menu

မြေငံနေရင် ဘယ်လိုပြုပြင် စိုက်ပျိုးမလဲ ?

🌾🌾🌾🌾🌾🌾🌾🌾🌾🌾

➡️ သီးနှံစိုက်ပျိုးမြေများတွင် မြေအမျိုးအစားအမျိုးမျိုးရှိရာ ငံနေတဲ့မြေငံမှာ ဘယ်လိုပြုပြင်ပြီး သီးနှံစိုက်ပျိုးရမလဲ ? ဘယ်အချက်တွေကို ဂရုပြုဆောင်ရွက်ရမလဲ ? စတဲ့အကြောင်းအရာများကို ဆွေးနွေးတင်ပြလိုက်ရပါတယ်။

➡️ မြေငံရတဲ့ အဓိကအကြောင်းအချက် (၃)ချက်ရှိပါတယ်။

(၁) မြန်မာပြည်အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ ဒီရေလွှမ်းခံရတာကြောင့် မြေငံဖြစ်ရခြင်း။

(၂) ဒီရေမလွှမ်းသော်လည်း ဒီရေဟာလယ်မြေတွေရဲ့အောက်မြေလွှာအထိ စိမ့်ဝင်လာပြီး နေပူတဲ့အခါမှာ ‌ရေနွေးငွေ့တွေဟာမြေမျက်နှာပြင်အပေါ်တက်လာပါတယ်။ ရေဟာအငွေ့ပျံသွားပြီးဆားတွေဟာ မြေကြီးမှာကပ်ကျန်နေခြင်းကြောင့် မြေငံဖြစ်ရခြင်း။

(၃) မြန်မာပြည်အလယ်ပိုင်းတွေမှာ ဆပ်ပြာပေါက်မြေကြောင့် မြေငံဖြစ်ရခြင်း။

➡️ ဆားငံမြေ(ဒီရေလွှမ်းမြေ)မှာ စပါးစိုက်ရင် စပါးပင်ဟာရေငတ်ဒဏ်ခံရသလို ညှိုးနွမ်းပါမယ်။ စပါးပင်တွေ အကွက်လိုက်သေကုန်မယ်။ ပင်ပွားအထွက်နည်းပြီး အပင်အရပ်မညီပါဘူး။ ကြဲခင်းဖြစ်ရင်တော့ အပင်ပေါက်မစုံပါဘူး။ မြေချဉ်ငံဓာတ်လွန်ကဲရင် ဆားငံဒဏ်ပိုခံရပါတယ်။ ထို့ကြောင့်ဆားငံဒဏ်ခံရတဲ့ လယ်မြေတွေမှာ သဘာဝမြေဩဇာလုံးဝမထည့်ရပါဘူး။ နွေစပါးစိုက်မည်ဆိုလျှင် သက်တမ်းရက် (၉၀ မှ ၁၀၀) ရှိတဲ့မျိုးကို စိုက်ပျိုးသင့်ပါတယ်။

➡️ ၎င်းမြေမျိုးတွင်စပါးစိုက်ပါက စပါးအရွက် တစ်ရွက်နှစ်ရွက်ထွက်ချိန်မှာ ဆားငံဒဏ်ခံနိုင်ရည်မရှိပါဘူး။ ပင်ပွားချိန်မှာ အနည်းငယ်ခံနိုင်ရည်ရှိပါတယ်။ ထို့ကြောင့် မျိုးစေ့ကိုတိုက်ရိုက်မျိုးစေ့မချရပါ။ ကြဲခင်း မကြဲသင့်ပါ။ ပျိုးထောင်စိုက်မည်ဆိုလျှင် ပျိုးသက်ရက်(၃၀)ထက် မငယ်သင့်ပါ။ ပျိုးပင်သန်စွမ်းဖွံ့ဖြိုး ရပါမယ်။ အနှံထွက်၊ ပန်းပွင့်ချိန်မှာ ဆားငံရည်ဒဏ်လုံးဝမခံနိုင်ပါ။ ထို့ကြောင့် အနှံထွက်၊ ပန်းပွင့်ချိန်မှာ စိုက်ခင်းအတွင်း ရေမနည်းစေရန်ဂရုစိုက်ရပါမည်။ ရေချိုကို ၅လက်မခန့် အမြဲလှောင်ထားပေးပါ။ မြေယာပြုပြင်ထွန်ယက်ချိန်တွင် ဆန်ကွဲ (၂-၃)တင်းခန့် ကြဲပက်၍ထွန်၊ ထယ် နှင့်သမအောင်‌မွှေပေးပါ။

➡️ မြန်မာပြည်အောက်ပိုင်းဒေသများတွင် နွေစပါးကို တန်ဆောင်မုန်းလဆန်းတွင်အပြီးစိုက်ပျိုးပါ။ မိုးစပါးမှာ ဆားငံဒဏ်ခံနိုင်သည့် မျိုးများကိုရွေးချယ်စိုက်ပျိုးပါ။ မြန်မာပြည်အလယ်ပိုင်းဒေသများအတွက် လယ်မြေအငံဓာတ်လျော့သွားအောင် သဘာဝမြေဩဇာ များများထည့်ပါ။ ကျောက်မှုန့်မြေဩဇာ တစ်ဧက ပေါင် ၃၀၀ ခန့် သုံးပါ။ သွပ်ဓာတ်မြေဩဇာ တစ်ဧက ၃ ပိဿာနှုန်းထည့်ပါ။ ဆားဓာတ်ပါသောစက်ရေတွင်းရေကို သွင်းရေအဖြစ်အသုံးမပြုရပါ။ ကြာလျှင် မြေပျက်သုဉ်းသွားနိုင်ပါသည်။ ရေဆင်းစိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေထားသည့် ဆားငံဒဏ်ခံ စပါးမျိုးများကိုရွေးချယ်စိုက်ပျိုးပါရန် အကြံပြုရေးသားအပ်ပါသည်။

🌾စစ်မှန် ပြည့်ဝ ဝိစာရ🌾

Sources : Saya U Aung San (အောင်ဆန်း - စိုက်ပျိုးရေး)