menu

မိုးဦးရာသီအစမှာ "ပဲစဉ်းငုံ" စိုက်ပျိုးကြပါ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

မြန်မာအမည် - ပဲစဉ်းငုံ

အင်္ဂလိပ်အမည် - Pigeon Pea

သိပ္ပံအမည် - Cajanus cajan

✅မြေအမျိုးအစား မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေ၊ နုန်းမြေစေးတို့တွင်ကောင်းစွာဖြစ်ထွန်းသည်။ မြေချဉ်ငံကိန်း (၅.၅ - ၆.၅) အတွင်းရှိမြေမျိုးတွင်စိုက်ပျိုးရန်သင့်လျော်သည်။

✅မျိုးရွေးချယ်ခြင်း ပဲစင်းငုံတွင်ပင်ပြန့်နှင့်ပင်ထောင်ဟူ၍ အခြေခံမျိုးကြီးနှစ်မျိုးရှိပါသည်။ သက်တမ်းအလိုက်မျိုးများ သတ်မှတ်ထားရှိပါသည်။ (က) သက်ကြီးမျိုး (ကျွဲခြံ၊ ရွှေဒင်္ဂါး) (ခ) သက်လတ်မျိုး (ရေဆင်း-၄) (ဂ) သက်ငယ်မျိုး (ရေဆင်း-၃) တို့ဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းရှိရပါမည်။

✅မြေယာပြုပြင်ခြင်း နွားထယ်နှစ်စပ် (သို့) ၁၆သွားထွန်နှစ်စပ်ထွန်ပါ။ ထယ်ရေးညက်အောင်ထွန်ဖြင့်ထယ်စာခဲခြေပါ။ သက်ကြီးမျိုးအတွက်တန်းကြား x ပင်ကြား ၄ပေခွဲ x ၁ပေ၊ သက်လတ်မျိုးအတွက်တန်းကြား x ပင်ကြား ၃ပေ x ၁ပေ၊ သက်ငယ်မျိုးအတွက်တန်းကြား x ပင်ကြား ၂ပေ x၆လက္မ ထား၍ စိုက်ကြောင်းများစွဲရပါမည်။ စိုက်ကြောင်း ထဲတွင်မြေဆွေးနှင့် ယူရီးယား၊ တီစူပါ၊ ပိုတက်ရှ် မြေဩဇာအရောကိုထည့်ပါ။ စိုက်ပျိုးရန်အသင့်ပြင်ထားရပါမည်။

✅တစ်ဧကအပင်အရေအတွက် တစ်ဧကအတွက်အပင်ဦးရေမှာ သက်ကြီးမျိုးအတွက် ၉,၆၀၀ပင်၊ သက်လတ်မျိုး ၁၄,၀၀၀ပင်၊ သက်ငယ်မျိုး ၄၃,၀၀၀ ပင်ဝင်ဆန့်ပါသည်။

✅စိုက်ပျိုးရမည့်အချိန် သက်ကြီးမျိုး နှင့် သက်လတ်မျိုးကို မေလ နှင့် ဇွန်လတွင်အပြီးစိုက်ပျိုးရန်ဖြစ်ပါသည်။ သက်ငယ်မျိုးကို ဩဂုတ်(၁၅)ရက် မှ အောက်တိုဘာပထမပတ်အတွင်း အပြီးစိုက်ပျိုးရပါမည်။

✅စိုက်ပျိုးခြင်း မျိုးစေ့များကိုအသက်ရက်အလိုက် သတ်မှတ်ထားသည့်အတန်းကြား x ပင်ကြားများအတိုင်း စိုက်တန်း မြောင်းများတွင်ချစိုက်၍ မြေဖုံးပေးရပါမည်။ ပဲစင်းငုံတစ်ဧကအတွက် ယူရီးယား(၂၈)ပေါင်၊ တီစူပါ(၁၀၀)ပေါင်၊ ပိုတက်ရှ်(၁၀၀)ပေါင်၊ ဂျစ်ပဆမ်(၁၀၀)ပေါင် တို့ကိုမြေခံအဖြစ်ထည့်ပေးရပါမည်။ စိုက်ပျိုးပြီးနှစ်ပတ်သားမှစ၍ ပန်းပွင့်ချိန်အထိ အထွက်တိုးရွက်ဖျန်းအားဆေးအရည် (၄-၅)ကြိမ်ဖျန်းပေးပါ။ တန်းကြား၌ ပေါင်း၊မြက်များ ပြောင်စင်အောင်လက်ပေါင်းလိုက်ပေးရပါမည်။ စိုက်ကြောင်းအတွင်းသို့မျိုးစေ့မချမီ မျိုးစေ့ကိုမျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးနှင့်လူးနယ်စိုက်ပျိုးပေးပါ။ သက်ကြီးပဲစင်းငုံမျိုးများစိုက်လျှင် တန်းကြား၌ မြေပဲ၊ နှမ်းလျှင်၊ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ နှံစားပြောင်း တို့နှင့်သီးညှပ်စိုက်ပျိုးနိုင်ပါသည်။ ပဲစင်းငုံမပေါ်မီ ကြားသီးနှံများက နုတ်သိမ်းရသဖြင့် အပိုဝင်ငွေရရှိနိုင်ပါသည်။
 
✅ပိုးမွှား၊ ရောဂါ ကာကွယ်နှိမ်နင်းခြင်း (က) ရောဂါသယ်ဆောင်လာသော စုပ်စားပိုးအမျိုးမျိုးကို ပန်းမပွင့်မီကြိုတင်ကာကွယ်နှိမ်နင်းပါ။ (ခ) သီးတောင့်တွင်ကျရောက်တတ်သည့် သီးလုံးဖောက်ပိုးကို ပန်းမပွင့်မီကြိုတင်ကာကွယ်နှိမ်နင်းပါ။ 

✅ရိတ်သိမ်းခြင်း သီးတောင့်အားလုံး ၇၅ ရာခိုင်နှုန်း အဝါရောင်ပြောင်းလာပါက စတင်ရိတ်သိမ်းနိုင်ပါသည်။ 

🍃စစ်မှန် ပြည့်ဝ ဝိစာရ🍃