menu

လေ့လာမှတ်သား “နှမ်းသီးနှံ ဖျက်ပိုးများ”


🌿🐛🦗🐜🌿🐛🦗🐜🌿

▪️ နှမ်းသီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ရေမြေရာသီဥတုနှင့်ကိုက်ညီသောမျိုးများရွေးချယ်စိုက်ပျိုးပြီး အစာအာဟာရမှန်ကန်စွာ ထည့်သွင်းပေးနိုင်မှ အရည်အသွေးမြင့် အထွက်နှုန်းကောင်းသော နှမ်းစေ့များ ထွက်ရှိပြီး ဈေးကောင်းရရှိနိုင်ပါမည်။ ထို့အတူ နှမ်းပင်အား ဖျက်ဆီးတတ်သော ရောဂါနှင့် ဖျက်ပိုးများ ရန်မှ ကာကွယ်ပေးရန်မှာ အထူးအရေးကြီးပါသည်။ ထို့ကြောင့် နှမ်းပင်တွင် ကျရောက်ဖျက်ဆီးတတ် သော ဖျက်ပိုးများအကြောင်းကို နှမ်းစိုက်တောင်သူများ သိရှိ၍ ကာကွယ်နှိမ်နင်းနိုင်ပါရန် ရေးသား တင်ပြအပ်ပါသည်။

နှမ်းဖြုတ်ညို .....

▪️ မိုးနှမ်းတွင် မိုးဦးဇွန်လတွင်ကျရောက်လေ့ရှိပါသည်။ အရွက်၏အောက်မျက်နှာပြင်တွင်နေသည်။ ဖြုတ်ပိုးစုပ်စားမှုကြောင့် အပင်ကိုထိခိုက်ပျက်စီးမှုမရှိသော်လည်း နှမ်းဖိုရောဂါဖြစ်စေသော ရောဂါပိုးကို သယ်ဆောင်သောကြောင့် နှမ်းအထွက်ကို ထိခိုက်စေပါသည်။ “နှမ်းဖြုတ်ညို”ကို ကာကွယ်နှိမ်နင်းရန် “အေမီဒါ ၇၀ ဒဗလျူပီ၊ ကေလာ ၂၅ ဒဗလျူပီ” ဆေးများမှ တစ်မျိုးမျိုးကို ကြိုတင်ပက်ဖျန်း နိုင်ပါသည်။ 

နှမ်းသီးလုံးဖောက်ပိုး .....

▪️ နှမ်းစိုက်ပျိုးချိန်ရာသီတလျှောက်လုံးတွင်ကျရောက်ဖျက်ဆီးပါသည်။ နှမ်းသီးတောင့်များကို ထိုးဖောက်၍ နှမ်းစေ့များကို စားသောက် ဖျက်ဆီးသည်။ “နှမ်းသီးလုံးဖောက်ပိုး” ကျရောက်ပါက “အီမာလန်ဒါ ၁၅ ဒဗလျူပီ၊ ရယ်ဒီ ၅၀၅ အီးစီ၊ အက်စ်ဖိတ် ၇၅အက်စ်ပီ” ဆေးများမှ တစ်မျိုးမျိုးကိုအသုံးပြုပေးရပါမည်။ 

ရွက်စုံစားခူဝါ .....

▪️ နှမ်းပင်သက်တမ်းတစ်လျှောက်လုံးတွင် ကျရောက်တတ်သည်။ ဥမှပေါက်ခါစ ပိုးလောက်ကောင်သည် အရွက်ကိုခြစ်စားသဖြင့် အရွက်မှာအစိမ်းရောင်ပျောက်ပြီးဝါကုန်သည်။ ပိုးလောက်ကောင်ကြီးများသည် အရွက်ကို ကိုက်ဖြတ်စားသဖြင့် အရွက်များစုတ်ပြတ်နေပြီး၊ အချို့အရွက်များမှာ ရိုးတံသာကျန်သည်။ အရွက်ပေါ်တွင် ပိုးမစင်များကိုတွေ့နိုင်သည်။ “ရွက်စုံစားခူဝါ” ကျရောက်ပါက “အီမာလန်ဒါ ၁၅ ဒဗလျူပီ၊ ရယ်ဒီ ၅၀၅ အီးစီ” ဆေးများကိုအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ရွက်ထွေးပိုး .....

▪️ သီးကိုင်းထိပ်ဖျားရှိ အရွက်များနှင့် အပွင့်များအား ချည်ဖြင့်ရစ်ပတ်လုံးထွေး၍ အိမ်ဖွဲ့ကာ အတွင်း၌နေထိုင်၍ အရွက်၊ အပွင့်နှင့် အသီးနုများကို စားသောက်ဖျက်ဆီးသည်။ “ရွက်ထွေးပိုး”ကို နှိမ်နင်းနိုင်ရန် အတွက် “ဆိုင်လာ ၂၅ ဒဗလျူပီ၊ အက်စ်ဖိတ် ၇၅ အက်စ်ပီ” ပိုးသတ်ဆေးများကိုအသုံးပြုပေးနိုင်ပါသည်။

နှမ်းဖလံ .....

▪️ မိုးဦးကျစ ဇွန်လမှ အောက်တိုဘာလအထိ ကျရောက်တတ်ပါသည်။ ဥမှပေါက်စလောက်ကောင်မှ နောက်ဆုံးအဆင့်လောက်ကောင်အရွယ်အထိ အရွက်များကိုကိုက်ဖြတ်စားသောက်လေ့ရှိပါသည်။ တစ်ခါတစ်ရံ ရွက်ရိုးသာကျန်ခဲ့သည်။ “နှမ်းဖလံ”အား ကာကွယ်နှိမ်နင်းရန် “အီမာလန်ဒါ ၁၅ ဒဗလျူပီ၊ ရယ်ဒီ ၅၀၅ အီးစီ” ဆေးများကို အသုံးပြုနိုင်ပါသည်။

နှမ်းစုပ်ဂျပိုး .....

▪️ နှမ်းသီးချိန်မှ ရိတ်သိမ်းချွေလှေ့ချိန်အထိကျရောက်တတ်သည်။ အသီးတောင့်များကို ထိုးဖောက်၍ အတွင်းရှိ နှမ်းစေ့များအား စုပ်ယူ စားသောက်သဖြင့် အဖျဉ်းအမှော်များ ဖြစ်ကာအထွက် သိသာစွာ လျော့စေသည်။ အချို့မှာနှမ်းသိုလှောင်ခန်းအထိဆက်လက်ဖျက်ဆီးကြသည်။ ခေါင်းလောင်းဆွဲချိန်တွင် စတင်ဆေးဖျန်းပေးရပါမည်။ “နှမ်းစုပ်ဂျပိုး” ကို နှိမ်နင်းနိုင်ရန် “အေမီဒါ ၇၀ဒဗလျူပီ၊ ဒါဘင် ၄၀အီးစီ၊ ကေလာ ၂၅ဒဗလျူပီ” ဆေးများမှ တစ်မျိုးမျိုးကို အသုံးပြုပေးနိုင်ပါသည်။

နှမ်းကျိုင်းနက် .....

▪️ မိုးနှမ်းများတွင် ဇွန်လမှ စက်တင်ဘာလ အတွင်းကျရောက်လေ့ရှိသည်။ ကျိုင်းကောင်ကြီးသည် အရွက်များကို ကိုက်စားသဖြင့်အရွက်သားများကုန်ပြီး အရိုးသာကျန်ခဲ့သည်။ အရွက်သေးလျှင် အရွက်ဘေးနားတွင် အကွင်းလိုက်ပြတ်နေသည်။ညပိုင်းတွင်ထွက်စားလေ့ရှိသည်။ အရွက်များကိုကိုက်ဖြတ်ခံရမှုများပြားပါက “ဒါဘင် ၄၀ အီးစီ၊ လန်ဒါ ၅ အီးစီ" ပိုးသတ်ဆေး တစ်မျိုးမျိုးကို ဆေးအညွှန်းပါအတိုင်းပက်ဖျန်းပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။

ဖိုးလမင်းကျိုင်း .....

▪️ မြေကြီးထဲတွင်နေ၍ နှမ်းပင်စည်၏ အခေါက်နှင့် အမြစ်များကို ကိုက်ဖြတ်ဖျက်ဆီးသဖြင့် ပင်စည်ကို တစ်ပတ်ရစ်မိပါက တစ်ပင်လုံး ညှိုးသေနိုင်သည်။ “ဒီပါ ၄၆ဂျီ၊ ဖစ်ပရို ၃ ဂျီအာ” ဆေးခဲ တစ်မျိုးမျိုးကို စိုက်ကြောင်းအတွင်းထည့်ပေးခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်သည်။

ပုရစ် .....

▪️ အပင်ပေါက်ပြီး (၇) ရက်ခန့်မှ စတင်ကျရောက် ဖျက်ဆီးသည်။နှမ်းပင်များကို နွားစားထားသကဲ့သို့ ငုတ်တိုဖြစ်အောင် ကိုက်ဖြတ်စားသောက်သည်။ သဲဆန်၍ မြစ်ချောင်းနီးသော စိုက်ခင်းများတွင် ပိုမိုဆိုးရွားသည်။ ညအချိန်တွင် ဖျက်ဆီးလေ့ရှိသည်။ “ဒီပါ ၄၆ဂျီ၊ ဖစ်ပရို ၃ ဂျီအာ” ဆေးခဲ တစ်မျိုးမျိုးကို စိုက်ကြောင်းအတွင်းထည့်ပေးခြင်းဖြင့် ပုရစ်ဖျက်ဆီးခြင်းမှ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

▪️ နှမ်းစိုက်တောင်သူကြီးများအားလုံး ပိုးမွှားကင်းစင်၍ အရည်အသွေးမြင့်အထွက်နှုန်းကောင်းသော နှမ်းစိုက်ခင်းများပိုင်ဆိုင်နိုင်ကြပါစေ။

🌿စစ်မှန် ပြည့်ဝ ဝိစာရ🌿

REF : သီးနှံကာကွယ်ရေးဌာနခွဲ