menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြေထောက်ပဲ (ဗိုလ်စားပဲ) စိုက်ပျိုးနည်း
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
မူရင်းဒေသ
---------
အမေရိကန်တောင်ပိုင်းနှင့် အလယ်ပိုင်းမှ ဖြစ်သည်။ ရက်အင်ဒီယန်းလူမျိုးများသည် ၎င်းတို့၏ အဓိက အစားအသောက်ဖြစ်သော ပြောင်းနှင့် ဤပဲမျိုးကို စားသုံးကြသည်။ အမေရိကန်နိုင်ငံသို့ ဥရောပနိုင်ငံသားများ ရောက်ရှိလာပြီး ဤပဲမျိုးကို သိရှိလာ၍ စပိန်လူမျိုးများမှတစ်ဆင့် ဥရောပ၊ အာဖရိက၊ အာရှိနိုင်ငံများသို့ ရောက်ရှိပြန့်ပွားလာသည်။
စိုက်ပျိုးသည့်ဒေသ
----------------
မြန်မာပြည်အနှံအပြားနှင့် ကမ္ဘာအနှံ့အပြားတွင် စိုက်ပျိုးသည်။
အမျိုးအစား
----------
အပင်ပုံသဏ္ဍာန်ကိုကြည့်၍ သုံးမျိုးခွဲခြားနိုင်သည်။ အပင်ပုမျိုးမှာ အဆစ်တို၍၊ အပင်ရှည်မျိုးမှာ အပင်ပုမျိုးထက် အဆစ်ရှည်သည်။ ကျန်တစ်မျိုးမှာ တိုင်ထောင်မျိုးဖြစ်သည်။ သို့ရာတွင် သာမာန်အားဖြင့် ချုံပုတ်မျိုးနှင့် နွယ်တက်မျိုးဟူ၍ (၂) မျိုးခွဲခြားကြသည်။ ၎င်း(၂) မျိုးကိုမှ ထပ်မံ၍ အတောင့်၏ ပုံသဏ္ဍန်၊ အရောင်ပေါ်မူတည်ပြီး အလုံး၊ အပြား၊ အတို၊ အရှည်၊ အစိမ်း၊ အဝါ၊ ခရမ်းရောင်စသည်ဖြင့် ထပ်မံခွဲခြားသည်။
ရေမြေရာသီဥတု
---------------
ပဲသီးကို သဲဆန်သောမြေမှ မြေစေးအထိ၊ မြေအမျိုးမျိုးတွင် စိုက်ပျိုး၍ရသည်။ အချို့က ခဲမြေတွင် စိုက်ပျိုးကြသည်။ တိုတောင်းသော ရာသီတွင် အချိန်တိုအတွင်း စိုက်ပျိုးလိုက သဲဆန်သောမြေတွင် စိုက်ပျိုးကြသည်။ သို့သော် မြေကောင်းလျှင် အထွက်ပိုကောင်းသည်။ အလွန်ချဉ်သော မြေတွင်ကောင်းစွာမဖြစ်ထွန်းချေ။ စိုက်ပျိုးရန် အကောင်းဆုံးမြေအချဉ်အငံဓာတ်မှာ pH (5.3-6.0) အတွင်း ဖြစ်သည်။ အပင်ကြီးထွားရန်နှင့် အတောင့်ဖြစ်ထွန်းစေရန်အတွက် အေးသောရာသီကို လိုလားသည်။ သို့သော် အပူချိန် (၁၀) ဒီဂရီစင်တီဂရိတ် အောက်တွင် သီးပွင့်မှုကို နှောင့်နှေးစေသည်။ အလွန်ပူသော ရာသီ (သို့မဟုတ်) မိုးအလွန်များကလည်း အပွင့်အသီးကို ကြွေစေသည်။ အသင့်တော်ဆုံးအပူချိန်မှာ (၁၅) ဒီဂရီစင်တီဂရိတ်အတွင်း ဖြစ်သည်။
မျိုးစေ့နှုန်းထား
-------------
ချုံပုတ်မျိုး (၄၀-၄၅) ကီလိုဂရမ်/တစ်ဧက
တိုင်ထောင်မျိုး(၁၂-၁၅) ကီလိုဂရမ်/တစ်ဧက
မြေဩဇာနှုန်းထား
----------------
တစ်ဧကအတွက် နွားချေး – ၁၀ တန်၊ ယူရီးယား – ၂၂၄ ပေါင်၊ တီစူပါ – ၁၁၃ ပေါင် နှင့် ပိုတက်ရှ် – ၅၆ ပေါင် အသုံးပြုပေးရပါသည်။ နွားချေး၊ တီစူပါ၊ ပိုတက်ရှိနှင့် ယူရီးယား (၁၁၂) ပေါင်ကိုမစိုက်မီမြောင်း တွင် ထည့်သွင်းပြီး ကျန်ယူရီးယား (၁၁၂) ပေါင်ကို ပေါင်းလိုက် မြေဆွချိန်တွင် ထည့်သွင်းပေးရမည်။ လုပ်အားတတ်နိုင်က မြေဩဇာများကို မျိုးစေ့ချစိုက်ချိန်တွင် အစေ့၏ ပတ်ပတ်လည်(၃) လက်မ ခန့်အကွာတွင် ချပေးပါ။ မဂ္ဂနီဆီယမ် နှင့် သွပ်ဓာတ်ချို့တဲ့ပါက အသီးတွင် ပရိုတင်းပါဝင်မှုကိုလျော့နည်း စေသည်။ မဂ္ဂနီဆီယမ်ဓာတ်လိုအပ်ပါက အပင်၏ အောက်ပိုင်းအရွက်တို့၏ နှုတ်ခမ်းပတ်ပတ်လည်တွင် ဝါလာသည်ကို တွေ့ရမည်။ ဒုတိယအကြိမ် ဓာတ်မြေသြဇာ ထည့်သွင်းပေးခြင်းကိုတိုင်ထောင်ပဲမျိုးတွင် သာ လိုအပ်သည်။ ချုံပုတ်သီးသည် သက်တမ်း အလွန်တို၍ ဓာတ်မြေသြဇာ ထပ်မံထည့်ပေးရန်မလိုချေ။
မြေပြုပြင်ခြင်း
-------------
ထွန်ရေးအလွန်ကောင်းအောင် မြေကိုပြုပြင်ရန်မလိုချေ။ ထွန်ရေးအသင့်အတင့်ရလျှက် စိုက်နိုင်သည်။ ရေမဝပ်သော မြေကို ရွေးချယ်ရမည်။
စိုက်ပျိုးခြင်း
----------
မျိုးစေ့ချစိုက်ရာတွင် အစိုဓာတ်များလွန်းက ပုပ်သွားတတ်သည်။ ထို့ကြောင့် နေသာသောနေ့တွင် နောက်မိုးရက်ဆက်ရွာရန် အကြောင်း မရှိဟု ယူဆနိုင်က ချစိုက်သင့်သည်။ အစေ့သည် မြေသြဇာနှင့် တိုက်ရိုက်တွေ့ထိက ပုပ်လွယ်စေသောကြောင့်၊ မျိုးစေ့ချပြီးမှ အစေ့ ပတ်ဝန်းကျင်တွင် မြေသြဇာ ချပေးသင့်သည်။ နွယ်တက်မျိုးကို တစ်တန်းနှင့်တစ်တန်း (၃) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၉) လက်မခွာ၍ စိုက်သည်။ နွယ်တက်ပင်အတွက် အနည်းဆုံး (၇) ပေခန့်ရှည်သော ဝါးတိုင် သို့မဟုတ် သစ်သားတိုင်များကို အပင်တိုင်း၏ အခြေတွင် တိုင်ထောင်လျှင် အပင်အမြင့် (၉) လက်မခန့်တွင် ထောင်ပေးသည်။ အချို့က တိုင်များမြဲစေရန် အတန်းထဲရှိ နီးကပ်သောအပင်များ၏ တိုင်ကို ကြက်ခြေခတ်ပြီး တိုင်များဆုံရာတွင် ကြိုးဖြင့်ချည်ပေးသည်။ ဂျပန်နိုင်ငံတွင် အခြားတစ်ဖက်တန်းရှိ နီးသောအပင်၏ တိုင်နှင့် ထိပ်တွင် ဆုံပြီးချည်ပေးသည်။ အမေရိကန်နိုင်ငံတွင် လေးပွင့်ဆိုင် ဝါးလေး လုံးကို အလယ်တွင် ဆုံးစေ၍ ကြိုးဖြင့်ချည်ပေးသည်။ ရေဝပ်ခြင်းကင်းစေရန်အတွက် စိုက်တန်းတစ်ခုနှင့်တစ်ကြားတွင်ရေနုတ်မြောင်း ပြုလုပ်ပေးသည်။ (သို့မဟုတ်) နှစ်တန်းကြားတွင် တစ်မြောင်းပြုလုပ်ပေးသည်။ ဝါးရှားသောအရပ်ဒေသတို့တွင် သက်ကြီးပြောင်းဖူးမျိုးနှူင့် ရော၍ စိုက်ကြသည်။ ဤသို့ စိုက်ခြင်းဖြင့် တိုင်ထောင်ပေးရန် မလိုတော့ဘဲ ပဲပင်တို့သည် ပြောင်းဖူးပင်ကို အမှီပြု၍ တက်ကြသည်။ ချုံပုတ်ပဲမျိုးကို တစ်တန်းနှင့်တစ်တန်း (၂-၂) ပေခြား၍ တစ်ပင်နှင့်တစ်ပင် (၂) ပေခွာစိုက်သည်။ မိုးရာသီတွင် ဇွန်လမှ စက်တင်ဘာလ အထိ စိုက်ပျိုးနိုင်ပြီး၊ ဒုတိယအကြိမ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ စိုက်ပျိုးသည်။ တောင်ပေါ်ဒေသတွင် မတ်လမှ မေလဆန်းအထိ စိုက်ပျိုးသည်။ ရာသီဥတုသင့်တင့်သော ဒေသတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ သို့ရာတွင်နွေရာသီစိုက်ပျိုးက အထွက်လျော့စေသည်။
အပင်ပြုစုခြင်း
-------------
ပူ၍စိုစွတ်သောရာသီတွင် ပေါင်းမြက်များ အထမြန်သောကြောင့် ၎င်းတို့စတင်ပေါက်လာသည်နှင့် နှိမ်နှင်းပေးရမည်။ အထူးသဖြင့် တိုင်ထောင်ပဲသည် သက်တမ်းပိုရှည်သောကြောင့် ပေါင်းကိုကြိုတင်၍ မနှိမ်ထားက နောက်ပိုင်းတိုင်ထောင်ပြီးလျှင် ပေါင်းလိုက်ရခက်သည်။ ပဲပင်များ၏ အမြစ်များကို မထိခိုက်ရန် သတိပြုပါ။ ပဲပင်၏ အမြစ်တွင် နိုက်ထရိုဂျင်ဖမ်းယူနိုင်သော ဘက်တီးရီးယားများ ခိုးအောင်း နိုင်၍ အပင်အတွက် နိုက်ထရိုဂျင်ကို ရယူပေးခြင်းဖြင့် အကျိုးပြုစေသည်။ချုံပုတ်ပဲမျိုးကို ဒုတိယအကြိမ် ယူရီးယားဓာတ်မြေဩဇာ ထည့်သွင်းပေးရန်မလိုသော်လည်း တိုင်ထောင်ပဲတွင်မူ လိုအပ်ပေသည်။
ရေသွင်းခြင်း
-----------
ပဲပင်တို့သည် ခြောက်သွေ့သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့ပါက ရေသွင်းပေးရန် လိုအပ်သည်။ မိုးရာသီစိုက်ပျိုးက ရေဝပ်သောမြေ၊ မြေစေးတို့တွင် ရေနုတ်မြောင်းပြုလုပ်ထားရမည်။
ရိတ်သိမ်းခြင်း
------------
ပဲသီးများကို အရွယ်မရောက်မီ အစေ့နုသေးသော အချိန်တွင် ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃) ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ နောက်ကျ၍ ဆွတ်ခူးက အထွက်ပိုများလာသော်လည်း အတောင့်၏ အရည်အချင်း ကျဆင်းသွားသည်။ ပဲသီးတောင့်များရင့်လာက အစေ့နေရာတွင် ဖောင်းကြွနေ၍ အခွံသည် ပျော့လွန်းနေသောကြောင့် စားသုံးသူများ မနှစ်သက်ကြချေ။ ချုံပုတ်မျိုးတစ်ဧကလျှင် (၈၀၀-၉၀၀) ပိဿာ၊ တိုင်ထောင်မျိုးတစ်ဧကလျှင်(၂၀၀၀) ပိဿာကျော်ထိ ထွက်ရှိနိုင်သည်။
မျိုးစေ့ထုတ်လုပ်ခြင်း
------------------
မျိုးစေ့ထုတ်လုပ်ရန်အတွက် ရိတ်သိမ်းရာတွင် အပင်ပေါ်တွင် အသီးများခြောက်လာမှ ဆွတ်ခူးရမည်။ အချို့က အပင်လိုက်နုတ်ပြီး နေလှန်း၍ အတောင့်များကို ခူးယူသည်။ကောင်းစွာခြောက်သွေ့သော အတောင့်များကို မူလအတိုင်းသိမ်းဆည်း၍ စိုက်ချိန်ရောက်မှ အစေ့များချွေပြီး စိုက်ပျိုးနိုင်သည်။ အများ အားဖြင့် အစေ့ကိုကြိုတင်ချွေ၍ ဆက်လက်နေလှန်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာတွင် ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ်အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေပြီး သိမ်းဆည်းသင့်သည်။
🔰စစ်မှန် ပြည့်ဝ ဝိစာရ🔰
Source : ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်း