menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“လက်ဖက်ပင် စိုက်ပျိုးနည်း”
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
၁။ မူရင်းဒေသ
လက်ဖက်စိုက်ပျိုးရာ မူရင်းဒေသများမှာ မြန်မာပြည်မြောက်ပိုင်းဧရာဝတီဖြစ်ဖျားခံရာဒေသ၊ တရုတ် ပြည် နှင့် ဂျပန်ပြည်တို့ ဖြစ်သည်။
၂။ လက်ဖက်မျိုးများ
စိုက်ပျိုးဖြစ်ထွန်းသော နေရာဒေသအလိုက် သုံးမျိုးခွဲခြားထားပါသည်။
(က) တရုတ်လက်ဖက်
(ခ) အာသံလက်ဖက်
(ဂ) အင်ဒိုချိုင်းနားလက်ဖက်
တရုတ်လက်ဖက်မျိုးကို ရှမ်းပြည်နယ်တွင်စိုက်ပျိုးပြီး အပင်ပု၍အရွက်သေးကာချုံပုတ်သဏ္ဍန်ဖြစ်သည်။ အရွက်မှာ အစိမ်းရင့်ရောင်ဖြစ်ပြီး အထွက်နှုန်းနည်းသည်။ အာသံလက်ဖက်မျိုးသည် အပင်ငယ်သဏ္ဍန် ဖြစ်ပြီး အမြင့် (၃၀-၄၅)လက္မရှိကာ အရွက် အရွယ်အစား ကြီးမား၍ ရွက်ကြော ထင်ရှားစွာတွေ့ရသည်။ အင်ဒိုချိုင်းနား လက်ဖက်မျိုးသည် အာသံလက်ဖက်ထက်ထူပြီး အရွက်သည် အဝါ သို့မဟုတ် အစိမ်းပျော့ရောင်ရှိသည်။
၃။ စိုက်ပျိုးသည့်ဒေသများ
ရှမ်းပြည်နယ်တွင် ကျောက်မဲ၊ နမ့်စန် ၊ ပင်လောင်း ၊ ပင်းတယ၊ မိုင်းကိုင် နှင့် မိုင်းရှူး မြို့နယ်များတွင် အများအပြားစိုက်ပျိုးပြီး ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် ချင်းပြည်နယ်တို့တွင် အနည်းငယ်စီစိုက် ပျိုးကြောင်းတွေ့ရပါသည်။
၄။ ရေမြေ ရာသီဥတု
ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၄,၀၀၀ မှ ၆,၀၀၀ ကျော် ရှိသည့်ဒေသများ၊ မိုးရေချိန် လက်မ ၆၅ မှ ၈၅ လက်မ အပူချိန် ပျှမ်းမျှ ၈၅ ဒီဂရီဖာရင်ဟိုက်၊ မြေသားထူ၍ မြေချဉ်ငန်ဓာတ် (၄.၅ မှ ၆) အထိရှိပြီး ရေမဝပ်သည့် တောင်ပေါ်မြေနီများကို နှစ်သက်သည်။
၅။ မြေပြုပြင်နည်း
လက်ဖက်စိုက်ပျိုးရန်အတွက် သစ်တောများကို ဒီဇင်ဘာလအတွင်း ခုတ်ထွင်ရှင်းလင်း၍ မတ်လတွင် မီး ရှို့ပါသည်။ ၎င်းနောက် တစ်တန်း နှင့် တစ်တန်း ငါးပေအကွာ ပန္နက်များရိုက်ပါ။ ကျင်းများကို ၁၂ လက်မ အကျယ်၊ ၁၈ လက်မအနက်တူးပါ။ ၎င်းကျင်းများကိုနွားချေး၊ မြေဆွေးတစ်ဝက် နှင့် အပေါ်ယံမြေဆွေး တစ်ဝက်ရောထားသောမြေဖြင့်လည်းဖြည့်ပါ။
၆။ ပျိုးထောင် မျိုးပွားခြင်း
လက်ဖက်ကို မျိုးစေ့မှဖြစ်စေ၊ ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းများနှင့်ဖြစ်စေ မျိုးပွားနိုင်ပါသည်။ မျိုးစေ့မှ ပျိုးထောင်နည်းတွင် ဆွတ်ခူးပြီးလက်ဖက်မျိုးစေ့များကို တစ်ပတ်အတွင်းပျိုးပါ။ မျိုးစေ့ကို ရက်ပေါင်းများစွာ သိုလှောင်ထားပါက အပင်ပေါက်ညံ့သွားတတ်ပါသည်။ လက်ဖက်ပျိုးဘောင် (သို့မဟုတ်) သေတ္တာများတွင် သန့်ရှင်းလတ်ဆတ်သည့် သဲမြေများထည့်ပေးရသည်။ လက်ဖက်စေ့များ ကို တစ်စေ့ နှင့် တစ်စေ့ တစ်လက်မအကွာ၊ တစ်တန်း နှင့် တစ်တန်း လေးလက်မ အကွာထား၍ မျိုးစေ့ ချပါ။ သဲမြေဖြင့် အစေ့မြှုပ်ရုံဖုံး၍ အပေါ်မှကောက်ရိုးများဖြင့် ဖုံးအုပ်ပေးထားပြီး ရေဝသည့်တိုင် လောင်းပါ။ ပျိုးဘောင်များကို အရိပ်ပြုလုပ်ပေးရန်လိုပါသည်။ ပျိုးပင်ကလေးများ ပေါက်လာသည့်အခါတွင် ပလပ်စတစ်ပျိုးအိတ်အတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုးရသည်။ လက်ဖက်ပင်ပိုင်းဆိုင်ရာမျိုးပွားနည်းဖြင့် မျိုးပွားမည်ဆိုပါက အထွက်နှုန်းကောင်းသော လက်ဖက်ပင်ကို ရွေးကာ ခြောက်လကြိုတင်၍ ကိုင်းဖြတ်ပေးရမည်။ မျိုးယူမည့်ကိုင်းမှ လက်ဖက်ကို မခူးမိစေရန် အထူး အရေးကြီးပါသည်။ ကိုင်းဖြတ်ပြီးခြောက်လအကြာတွင် သန်မာသော မျိုးကိုင်းသစ်များထွက်လာပြီး ထိုမျိုးကိုင်းမှ နုလွန်းသောအပိုင်းကိုပယ်ကာ မကျိုးလွယ်သောကိုင်းကိုရွေးရမည်။ ကိုင်းဖြတ်ရာတွင် အဆစ်အောက်ကပ်လျက်စောင်းဖြတ်ပြီး အဆစ်အထက် လက်မဝက်ခန့်အမြင့်တွင် အတည့်ဖြတ်ပေး ရ၍ မြေဆွေးထည့်ထားသောအိတ်တွင် ပျိုးနိုင်သည်။ အပင်ငယ်(၁၀) လက်မခန့်ရှိလျှင် စိုက်ခင်းသို့ ရွှေ့ စိုက်နိုင်ပါသည်။
၇။ စိုက်ပျိုးခြင်း
ပျိုးပင်သက်တမ်း တစ်နှစ်မှ နှစ်နှစ်သားအရွယ် မေ၊ ဇွန်လများတွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ လက် ဖက်စိုက်ရန်မြေကို မြေဆီသြဇာတက်စေရန် ပဲမျိုးရင်းဝင်အပင်များစိုက်ထားသင့်သည်။ တောင်စောင်း များတွင်စိုက်မည်ဆိုပါက စိုက်တန်းများကို ၄ပေ × ၂ပေ ကွန်တို စိုက်တန်းဖော်၍ စိုက်ရန်ဖြစ်ပါသည်။ ကျင်းကို ၁.၅ပေ တူးကာ စိုက်ပျိုးနိုင်ပြီး ကျင်းအကျယ်ကို ထိပ် ကိုးလက်မ၊ အောက်ခြေ ခြောက်လက်မ အကျယ်ထား၍ စိုက်နိုင်ပါသည်။
၈။ မြေသြဇာကျွေးနည်း
လက်ဖက်ပင်ကို စိုက်ခင်းအတွင်းစိုက်ပြီးနောက် (၄၅) ရက်သားအတွင်း အမြစ်စွဲပြီးဖြစ်၍ မြေသြဇာ စတင်ကျွေးနိုင်ပါသည်။ နိုက်ထရိုဂျင်အဓိကလိုအပ်သည့်အတွက် ယေဘုယျအားဖြင့် တစ်ဧကလျှင် ယူရီး ယား ၁၁၂ပေါင် နှုန်း နှစ်စဉ်ထည့်ပေးသင့်ပါသည်။
၉။ အပင်ပြုစုစောင့်ရှောက်ခြင်း
ကိုင်းဖြတ်ခြင်းကို မိုးဦး နှင့် မိုးလယ်တွင် ဆောင်ရွက်သင့်ပြီး ကိုင်းဖြတ်ရာတွင် အပင်အမြင့် နှစ်ပေခန့် တွင် သန်မာသော ဘေးကိုင်းနှစ်ကိုင်းကိုချန်ပြီး ကျန်ကိုင်းများကို ၄၅ ဒီဂရီစောင်း၍ ဖြတ်ပစ်ရမည်။ ကိုင်းဖြတ်ခြင်းကို ပေ ၄,၀၀၀အောက် မြေနိမ့်ဒေသများတွင် သုံးနှစ်တစ်ကြိမ် ဆောင်ရွက်သင့်သည်။ ကိုင်းဖြတ်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများရရှိစေပါသည်။
☑️ အပင်အိုများ နုပျိုလာခြင်း။
☑️ လက်ဖက်ပင်များ သန်စွမ်းပြီး ရွက်နုပိုထွက်စေခြင်း။
☑️ လက်ဖက်ခူးရန် လွယ်ကူသောအပင်အမြင့်ကို ထိန်းသိမ်းထားနိုင်ခြင်း။
☑️ လက်ဖက်အထွက်နှုန်းတိုးတက်စေခြင်း။
လက်ဖက်သည် သုံးနှစ်သားအထိ ဆီးနှင်းဒဏ် ခံနိုင်ရည်မရှိ၍ ဆီးနှင်းဒဏ်မှ ကာကွယ်ရန် ဍရင်ကောက် ပင်၊ မြက်ခြောက်၊ ကောက်ရိုးခြောက်တို့ဖြင့် မိုးအုပ်ပေးလေ့ရှိပါသည်။
၁၀။ ရောဂါပိုးမွှားများ
ရွက်စားပိုး နှင့် ပင့်ကူနီများ ကျတတ်ပါသည်။ ရောဂါများအကြီးအကျယ် ကျရောက်လေ့မရှိပါ။
၁၁။ အရွက်ခူးခြင်း နှင့် အထွက်
လက်ဖက်ရွက်ခူးခြင်းကို သုံးနှစ်သား အပင်များမှသာ ဆောင်ရွက်လေ့ရှိပါသည်။ ပြုစုစောင့်ရှောက်မှု နည်းသော လက်ဖက်ပင်များတွင် ၁၅ရက် တစ်ကြိမ်သာခူးနိုင်ပြီး လက်ဖက်ခူးသည့်အကြိမ် တစ်ကြိမ် နှင့် တစ်ကြိမ်ကြား ကာလတိုတောင်းပါက တစ်ဧကအထွက်မြင့်မားပါသည်။ အရွက်ခူးရာတွင် ဂရုပြုသင့်သောအချက်များ .....
☑️ မြေပြင်မှ နှစ်ပေခွဲအတွင်းရှိသော အရွက်များကိုမခူးရပါ။
☑️ အရွက်ခူးရမည့်ထိပ်ပိုင်းအတွက် မျက်နှာပြင်သည် ပြန့်ကားနေရမည်။
☑️ အရွက်ခူးယူသည့်အခါ အထက်သို့တက်လာသော အတက်သစ်ကို (၆ - ၈) လက်မအထိ ချိန်ပေးရမည်။
☑️ ဘေးအစို့နှင့် ကြားဖူးမှအရွက်ကြီးများထွက်လာစေရန် အရွက်သေးကို အမြဲတမ်းချန်ပေးရမည်။
☑️ အပင်အတွင်းပိုင်းရှိ အစို့သစ်နှင့် အရွက်ခူးယူသည့်မျက်နှာပြင်အောက်ရှိ ဘေးအကိုင်းမှ အစို့သစ်များကို မခူးသင့်ပါ။
လက်ဖက် စိုက်ပျိုးနည်းစနစ်၊ အပင်ပြုစုစောင့်ရှောက်နည်းစနစ် နှင့် လက်ဖက်ခူးသော စနစ်များ အလိုက် တစ်ဧကလျှင် လက်ဖက်ခြောက် ပိဿာ ၁၂၀ မှ ၂၄၀ အထိ ထွက်နိုင်ပါသည်။
Sources : စိုက်ပျိုးရေးဦးစီးဌာန