menu

မိုးရာသီမှာ "ခရမ်းချဉ်" စိုက်ပျိုးနည်း


🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿

✔️ခရမ်းချဉ်ကို မိုးများတဲ့အရပ်ဒေသတွေမှာ (မိုးရာသီအတွင်း) စိုက်ပျိုးတဲ့အခါ နေအလင်းရောင် နည်းခြင်း၊ ရောဂါ ပိုးမွှားကျရောက်မှုများခြင်း၊ ပေါင်းမြက်ထူ၍ ရေဝပ်ခြင်း စတဲ့ အချက်တွေ ကြောင့် အောင်မြင်မှုနည်းပါးတတ်ပါတယ်။ ဈေးကွက်အားသာချက်ကတော့ မိုးရာသီမှာ ခရမ်းချဉ်သီးတွေက ဈေးကောင်းရရှိတတ်ပါတယ်။ ဒါ့ကြောင့် မိုးရာသီမှာ ခရမ်းချဉ် စိုက်ပျိုးချင်သူတွေအတွက် ခရမ်းချဉ်ပျိုးထောင်ချိန်ကနေ ခူးဆွတ်ချိန်အထိ လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန်တွေကို တင်ပြပေးလိုက်ပါတယ်။

ခရမ်းချဉ်မျိုးစေ့များ စတင်ပျိုးထောင်ခြင်း
------------------------------------
ဘောင်ပေါ်မှာ အစေ့ကို အတန်းလိုက်ဖြစ်စေ ၊ ကြဲပက်၍ဖြစ်စေ ပျိုးထောင်တတ်ကြတာကြောင့် ပြောင်းရွေ့စိုက်ပျိုးဖို့ နှုတ်ယူတဲ့အခါ ပျိုးပင်ရဲ့အမြစ်တွေပြတ်ထွက်တဲ့ ဒဏ်ရာကတဆင့် ဘက်တီးရီးယား ပင်ညိုးရောဂါ၊ အမြစ်ပုပ်မှိုရောဂါတွေ ဝင်တတ်ပါတယ်။

ဒီရောဂါတွေမဖြစ်ပွားရအောင် .....
(၁) အိတ် သို့မဟုတ် ပျိုးဗန်းတွေနဲ့ ပျိုးထောင်ပါ။ ပျိုးစင်ကို မြေပြင်အထက် (၁) ပေခွဲ၊ (၂) ပေ အမြင့်လုပ်ပါ။
(၂) ပျိုးစင်၊ ပျိုးဗန်းအပေါ်ကနေ ပလပ်စတစ်အကြည် မိုးပေးပါ။ နေပြင်းရင် အစိမ်းစ (Sun Shade) ထပ်မိုးပေးနိုင်ပါတယ်။ အပင်ကို ပိုးမွှားမဝင်နိုင်အောင် ဇကာစဖြင့် လုံအောင်ကာပေးပါ။
(၃) အပင်ငယ်စဉ်အချိန် ရေဖျန်းရာမှာ သန့်ရှင်းတဲ့ ဆေးဖျန်းပုံးကို အသုံးပြုပေးပါ။ မနက်နဲ့ ညနေအစောပိုင်းမှာ ရေဖျန်းပါ။ ပျိုးထောင်ထားတဲ့ ပျိုးပင်တွေကိုတော့ (၂၀) ရက်သားလောက်မှာ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပါပြီ။

ခရမ်းချဉ် စိုက်ပျိုးရန် စိုက်ဘောင်ပြင်ဆင်ခြင်း
----------------------------------------
အများအားဖြင့် မြေပြင်မှာ စိုက်ကြတာကြောင့် မိုးများတဲ့အခါ အမြစ်တွေပုပ်ပြီး သေတတ်ပါတယ်။ ဘက်တီးရီးယား ပင်ညိုးရောဂါနဲ့ မှိုကြောင့်ဖြစ်တဲ့ ပင်ညိုး၊ ခါးရိရောဂါ စတာတွေအလွယ်တကူ ဖြစ်ပွားတတ်ပါတယ်။ မြေသြဇာတွေ လေလွင့်ဆုံးရှုံးခြင်း၊ ပေါင်းမြက်ထူပြော၍ ပိုးမွှားတွေ ခိုအောင်းတတ်ပါတယ်။ ဒီအချက်တွေ မဖြစ်ပွားရအောင် ခရမ်းချဉ်စိုက်ဘောင်ကို ပလတ်စတစ် အုပ်၍ စိုက်ပျိုးပါ။

(၁) စိုက်ဘောင်အကျယ် – (၃) ပေ သို့မဟုတ် (၃) ပေခွဲ၊ အမြင့် (၈) လက်မမှ (၁) ပေအထိ ထားပါ။ (စိုက်ဘောင် အရှည်ကို ရေထုတ်ရ လွယ်ကူအောင် ပေ (၁၀၀) အထက် မထားသင့်ပါ)
(၂) ရေထုတ်မြောင်းကို ခြေသွားလမ်းထက် နက်အောင်တူးပါ။ မြေခံ ဓာတ်မြေသြဇာ၊ နွားချေးဆွေး၊ ကြက်ချေးဆွေးနဲ့ ဖွဲပြာတွေကို သမအောင်ရောမွှေ၍ ဘောင်အရှည် (၃) ပေတိုင်းအတွက် (၁၅) ပတ်လည် (၂) ဇွန်း၊ နွားချေး (၁) ပြည်၊ ဖွဲပြာ (၁) ပြည်နှုန်း ထည့်ပါ။ ဘောင်အပေါ်ကို အနံ (၄) ပေရှိတဲ့ ပလပ်စတစ် (ခဲမဲရောင်) ကို အဖြူရောင်အပေါ်မှ အုပ်ပါ။
(၃) ဘောင်နှုတ်ခမ်းမှ (၉) လက်မအကွာမှာ အတန်းလိုက်စိုက်ပါ။ စိုက်တန်း (၂)တန်းရပါမယ်။ တစ်ပင်နဲ့တစ်ပင် (၁) ပေခွဲကနေ (၂) ပေ အထိ ခွာစိုက်ပါ။ ဖိုခနောက်ဆိုင် စိုက်ပျိုးပါ။

မြေသြဇာနှင့် ပိုးသတ်ဆေး သုံးစွဲမှု
------------------------------
(၁) ခရမ်းချဉ်ပင်ကို မိုးရာသီမှာ ပုလဲမြေသြဇာကို အလွန်အကျွံမကျွေးရပါ။ ပန်းပွင့်စအချိန်မှာ ပုလဲကျွေးမိရင် အသီးမတင် ဖြစ်တတ်ပါတယ်။ အသီးတင်ချိန်မှာမှ ပိုတက်ရှ် နဲ့ ပုလဲကို ရောကျွေးပေးပါ။
(၂) မှိုရောဂါကာကွယ်ဆေးအဖြစ် “ဒိုင်ကိုဇက်” ကို (၅) ရက်ခြား အလှည့်ကျဖျန်းပေးပါ
(၃) အပင်ငယ်စဉ် စုပ်စားပိုးများကျရောက်မှုမှကာကွယ်နိုင်ရန် “ကေလာ၊ အေမီဒါ” ဆေးတစ်မျိုးမျိုး ပက်ဖျန်း၍ ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
(၄) သားတက်ဖဲ့ခြင်း၊ အရွက်ရင့်ညှပ်ခြင်းများ ဆောင်ရွက်ပေးပါ။ အချိန်မီ တိုင်ထောင်ခြင်း၊ တန်းလုပ်ခြင်းများကို ဆောင်ရွက်ပေးပါ။

✔️ထိုကဲ့သို့ ပျိုးထောင်၊ ဘောင်အုပ်၊ မြေသြဇာကျွေး၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းများကို စနစ်တကျ ပြုလုပ်ပေးခြင်းဖြင့် မိုးရာသီမှာ ခရမ်းချဉ်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။

🍅စစ်မှန် ပြည့်ဝ ဝိစာရ🍅