင်ကာလဖြစ်တဲ့ ဇူလိုင်လ(July drought) ကိုရှောင်လွှဲနိုင်ကြမှာ ဖြစ်ပါတယ်.. ဒါအပြင် မိုးကြိုထယ်ရေး၊ နွေထွန်ရေး ကြိုတင်ဆောင်ရွက်ထားခြင်းအားဖြင့်...
- အပေါ်ပိုင်းမြေနဲ့ အောက်ပိုင်းမြေကို ရောနှောပေးခြင်းဖြင့် မြေရှိအာဟာရဓာတ်များ ဖလှယ်မျှတစေခြင်း၊
- အောက်ပိုင်းရှိမြေများကို အပေါ်သို့လှန်ပေးခြင်းဖြင့် မြေတွင်းအောင်းပိုးနဲ့ မြေဆောင်ရောဂါမှိုများကို နေလှမ်းသတ်ပေးခြင်း၊
- သီးနှံပင်အကြွင်းအကျန်၊ ပေါင်းမြက်နဲ့ အမှိုက်သရိုက်များကို မြေအောက်ရောက်စေပြီး ဆွေးမြေ့စေခြင်း၊
- စိုက်ပျိုးမြေကို ထိုးခွဲမှုန့်ညက်စေပြီး မြေတွင်းလေဝင်လေထွက် ကောင်းစေခြင်းဖြင့် ဓာတ်ဂုဏ်သတ္တိ၊ ရုပ်ဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်စေခြင်း၊
စတဲ့အကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါတယ်..
ဒါကြောင့် မရေရာ မသေချာတဲ့ မိုးဦးနှမ်းလျင်သီးနှံကို ရေရာသေချာတဲ့သီးနှံ ဖြစ်စေဖို့အတွက် တောင်သူများအနေနဲ့ မိုးကြိုထယ်ရေး (သို့မဟုတ်) နွေထွန်ရေးလုပ်ဆောင်တဲ့ အလေ့အထကို မဖြစ်မနေဆောင်ရွက်ကြဖို့ လိုအပ်နေပြီလို့ ထင်မြင်ယူဆမိပါတယ်ခင်များ……။
Than Win Agri
Photo : Google