menu

မိုးသီးနှံအထွက်တိုးရေး တစ်ဧကအပင်အရေအတွက် ဂရုပြုပေး


🌾🌿🍀☘️🌱🌱☘️🍀🌿🌾

⏭ဒီတစ်ပတ်ဆွေးနွေးပေးချင်တဲ့အကြောင်းကတော့ မိုးရာသီစိုက်ပျိုးမည့်သီးနှံများ အထွက်တိုးရေး အတွက် တစ်ဧကဝင်ဆံ့ရမယ့် အပင်အရေအတွက်ကို သတိပြုကြဖို့ အချက်ကလေးဖြစ်ပါတယ်။

⏭မုတ်သုံဝင်ပြီဆိုတော့ လယ်တွေမှာမိုးစပါးနဲ့ ယာမြေတွေမှာ မိုးယာသီးနှံတွေ ပြင်ဆင်စိုက်ပျိုးနေကြချိန် ဖြစ်ပါတယ်။ မိုးရာသီ ယာသီးနှံအဖြစ် မိုးနှမ်း၊ မိုးပဲတီစိမ်း၊ မိုးအစေ့ထုတ်ပြောင်း၊ မိုးပဲမျိုးစုံ၊ မိုးနေကြာ စတဲ့သီးနှံတွေ အစိုက်များတာတွေ့ရပါတယ်။ မိုးယာသီးနှံကတော့ ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်း ဒေသကြီးတောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး အထက်ပိုင်းနဲ့ အညာဒေသတွေမှာ စိုက်ပျိုးတာ များပါတယ်။ အညာဒေသတွေမှာတော့ မိုးဦးမိုးဖျား ရေ၊ လေကို အမိအရဖမ်းပြီး စိုက်ပျိုးကြရတာ ဖြစ်ပါတယ်။

⏭မိုးစပါးနဲ့ မိုးယာသီးနှံနဲ့ ပါဝင်ပတ်သက်ပြီး တောင်သူလယ်သမားကြီးများ အထူးဂရုပြုစေချင်တာကတော့ တစ်ဧကဝင်ဆံ့ရမယ့် အပင်အရေအတွက် ပြည့်မီအောင်စိုက်ပျိုးကြဖို့ဘဲ ဖြစ်ပါတယ်။ ပြည်ပနိုင်ငံများ ဖြစ်တဲ့ အမေရိကန်၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေမှာဆိုရင် သီးနှံအလိုက် တစ်ဧကဝင်ဆံ့ရမယ့်အပင်အရေအတွက်ကို အထူးအလေးထား ဆောင်ရွက်တဲ့အတွက် အထွက်လည်းကောင်းတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် တစ်ဧက သတ်မှတ်အပင်ဦးရေ ပြည့်မီအောင် တောင်သူလယ်သမားကြီးများ အလေးမထားတာကိုတွေ့ရပါတယ်။

⏭စပါးခင်းဆိုရင် အပင်ကမပြည့်၊ မြေပဲခင်းက ကျိုးတိုးကျဲတဲ၊ နှမ်းခင်းက ကွက်တိကွက်ကြား၊ ပဲခင်းက မပေါက်သည့်နေရာကမပေါက်၊ ပဲတီစိမ်း၊ နေကြာ၊ ပဲမျိုးစုံခင်းတွေဆိုရင်လည်း ကျဲတိကျဲတောက်နဲ့ အလွန်စိတ်မကောင်းစရာပါ။ ဒါကြောင့်လည်း သီးနှံအထွက်နှုန်းတွေ နိမ့်နေတာတွေ့ရပါတယ်။

⏭စပါးသီးနှံဆိုရင် တစ်ဧက တင်းရာကျော်ထွက်ရန် စိုက်ခင်းဆိုရင် သက်လျင်မျိုးဖြစ်ပါက တစ်ဧက ကောက်ကွက် ၁.၅ သန်းမှ ၁.၇ သန်း၊ သက်လတ်မျိုးဖြစ်ပါက ကောက်ကွက် ၁. ၃ သန်းမှ ၀.၅ သန်း၊ သက်ကြီးမျိုးဖြစ်ပါက ကောက်ကွက် ၁သန်း ပြည့်အောင် စိုက်ရမယ်။ အကယ်၍ ကြဲခင်းဖြစ်ပါက တစ်ဧကကောက်ကွက် (၁၅ - ၁၆) သန်းပြည့်ရမယ်။ ကောက်ကွက် ၁,၀၀၀ လျော့တိုင်း တစ်ဧက ၁၀ တင်း လျော့သွားနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။

⏭အစေ့ထုတ်ပြောင်းသီးနှံဆိုရင် တစ်ဧကတင်းရာကျော်ထွက်ရန်အတွက် မိုးရာသီတွင် တစ်ဧက အပင်ဦးရေ ၂၃,၀၀၀ မှ ၂၅,၀၀၀ပင်၊ ဆောင်းရာသီ တစ်ဧက အပင်ဦးရေ ၁၇,၀၀၀ မှ ၂၀,၀၀၀ ပြည့်အောင် စိုက်ရမယ်။ တစ်ဧကမှာ အစေ့ထုတ်ပြောင်း အပင် ၆,၅၀၀ လျော့ရင် အထွက်နှုန်း တင်း (၄၀ မှ ၆၀) အထိ လျော့သွားနိုင်တယ်ဆိုတာကို သတိထားကြရမှာဖြစ်ပါတယ်။

⏭မြေပဲသီးနှံတစ်ဧက တင်းရာကျော်ထွက်ရန် တစ်ဧကသတ်မှတ်အပင်ဦးရေ ရိတ်သိမ်းပင် တစ်သိန်းပြည့် ရရှိအောင် စိုက်ပျိုးရပါမယ်။ မြေပဲအပင် ၁၀,၀၀၀ လျော့သွားရင် တစ်ဧက (၅-၁၀) တင်းထိ လျော့ကျ သွားနိုင်တယ်ဆိုတာ ဂရုပြုကြစေချင်ပါတယ်။ နှမ်းသီးနှံတစ်ဧက တင်း (၂၀-၂၅) တင်းထွက်ရန်အတွက် တစ်ဧကဝင်ဆံ့ရမည့် အပင်ဦးရေ ရိတ်သိမ်းပင်တစ်သိန်းပြည့်အောင် စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ တစ်ဧက နှမ်းအပင် ၅,၀၀၀ လျော့သွားပါက တစ်ဧက အထွက်နှုန်း တစ်တင်းထိခိုက်သွားနိုင်ပါတယ်။ 

⏭နေကြာသီးနှံ တစ်ဧက တင်း ၅၀ အထက်ရရှိရန်အတွက် တစ်ဧကဝင်ဆံ့ရမည့် အပင်ဦးရေ၊ ရိတ်သိမ်းပင် ၂၉,၀၀၀ ပင် ရရှိအောင်စိုက်ပျိုးကြရမှာ ဖြစ်ပါတယ်။ နေကြာရိတ်သိမ်းပင် ၁၀ ရာခိုင်နှုန်းလျော့သွားတိုင်း အထွက် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်ဆိုတာ အလေးအနက်ထားစေချင်ပါတယ်။ ပဲတီစိမ်းသီးနှံ တစ်ဧက (၂၀-၂၅) တင်းထွက်ရှိရန်အတွက် တစ်ဧကဝင်ဆံ့ရမည့် အပင်အရေအတွက် ရိတ်သိမ်းအပင် မိုးရာသီတွင် တစ်သိန်းပင်ရရှိအောင် စိုက်ပျိုးရမှာ ဖြစ်ပါတယ်။ ပဲတီစိမ်း တစ်ဧက အပင် ၄၀,၀၀၀ လျော့သွားပါက ၁၀ တင်းနှုန်းအထွက်ကျသွားနိုင်တယ်ဆိုတာ သတိပြုကြစေချင်ပါတယ်။ 

⏭သို့အတွက်ကြောင့် တောင်သူ လယ်သမားကြီးများအနေနှင့် မိမိတို့စိုက်ပျိုးကြမယ့် မိုးစပါးနဲ့ မိုးယာ သီးနှံများအတွက်ကောင်းစေရန်အတွက် တစ်ဧကသတ်မှတ် ဝင်ဆံ့အပင်အရေအတွက်ပြည့်မီအောင် စိုက်ပျိုးစဉ်အချိန်မှာသာ အထူးအလေးထားဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် ကောင်းမွန်သော မြေယာထွန်ယက်မှု၊ အပင်ပေါက်ကောင်းသောမျိုးကောင်းမျိုးသန့်၊ အစိုဓာတ်မိစေရန် စိုက်ချိန်၊ အပင်မပေါက်၊ အပင်ကျဲသွားသောနေရာများကို ပြန်လည်အပင်ဖာခြင်း စသည့် လုပ်ငန်းစဉ်များကို တိကျသေချာစွာ ဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

Sources : အောင်ဆန်း (စိုက်ပျိုးရေး)

မြန်မာတောင်သူကြီးများ ဂျာနယ်