menu

မြေပဲစိုက်လျှင် သတိပြုစေချင်


🌿🥜🌿🥜🌿🥜🌿🥜🌿🥜🌿

✔မြေပဲစိုက်ပျိုးသူတောင်သူဦးကြီးများအတွက် မြေပဲစိုက်ပျိုးရာတွင်သိထားသင့်သည့် စိုက်ပျိုးရေး ဗဟုသုတများစွာအနက်မှ သိထားသင့်သည့်သတိပြုစရာအချို့ကိုတင်ပြအပ်ပါသည်။

✔မြေပဲစိုက်ခင်းမြေကိုထယ်ထိုးမြေလှန်ပြုပြင်ရာတွင် ထယ်ရေးနက်နက်၊ ထွန်ရေးညက်ညက်နှင့် မြေညီအောင်ပြုပြင်ရမည်။ ထွန်ရေးညက်ပြီး ပေါင်းမြက်များပါကင်းစင်အောင်ဆောင်ရွက်ပါက မြေဆောင်ရောဂါများ လျော့နည်းပါမည်။ ထွန်ရေးညက်ညက်ထွန်ပြီး ကြမ်းတုံးဖြင့်မြေကိုညီညာအောင် ညှိပေးခြင်းဖြင့်မြေကြီးထဲမှအစိုဓာတ်များဆုံးရှုံးမှုနည်းပြီး ပန်းပွင့်ချိန်အထိမြေကြီးအစိုဓာတ်ထိန်းနိုင်ကာ အထွက်ကောင်းပေမည်။

✔မြေပဲကိုဘောင်ပြုလုပ်၍စိုက်ခြင်းဖြင့် .....
- မျိုးစေ့မှအညှောင့်ပေါက်မှုလွယ်ကူစေသည်။ 
- ပင်ပိုင်းကြီးထွားမှု မြန်စေပါသည်။
- ရေသွင်း၊ ရေထုတ်ပြုလုပ်ရန်လွယ်ကူသည်။
- နုတ်သိမ်းရာတွင်လွယ်ကူပြီး မြေပဲတောင့်များ မြေကြီးထဲကျန်ရှိမှုနည်းစေပါသည်။

✔မြေပဲစိုက်မည်ဆိုပါက သက်လျင်အထွက်ကောင်းမျိုးသန့်မျိုးစေ့ကိုစိုက်သင့်ပါသည်။ အပင်ပေါက်(၈၅-၉၀) ရာခိုင်နှုန်းရှိသင့်ပြီး အရည်အသွေးမှီသောမျိုးစေ့များဖြစ်၍ မျိုးချန် မျိုးဆံ မစိုက်သင့်ပါ။ မျိုးစေ့ကိုသာရွေးချယ်စိုက်သင့်ပါသည်။ သို့မှသာအထွက်ကောင်းပြီး သီးနှံရောင်းလျှင်ဈေးကွက်၌ဈေးရပါမည်။ မျိုးသန့်ထိန်း၍မျိုးအဖြစ်ပြန်လည်ထားရှိနိုင်ပါမည်။

✔မြေပဲစိုက်ပျိုးရာတွင် ဒုတိယအသီးအဖြစ်သီးထပ်စိုက်ပျိုးခြင်း(စပါးအပြီးမြေပဲစိုက်ခြင်း) သည် ပထမတစ်သီးမှကြွင်းကျန်သော မြေဩဇာများ၏အကျိုးသက်ရောက်မှုရှိပြီး မြေပဲခင်းများသန်စွမ်း ဖြစ်ထွန်းမည်။ စပါး၊ ဂျုံကဲ့သို့ နှံစားသီးနှံများသည် မြေဩဇာကိုတုံ့ပြန်မှုစွမ်းအားကောင်းသည့် သီးနှံပင်အမျိုးအစားဖြစ်၍ မြေဩဇာများစွာအသုံးပြုရသည်။ ထိုသို့ထည့်သမျှမြေဩဇာများ၏ ကြွင်းကျန်အာနိသင်ကိုသီးထပ်စိုက်သည့် မြေပဲပင်သည်အကျိုးသက်ရောက်မှု ခံစားရရှိသည်။

✔မြေပဲစိုက်ခင်းတွင် ကယ်လ်စီယမ်(ထုံးဓာတ်)ရှိလျှင် မြေကြီးထဲသို့ ပန်းပွင့်(စွယ်)ထိုးဝင်မှု လွယ်ကူစေသည်။ အစေ့ကြီးထွားမှုဖြစ်စေသည်။ ကယ်လ်စီယမ်ချို့တဲ့လျှင် အသီးတောင့်နည်းခြင်း၊ ရွက်ညှာကျိုးကျခြင်း၊ အရွက်များဝါခြင်း၊ အပင်ညှိုး၊ အပင်ထိပ်ညွန့်ခြောက်ခြင်းများဖြစ်တတ်သည်။ ထို့ကြောင့်မော်နီတာဂျစ်ပ်ဆမ်(ကျောက်မှုန့်) မြေဩဇာကိုထည့်ပေးရသည်။

✔ရာသီဥတုပူပြင်းသောဒေသများတွင် ခဲ၊ သွပ်၊ ကြေးနီ၊ လက်ချား(ဘိုရွန်)ဓာတ်များ မြေကြီးထဲတွင် နည်းပါးမှုရှိသည်။ နွားချေး၊ ကြက်ချေးစသည့်တိရစ္ဆာန်မှရသောမြေဆွေးကိုသုံးပေးသင့်သည်။ မြေပဲပင်သည်မြေချဉ်ငံဓာတ် (၅.၈ မှ ၆.၂) အတွင်းအကောင်းဆုံးဖြစ်ထွန်းသဖြင့် ၎င်းချဉ်ငံကိန်းအတွင်း ရှိမြေကြီးမှ ထည့်လိုက်သောဓာတ်များကိုအပင်မှစုပ်ယူစားသုံးမှုပိုကောင်းပါသည်။

✔မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့လျှင် ထိပ်ဖျားရွက်များနှင့်ရွက်ကြောအကြား အဝါရောင်ဖြစ်၍အပင်ပုတတ်သဖြင့် ထုံးကျောက်ထည့်ခြင်းဖြင့်ကုစားနိုင်သည်။ သဲများသောမြေချဉ်တွင် ဘိုရွန်(လက်ချား)ဓာတ်ချို့တဲ့တတ် သဖြင့် မြေပဲစေ့မအောင်မှုနှင့် အဆံချောင်အသီးတောင့်များဖြစ်တတ်သဖြင့် စိုက်ပျိုးပြီး ရက်(၄၀)ခန့်တွင် တစ်ဧက ဘိုရွန်ပေါင်ဝက်နှုန်း အရည်ဖျော်ပြီးအရွက်ပေါ်ဖျန်းပေးနိုင်ပါသည်။ကန့်(ဆာလ်ဖာ) ဓာတ် ချို့တဲ့လျှင် အမြစ်ကြီးထွားမှုညံ့သည်။ ကန့်ဓာတ်သည်အပင်၏တစ်သျှူးများ ထဲတွင်ရွေ့လျှားနိုင်မှုမရှိသဖြင့် မြေပဲပင်ကြီးထွားချိန်၌ကိုင်းဖြာမှုနည်းသွားတတ်ပါသည်။ 

✔ထို့ကြောင့် ဖော်ပြပါပင်ပြလက္ခဏာများအရ မြေပဲစိုက်ခင်းများတွင်မည်သည့်အာဟာရဓာတ်များ လိုအပ်သည်ကို သိရှိပြီးမှသတိပြု၍ ဓာတ်မြေဩဇာကျွေးပေးနိုင်ပါရန်ရေးသားလိုက်ရပါသည်။ 

🥜စစ်မှန် ပြည့်ဝ ဝိစာရ🥜