menu

“မြေပဲအထွက်တိုးစေနိုင်မည့် နည်းစနစ်ကောင်းများ”


🍃🥜🍃🥜🍃🥜🍃🥜🍃🥜🍃

⏭မြေပဲစိုက်ပျိုးရာတွင် တစ်ဧက တင်း (၁၀၀) ထွက်နေသည့် လယ်သမားအချို့ရှိသလို တချို့ လယ်သမား ကြီးများသည် တစ်ဧက (၂၅) တင်းမှ တင်း (၃၀) ထွက်ရှိအောင်ပင် အတော်လိုနေသည်ကို တွေ့ရှိရပါသည်။ လယ်သမားများ၏ မြေပြင် မြေပဲစိုက်ခင်းများကို လေ့လာလျှင် အထွက်နှုန်းတိုးစေရန် ဆောင်ရွက်မည့် နည်းပညာများကို တိတိကျကျလိုက်နာခြင်းမရှိသေးကြောင်း တွေ့ရပါသည်။ ဤနည်းပညာအားနည်း ချက်များကို အားသာချက်ဖြစ်အောင် ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ မြေပဲအထွက်နှုန်းတိုးရန် အဓိက ဆောင်ရွက်ရမည့်အထွက်၏ မိတ်ဖက် အချက်လေးချက်ရှိပါသည်။

⏭ပထမအချက် မှာ တစ်ဧကရှိရမည့် ရိတ်သိမ်းပင်အရေ အတွက် တစ်သိန်း ပြည့်မီအောင်စိုက်ပျိုး ရန်ဖြစ်ပါသည်။ ရိတ်သိမ်းပင်တစ်ဧက တစ်သိန်းပြည့်မီရန်မှာ အပင်ပေါက် ရာခိုင်နှုန်း (၈၀) နှင့်အထက်ရှိသော မျိုးကောင်းမျိုးသန့်များကိုသာ သုံးရမည်။ အစိုဓာတ်မိအောင် စိုက်ချိန်မှန်စွာ စိုက်ရမည်။ သို့သော် လယ်သမားများ၏ မြေပဲခင်းအများစုသည် အချို့ကွက်တိကွက်ကြားတွေ့ရသည်။ ဤသည်ကို ပြုပြင်ရပေမည်။ မြေပဲပင်သည် ဘေးကိုင်းလေးကိုင်းထွက်ရမည်။ တစ်ပင် ကိုးတောင့်သီးလျှင် တစ်ဧက တင်း (၅၀) အနည်းဆုံးထွက်နိုင်သည်။ တစ်ပင် အတောင့် (၂၀) သီးလျှင် တစ်ဧက တင်း (၁၀၀) ကျော်ထွက်နိုင်သည်။ ကွက်တိကွက်ကြားဖြစ်ဖြစ်၍ အပင် ၅၀,၀၀၀ လျော့သွားလျှင် တစ်ဧက (၂၅) တင်း လျော့သွားမည်ဖြစ်သည်။ မြေပဲပင်ငယ် သန်စွမ်းမှုရှိစေရန် သက်တမ်း (၄၅) ရက်သားခန့်တွင် ကျောက်မှုန့်မြေသြဇာ တစ်ဧက ပေါင် ၂၀၀ မှ ပေါင် ၂၅၀ အသုံးပြုရန်နှင့် ပဲမြစ်ဖုမြေသြဇာ တစ်ဧကလျှင် တစ်ထုပ်ဖြင့် လူးနယ်စိုက်ပျိုးရန် လိုအပ်ပါသည်။

⏭မြေပဲစိုက်ချိန်တွင် အစိုဓာတ်များလွန်းပါက မြေပဲပင်ငယ်တွင် မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများ ဒုက္ခပေးတတ်သဖြင့် မှိုသတ်ဆေးတစ်မျိုးနှင့် လူးနယ်စိုက်ပျိုးရန်လိုအပ်သည်။ တစ်ဧကအပင် တစ်သိန်း အပြည့်အဝရရှိစေရန် စိုက်ပျိုးသည့်အခါ တစ်နေရာတည်းစုပြုံမကျစေဘဲ တစ်ပင်နှင့်တစ်ပင် အကွာအဝေး ကိုးလက်မခြား ရှိစေရန် သတိပြုမျိုးစေ့ချပြီး စိုက်ကြောင်း အတိမ်အနက် တစ်လက်မခွဲမှ နှစ်လက်မ အတွင်းသာ အစိုဓာတ်မီအောင် စိုက်ပျိုးရမည်ဖြစ်သည်။ ဤစိုက်ပျိုးသောနည်းပညာများကို မပြည့်မီသောအားနည်းချက်များကို အထူးဂရုပြု ပြုပြင်ရန်လိုအပ်ပေသည်။

⏭ဒုတိယအချက်မှာ တစ်ပင်တွင်ရှိရမည့် အောင်တောင့်အရေအတွက်ရရှိအောင် ဆောင်ရွက်ရခြင်းပင် ဖြစ်သည်။ တစ်ပင်လျှင် အောင်တောင့် (၂၀) သီးပါက မြေပဲရိတ်သိမ်းပင်တစ်သိန်းမှ တစ်ဧက တင်း ၁၀၀ ထွက်ရှိနိုင်ပါသည်။ ဤသို့ အောင်တောင့်များများသီးစေရန်မှာ မျိုးနှင့်အများဆုံး သက်ဆိုင်နိုင်ပါသည်။ ရေမြေဒေသနှင့် ကိုက်ညီသောမျိုးကို စိုက်ချိန်မှန်ကန်အောင် စိုက်ပျိုးရန်လိုအပ်ပါသည်။ တစ်ပင်လျှင် မိုးရာသီတွင် အောင်တောင့် (၆၀) နှင့် ဆောင်းရာသီတွင် အောင်တောင့် (၁၀၀) တစ်ပင်လျှင် ပျမ်းမျှအောင်တောင့် (၂၀) သီးနိုင်သော ဆင်းပဒေသာ(၅)၊ ဆင်းပဒေသာ(၆)၊ ဆင်းပဒေသာ(၇)နှင့် အထွက်တိုး မြေပဲမျိုးများကဲ့သို့ မျိုးများကို စိုက်ပျိုးသင့်သည်။ မြေပဲအောင်တောင့်များစေရန် မြေချဉ်ငန်ဓာတ် (pH) ၅ အောက်ရှိမြေများတွင် လုံးဝမစိုက်သင့်ပါ။ ပေါင်းမြက်ကို အပင် (၄၅) ရက်သားအတွင်း ပြောင်စင်အောင်သုတ်သင်ရှင်းလင်းပေးရမည်။ မြေသြဇာကို တစ်ဧကလျှင် ယူရီးယား ၂၈ ပေါင်၊ တီစူ ပါ ၈၄ ပေါင်မှ ပေါင်၁၁၀၊ ပိုတက်ရှ် ၂၈ ပေါင်မှ ၃၃ ပေါင်၊ ကျောက်မှုန့် ပေါင် ၂၀၀ မှ ပေါင် ၂၅၀ အသုံးပြုရန်နှင့် ပဲမြစ်ဖုမြေသြဇာတစ်ဧကလျှင် တစ်ထုပ်ဖြင့် လူးနယ်စိုက်ပျိုးရန် လိုအပ်ပါသည်။ ဤနည်းပညာများ အားနည်းနေပါက တိတိကျကျလိုက်နာပြီး ပြုပြင်ရန်လိုအပ်ပါသည်။

⏭တတိယအချက်မှာ မြေပဲ၏ အဆံထွက်ရာခိုင်နှုန်း ဖြစ်ပါသည်။ အဆံထွက် ရာခိုင်နှုန်း ၇၀ ရှိရပါသည်။ အဆံထွက် တစ်ရာခိုင်နှုန်းတိုးလျှင် အလေးချိန်အားဖြင့် ၁. ၄ ရာခိုင်နှုန်းတိုးနိုင်ပါသည်။ အဆံ ထွက်ရာခိုင်နှုန်းတိုးစေရန် အတွက်ဒေသ နှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်ကိုအသုံးပြုရမည်။ တီစူပါဓာတ်မြေသြဇာ ကို ပထမ သီးနှံရိတ်သိမ်းခါနီးအချိန်တွင်ထည့်ပေးရန်နှင့် ပဲမြစ်ဖုမြေသြဇာဖြင့် လူးနယ်စိုက်ပျိုးရန်လိုအပ်သည်။ အတောင့်ဖြစ်ထွန်းချိန် (၄၅) ရက် မှ ရက် (၅၀) သားခန့်တွင် ကျောက်မှုန့်မြေသြဇာပေါင် ၂၀၀ မှ ၂၅၀ ပေါင်ကို အပင်ခြေရောက်အောင်ထည့်ပေးရန် အထူးသတိပြု ဆောင်ရွက်ရန်လိုအပ်သည်။

⏭စတုတ္ထအရေးကြီးသော အချက်မှာ အစေ့ (၁၀၀) အလေးချိန်ပြည့်ဝစေရန် ဖြစ်ပါသည်။ ထုတ်ဝေထားသော မြေပဲမျိုးများမှာ အစေ့ ၁၀၀ အလေးချိန် ဂရမ် ၃၀ မှ ၃၅ ဂရမ်ခန့် ရှိပါသည်။ အစိုဓာတ်ပြတ်ပါက ရေငတ်ဒဏ်ခံရပြီး အဆံချောင်အတောင့်များဖြစ်လာသဖြင့် အစိုဓာတ်မပြတ်စေရန် သတိပြုသင့်ပါသည်။ အထွက်မိတ်ဖက် အခြေခံများအရ လိုက်နာဆောင်ရွက်ရမည့် နည်းပညာများကို ပြုပြင်ပြောင်းလဲစိုက်ပျိုးပါက မြေပဲတစ်ဧကအထွက်တိုးရန် သေချာမည်ဖြစ်ပါသည်။

⏭မြေပဲကို မြန်မာနိုင်ငံ၌ ရေမြေဒေသ ရာသီဥတုအလိုက် မိုးမြေပဲ၊ ဆောင်းမြေပဲ၊ ကိုင်းကျွန်းမြေပဲ၊ စကမြေပဲအဖြစ် စိုက်ပျိုးလေ့ရှိပါသည်။ မည်သည့်ရာသီ၊ မည်သည့်ဒေသ၊ မည်သည့်နည်းစနစ်ဖြင့် စိုက်ပျိုးသည်ဖြစ်စေ အထက်ပါအခြေခံအထွက် မိတ်ဖက်နည်းပညာများကို အရည်အချင်းပြည့်ဝအောင် ဆောင်ရွက်ရမည်မှာ မလွဲဧကန်ဖြစ်သည်။ မြေပဲသည် မျိုးကွဲအလိုက်၊ စိုက်ပျိုးသည့်ဒေသအလိုက် စိုက်ပျိုးသင့်သော အချိန်ကာလများသည် မြေပဲထွက်ရှိရေး များစွာအထောက်အကူပြုနေပါသည်။ မြေပဲသည် စိုက်ပြီး ၂၅ ရက်မှ ရက် ၃၀ သား တွင် ပန်းစပွင့်လေ့ရှိပါသည်။ ပေါင်းမြက်ရှင်းလင်းရန် နှိုးဆော်သည့်အပွင့်ဟု မှတ်သားကြ၍ “ပေါင်းဆော်ပွင့်”ဟုလည်းခေါ် ကြသည်။ (၆)ပတ်မှ (၁၁)ပတ်အတွင်း အများဆုံးပွင့်သည်။ ပွင့်ပြီးပါက မျိုးအောင်သည်။ မျိုးအောင်ပြီးပါက ခုနစ်ရက်အတွင်း အစေ့အိမ် ရှည်ထွက်လာသည်။ ၎င်းကို မြေပဲစွယ်ဟုခေါ်သည်။ မြေပဲကောင်း ဖြစ်ပေါ်စေရန် အခြေခံအစဖြစ်ပါသည်။ မြေပဲစွယ်သည် ရှည်ထွက်လာပြီး မြေကြီးထဲသို့ ငါးစင်တီမီတာခန့် ထိုးဝင်သွားပြီး ရပ်ဆိုင်သွားသည်။ မြေပဲစွယ်သည် မြေကြီးနှင့်မထိမတွေ့ပါက ခြောက်ပြီးညှိုးသွားသည်။ စွယ်ကန်းသည်ဟုခေါ်သည်။ သို့အတွက် စွယ်ချချိန်တွင် မဖြစ်မနေ ဘောင်တင်ပေးရန် သတိပြုသင့်သည်။

⏭မြေပဲစွယ်၏ထိပ်သည် မြေတွင်းဝင်သွားပြီဖြစ်ပါက တဖြည်းဖြည်းမြေပဲတောင့် အဖြစ် ဖွံ့ဖြိုးကြီးထွားလာသည်။ မြေပဲတောင့်ဖွံ့ဖြိုးကြီးထွား၍ အောင်မြင်သော မြေပဲဆံဖြစ်လာစေရန်မှာ မြေတွင်းအစိုဓာတ်လုံလောက်မှု၊ အမှောင်ထုနှင့် အာဟာရပြည့်ဝမှုတို့သည် အဓိကလိုအပ်ချက်များ ဖြစ်သည်။ ဤအချက်များကို အထူးဂရုပြုရမည်ဖြစ်သည်။ မြေပဲသည်ပန်းပွင့်သမျှအနက်မှ ၅၀ မှ ၈၀ ရာခိုင်နှုန်းသာ မြေပဲတောင့်ဖြစ်ပြီး အောင်မြင်လာတတ်သဖြင့် အထူးဂရုစိုက်နိုင်မှသာ မြေပဲထွက် သေချာမည်ဖြစ်ပါသည်။

⏭မြေပဲပင်တွင် တစ်ပင်လုံးအသီးရာခိုင်နှုန်း ၇၀ သည် ပထမကိုင်းစုံတွင် သီးပြီး ရာခိုင်နှုန်း ၃၀ သည် ဒုတိယကိုင်းစုံမှာသီးပါသည်။ တတိယကိုင်းစုံတွင် အနည်းငယ်သာသီးပါသည်။ သို့အတွက် မြေပဲတောင့် ၃၀ မှ ၃၅ တောင့်ထိ သီးနိုင်ပါသည်။ သို့ရာတွင် ၎င်းအချိန်တွင် အထက်စွယ်များကန်း၍ အထွက်ကျဆင်း စေပါသည်။ သို့ဖြစ်၍ မြေပဲပင် (၄၅) ရက်သားထက်စော၍ ဘောင်တင်ပေးခြင်းသည် အကျိုးဆုတ်ယုတ် မှု ပိုမိုများပြားစေနိုင်သဖြင့် သတိမူသင့်ပါသည်။

⏭ဘိုရွန်ဓာတ်ချို့တဲ့ပါက မြေပဲအထွက် သိသိသာသာကျဆင်းစေပါသည်။ မြေချဉ်ငန်ကိန်းများပြီး ထုံးဓာတ်များသော သဲမြေမျိုးများတွင် ဘိုရွန်ဓာတ်ချို့တဲ့တတ်ပါသည်။ အဆိုပါမြေမျိုးတွင် စိုက်ပျိုးပါက လက်ချား ၀. ၂၅ ရာခိုင်နှုန်းဖျော်ရည်ကို အရွက်ပေါ်သို့ဖျန်းပေးပါက အထွက်နှုန်း ထင်ရှားစွာ တိုးတက်လာပါသည်။ တစ်ဖန်သာမန်ဖွံ့ဖြိုးကျန်းမာနေသော မြေပဲရွက်ခြောက်များတွင် သွပ်ဓာတ် သန်းခိုင်နှုန်း ၁၀ ခန့်ပါဝင်နေသည်ကို တွေ့ရရှိသည်။ မြေတွင် သွပ်ဓာတ် သန်းခိုင်နှုန်း ၁. ၂ အောက်ကျသွားပါက မြေပဲအထွက် ရာခိုင်နှုန်း ၅၀ ထိကျဆင်းသွားပါသည်။ သို့အတွက် သွပ်ဓာတ်ချို့တဲ့တတ်သော မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်းဒေသရှိ လယ်သမားကြီးများသည် ဤနည်းပညာကို ပြုပြင်ဆောင်ရွက်ရန်လိုအပ်ပါသည်။

⏭သို့ပါ၍ မြန်မာပြည်အနှံ့ မြေပဲစိုက်ပျိုးနေသော လယ်သမားကြီးများသည် မိမိလက်ရှိစိုက်ပျိုးနေသော မြေပဲစိုက်ပျိုးနည်း များကို အထက်ပါနည်းပညာပေတံဖြင့် တိုင်းတာ၍ အားနည်းချက် အားသာချက် များကို သုံးသပ်ပြီး အထွက်နှုန်းတိုးအောင် ပြုပြင်ဆောင်ရွက်နိုင်ကြစေရန် တင်ပြလိုက်ရပါသည်။

Sources : မြေပဲစိုက်ပျိုးခြင်းနည်းပညာများ